မန္တလေးက သုံးဘီးယာဉ်တွေကို ဆေးဝါ ပြောင်းရမယ့်ကိစ္စ အသနားခံစာတင်မယ်လို့ သိရ

ဇူလိုင် ၄ – ၂၀၂၃
SN (VOM)

မန္တလေးက သုံးဘီးယာဉ်တွေကို ဆေးအဝါရောင် ပြောင်းရမယ့်ကိစ္စကို ဆိုင်းငံ့ပေးဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ အသနားခံစာတင်သွားမယ်လို့ သုံးဘီးယာဥ်မောင်းတွေဆီက သိရပါတယ်။

ဆေးအဝါရောင် မပြောင်းတဲ့ မန္တလေးက သုံးဘီးယာဉ်တွေကို အခု ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်း ကော်မတီ(မြို့တွင်း)က အခုနှစ်၊ မတ်လက ကြေညာထားတာပါ။

အဲ့ဒီ့ ညွှန်ကြားချက်ကို မန္တလေးတိုင်း၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေး လုပ်ငန်းကော်မတီ(မြို့တွင်း)က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ‌မီနီအိုးဝေတွေ ဆေးရောင်ပြောင်းလဲခြင်းကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

“ယာဉ်မောင်းတွေစုပြီး ဒီလထဲမှာ အသနားခံစာတင်ဖို့ လုပ်နေတယ်။ အရောင်မပြောင်းရသေးတော့ အခုက တွေ့တိုင်းဖမ်းနေတာ။ မနေ့ကတောင် မီးပွိုင့်မှာအဖမ်းခံရတာ သုံးသောင်း ပေးခဲ့ရပြီးပြီ။ ဘယ်လိုမှ ညှိလို့မရဘူး။ အခုက ယာဉ်ထိန်းရဲ့တွေကပဲ ဖမ်းတာမဟုတ်ဘူး၊ တခြားလူတွေလည်းပါတော့ အရင်လို ညှိလို့အဆင်မပြေတော့ဘူး။ သူတို့တောင်းသလောက် ပေးခဲ့ရတယ်။ ဒီလိုသာ ခဏခဏအဖမ်းခံနေရရင်လည်း မဖြစ်သေးဘူး”လို့ သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

သုံးဘီးယာဉ်မောင်းသမား အများစုဟာ အုံနာခပေးမောင်းတဲ့သူနဲ့ အရစ်ကျ ဝယ်မောင်းတဲ့သူတွေများပြီး လက်ရှိမှာ တတ်နိုင်တဲ့သူတချို့က ဆေးအရောင်ပြောင်းကြပေမယ့် အခုကာလ စီးပွားရေးကျပ်တည်းမှု အခြေအနေကြောင့် အများစုက မလုပ်နိုင်ကြဘူးလို့ သိရပါတယ်။

“ကျွန်တော်တို့မှာ အခုဆို သုံး၊ လေးသောင်းရဖို့တောင် မနည်းရှာနေရတာ။ အဖမ်းအဆီးကလည်းများတယ်၊ လမ်းတိုင်း၊ နေရာတိုင်းလည်း သွားလို့ရတာမဟုတ်ဘူး။ အဲ့ဒီတော့ ခရီးသည် ပုံမှန်လေးရဖို့က တကယ်မလွယ်ဘူး။ အရင်တုန်းက နှစ်သောင်း၊ သုံးသောင်းဆို မိသားစုစားဝတ်နေရေး အဆင်ပြေတယ်။ အခုက သုံး၊ လေး၊ ငါးသောင်းရရင်တောင် ဒီခေတ်ကုန်ဈေးနှုန်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ဒါကြောင့် ဆေးသုတ်ဖို့အတွက် ကုန်ကျစရိတ်က ဘယ်လိုမှ မစုနိုင်ဘူးဖြစ်နေတယ်” လို့ သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

ညွှန်ကြားချက်ထုတ်တဲ့ မတ်လတုန်းက ဆေးမှုတ်ခမှာ ၁ သိန်းလောက်သာ ရှိပေမယ့် သုံးလကျော်ကြာပြီးနောက် လက်ရှိအချိန်မှာတော့ ၂ သိန်းခွဲ၊ ၃ သိန်းနီးပါးလောက်အထိ ဈေးနှုန်း မြင့်တက်နေတယ်လို့ သုံးဘီးယာဥ်မောင်းတွေက ပြောပါတယ်။

“ဆေးအရောင်ပြောင်းတာ တစ်ခုတည်းတင် မဟုတ်ဘူး၊ တခြားကုန်တာတွေလည်း ရှိသေးတယ်။ ဆေးမှုတ်တာအပြင် အရောင်ပြောင်းအတွက်လည်း ပိုက်ဆံကပေးရဦးမှာ။ အထွေထွေကုန်ကျစရိတ် အားလုံးပေါင်းရင် ခုနှစ်သိန်းနားကပ်သွားပြီ။ ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ။ အခုခေတ် ကုန်ဈေးနှုန်းတွေက နေ့တိုင်းနီးပါးတက်နေတာ။ ခေတ်ကြပ်ကြီးထဲမှာ စားဖို့တောင် မနည်းရှာနေရတာ။ ဒီ ခုနစ်သိန်းကို ဘယ်လိုမှ အပိုမစုနိုင်ဘူးဖြစ်နေတယ်” လို့ နောက်ထပ် သုံးဘီးယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ သုံးဘီးအငှားယာဉ်တွေ ဆေးရောင်ပြောင်းလဲခြင်းအတွက် ဆေးမှုတ်ခ ကျပ် နှစ်သိန်းခွဲ ကုန်ကျတဲ့အပြင် ဆေးရောင် ပြောင်းလဲခြင်းအတွက် ပေးဆောင်ငွေ ခြောက်သောင်းကျပ်မှ ခုနစ်သောင်းကျပ်ဝန်းကျင်ရှိပြီး ယာဉ်သက်တမ်းတိုးခမှာ နှစ်သိန်းခွဲမှ သုံးသိန်းဝန်းကျင်ရှိတာကြောင့် အခြား အထွေထွေ ကုန်ကျစရိတ်တွေနဲ့ဆိုရင် ကျပ် ခုနစ်သိန်းနီးပါး ရှိတယ်လို့ သိရပါတယ်။

အခုလို လူစီးသုံးဘီးအငှားယာဉ်တွေကို ဆေးအရောင် တစ်ရောင်တည်းဖြစ်စေဖို့ သတ်မှတ်ချက် ထုတ်ပြန်ထားတာဟာ မြို့ပြအင်္ဂါရပ်နဲ့အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေဖို့နဲ့ ခရီးသည်တွေ လုံခြုံစိတ်ချစွာ သွားလာမှု အဆင်ပြေစေဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #သုံးဘီယာဉ် #ဆေးရောင်ပြောင်းခြင်းအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW