တရုတ်နယ်စပ် ကူရုံးမြို့ရှိ ငှက်ပျောကွင်းမှာ မြန်မာကားသမား ၅ ဦး ဖမ်းဆီးခံရ

ဇူလိုင် ၁၃၊ ၂၀၂၃
Shy V(VOM)

မြန်မာ – တရုတ် နယ်စပ်၊ ကချင်ပြည်နယ် ကံပိုင်တည်နဲ့ ထိစပ်နေတဲ့ တရုတ်ဘက် ဟေးရီးထန် နယ်စပ် အဝင်/အထွက်ဂိတ်ရှိရာ ကူရုံးမြို့ရှိ ငှက်ပျောကွင်းမှာ မနေ့ ဇူလိုင် ၁၂ ရက် ည ၁၀ နာရီခန့်က မြန်မာကားသမား ၅ ဦး ဖမ်းဆီးခံရကြောင်း ကုန်တင်ကားသမားတွေဆီက သိရပါတယ်။

“တခါတည်း လက်ထိပ်ခတ် ခေါ်သွားတာ၊ တရုတ်ရဲတွေက ငှက်ပျောကွင်းထဲအထိ လာပြီး ဆေးစစ်ကာ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားတာ”လို့ မျက်မြင် ကားသမား ၁ ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကားသမားတွေက ကုမ္ပဏီကား မောင်းတဲ့ ကားသမားတွေ မဟုတ်ဘဲ အုံနာပိုင် ကားမောင်းသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“စပယ်ယာ တစ်ယောက်ရော ဆိုရင် အားလုံး ၅ ယောက်ပါသွားတယ်။ ကျနော်က ဖမ်းခံရသူ တစ်ယောက်ရဲ့ကား လာမောင်းယူပေးတာ မူးယစ်ဆေးနဲ့ ဆက်စပ်တဲ့ပစ္စည်း တခုမှ မတွေ့ဘူးဗျ။ သူတို့ဘက်က အမှုလိုလို့လားတော့ မသိဘူး၊တရုတ်ခြမ်းမှာတော့ မူးယစ်ဆေးဝါး လာသုံးလို့ မရပေမယ့် မြန်မာဘက်က သုံးလာခဲ့တာထင်တယ်”လို့ နောက်ထပ် ကားသမား ၁ ဦး က ပြောပါတယ်။

အဲဒီ ကူရုံး ငှက်ပျော်ခြင်းကွင်းမှာတော့ မြန်မာ ပို့ကုန်ကား အစီး ၂၀ ကျော်ခန့် ရောက်ရှိနေတယ်လို့ သိရပါတယ်။

အရင်တုန်းကတော့ အခုလို ကုန်ကားကွင်းမှာ လာစစ်တာမျိုး မရှိပေမယ့် ပုံမှန်အားဖြင့် တရုတ်ဘက် ဝင်တာနဲ့ ထိန်ချုန်းမြို့မှာ ဆေးသွားစစ်ရတယ်လို့ သူက ရှင်းပြပါတယ်။

“တခါတလေတော့ တရုတ်ရဲတွေ လုပ်တာ ရှိတယ်။ လူဖမ်းရလို့ရှိရင် အစိုးရက ဆုငွေပြန်ပေးတာမျိုး ရှိတယ်။ အမြဲတမ်းမဟုတ်ဘူး။ တခါတလေမှ။ ကျနော်တို့ တရုတ်နယ်စပ်မှာ နေတုန်းကလည်း အဲ့ဒီလိုမျိုး ရှိတယ်။ အဲ့ဒီလိုအချိန်ဆိုရင် တခါမှ မစစ်ဖူးတဲ့ နေရာတွေလည်း လာစစ်တတ်တယ်။”လို့ တရုတ်ဘက် နယ်စပ်မှာ အလုပ်လုပ်ကိုင် နေထိုင်ဖူးတဲ့ အမျိုးသား ၁ ယောက်က ရှင်းပြပါတယ်။

လက်ရှိမှာတော့ ကုမ္ပဏီကား မောင်းသူတွေ မဟုတ်ပေမယ့် ကုမ္ပဏီ တာဝန်ရှိသူတွေက ဖမ်းခံရသူတွေအတွက် တရုတ်ရဲစခန်းတွေမှာ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ကံပိုင်တည် နယ်စပ်ဂိတ်ကနေ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲ၊ ရာဘာ စသဖြင့် စိုက်ပျိုးရေးထွက်ကုန်တွေ အဓိက တင်ပို့ပြီး ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံး အိမ်သုံး ပစ္စည်းများနဲ့ အခြား ကုန်မျိုးစုံကို တင်သွင်းနေတာဖြစ်ပါတယ်။

Photo Crd – ကားသမား ၁ ဦး
#voiceofmyanmar #VOM #ကံပိုင်တည် #ကုန်ကားသမား #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW