ကော့ကရိတ်မြို့ပေါ် လက်နက်ကြီးကျလို့ ၁ ယောက်သေ ၊၃ ယောက်ဒဏ်ရာရ

ဇွန် ၂၉ – ၂၀၂၃
GG (VOM)

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊အမှတ်(၂) ရပ်ကွက်၊ ဘိုကုန်းရပ်၊ ဗိုလ်ချုပ်လမ်းနေရာမှာ မနေ့ ဇွန် ၂၈ ရက်ညနေပိုင်းက လက်နက်ကြီးကျလို့ ၁ ယောက်သေဆုံးပြီး ၃ ယောက်အထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးသူက ကော့ကရိတ်မြို့၊ အမှတ် ၃ ရပ်ကွက် နေထိုင်သူ ဦးစိုးမြင့်စိုးဆိုသူဖြစ်ပြီ လက်မောင်း ၊ ဗိုက်ပွင့်ထွက်ဒဏ်ရာတွေနဲ့နေရာမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒဏ်ရာရရှိသူတွေကလည်း အမှတ် ၃ နဲ့ အမှတ် ၂ ရပ်ကွက်က မောင်နေဝင်း ၊ဒေါ်ခင်အေး နဲ့ ဒေါ်ကြူကြူဝင်းတို့ဖြစ်ပြီး အဲ့ဒီအထဲမှာ ဒေါ်ကြူကြူဝင်း က ဗိုက်နဲ့ ဆီးခုံမှာ ထိခိုက်ခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

” မနေ့ ၅ နာရီလောက်မှာ လက်နက်ကြီးကျတာ ၃ချက်​လောက်ကြားလိုက်ရတယ် ၊ ခလရ(၉၇)တပ်ရင်း နားကရပ်ကွက်ကိုကျတာ၊ ဂိတ်နဲ့နီးတယ်၊ ကျတော့ အဲ့ဒီနားမှာ ကားရေးဆေးနေတဲ့ လူပေါ့ ရေပုံးတွေလည်းတွေ့ရတယ် သူ့ကိုထိတာ ၊ ပထမတော့ဒဏ်ရာရတယ်ပေါ့ ပြီးတော့ အဲ့ဒီနေရာမှာပဲသေသွားတယ်။နောက်တစ်​ယောက်က အိမ်ထဲနေတဲ့အမျိုးသမီးထိတယ်။နောက်ထပ်၂ ယောက်ကလည်း လမ်းသွားရင်းထိမိတာလို့သိရတယ်။ဖြစ်ပြီးတော့ ​ရဲနဲ့တပ်လည်း ရောက်လာကြတာတွေ့တယ်။ “လို့ ကော့ကရိတ်မြို့ခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူ ၃ ယောက်လုံးကို ကော့ကရိတ်ဆေးရုံကိုပို့ဆောင်ကာ ကုသမှုပေးနေကြောင်း နဲ့ လက်နက်ကြီးကျရောက်မှုကြောင့် ဆိုင်ကယ်တစ်စီးလည်းမီးလောင်ပျက်စီးခဲ့သလို သေဆုံးသူအမျိုးသားရဲ့ကားလည်း ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးလည်း တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

လတ်တလောမှာတော့ ကော့ကရိတ်မြို့အနီးတစ်ဝိုက် တိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိဘဲ အခုလိုလက်နက်ကြီး ကျရောက်တာဖြစ်ကြောင်း ၊ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တိုက်ခိုက်သလဲဆိုတာကိုတော့ အတိကျမသိရသေးဘူးလို့ ဒေသခံကပြောပါတယ်။

ကော့ကရိတ်မှာအရင်ကလည်း လက်နက်ကြီးကျလို့ လူသေဆုံးတာ ၊ထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေပျက်စီးခဲ့ရတာတွေရှိခဲ့တယ်လို့သိရပါတယ်။

ပုံစာ-သေဆုံးသူရဲ့နာရေးပြုလုပ်နေပုံ
#voiceofmyanmar #VOM #ကော့ကရိတ် #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW