ဇူလိုင် ၁၂ – ၂၀၂၃
SN (VOM)
စင်္ကာပူအခြေစိုက် United Overseas Bank (UOB) ဘဏ်အနေနဲ့ Myanmar Airways International (MAI) လေကြောင်းလိုင်းနဲ့ သက်ဆိုင်တဲ့ ဘဏ်စာရင်း ငါးခုစလုံးကို သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။
MAI အမှုဆောင်အရာရှိချုပ် ဆာရာဗန်နန် ရာမာဆာမီ က လက်မှတ်ထိုးပြီး စီးပွားရေး မိတ်ဖက်လုပ်ငန်းတွေဆီ ပေးပို့ခဲ့တဲ့ ဇွန်လ ၂၆ ရက်စွဲပါ ပေးစာတစ်စောင်မှာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်ကစပြီး UOB ဘဏ်ရှိ MAI လေကြောင်းလိုင်းရဲ့ ဘဏ်စာရင်းအားလုံးကို ပိတ်သိမ်းသွားမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
“အခုလို MAI ရဲ့ ဘဏ်အကောင့်တွေ အားလုံး ပိတ်လိုက်ခြင်းဟာ တစ်နည်းအားဖြင့် ခရီးသွားကဏ္ဍ သယ်ယူပို့ဆောင်ရေးကတစ်ဆင့် နစက ရရှိနေတဲ့ နိုင်ငံခြားငွေပမာဏ အများအပြားကို ရပ်တန့်လိုက်တဲ့သဘောပေါ့။ သူတို့ (နစက) က နိုင်ငံခြားငွေကြေး စီးဆင်းမှုကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေ၊ စစ်ထောက်ပံ့ရေး ပစ္စည်းတွေ၊ လောင်စာဆီတွေကို ဝယ်နေတာလေ”လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ့စာမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်ကစပြီး၊ MAI လေကြောင်းလိုင်းရဲ့ ဘဏ်စာရင်းထဲကို ငွေကြေးနဲ့ ချက်လက်မှတ်တွေ ထည့်သွင်းဖို့ ခွင့်ပြုတော့မှာ မဟုတ်တဲ့အကြောင်း ဖော်ပြထားသလို လာမယ့် ဇူလိုင် ၂၁ ရက်မှစတင်ကာ MAI အနေနဲ့ UOB ဘဏ်စနစ်ကို အသုံးပြုပြီး ငွေပေးငွေချေမှုတွေကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ပါရှိပါတယ်။
UOB အနေနဲ့ သြဂုတ် ၁၅ ရက် နောက်ဆုံး သတ်မှတ်ချိန်အပြီးမှာ MAI ဘဏ်စာရင်း ငါးခုစလုံးမှာရှိတဲ့ လက်ကျန်ငွေတွေကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ အသိပေးထားသလို MAI အနေနဲ့ ဒီ ပိတ်ဆို့ကန့်သတ်ချက်တွေကို အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေး အစည်းအရုံးထံမှလွဲပြီး ဆောင်ရွက်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
“မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နှစ်လအကြာမှာ UOB ဘဏ်ကနေ အခုလို ပိတ်သိမ်းလိုက်တာဆိုတော့ ဒါက နိုင်ငံတကာရဲ့ ဖိအားနဲ့လည်းဆိုင်တယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေအပေါ်မှာ စင်္ကာပူအနေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ Due Diligence (နောက်ကြောင်းရာဇဝင် စုံစမ်းထောက်လှမ်းခြင်း) ပြုလုပ်တဲ့အခါမှာ MAI ဘက်က ချို့ယွင်းချက်တွေ ရှိနေတာကြောင့် ဖြစ်နိုင်တယ်” လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
မစ္စတာ တွမ်အင်ဒရူးရဲ့အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က လက်နက်တွေဝယ်ယူရာမှာ စင်္ကာပူဘဏ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတဲ့အကြောင်း ဖော်ပြထားပြီး၂၀၂၁ ခု နောက်ပိုင်း မြန်မာစစ်တပ်က လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံဖိုး တင်သွင်းနေတဲ့အကြောင်း ပါရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် က ပါလီမန် အမတ်တွေရဲ့ မေးခွန်းကို ဖြေကြားရာမှာ စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုကို ပိတ်ပင်ထားတာမရှိဘဲ အရပ်သားပြည်သူတွေကို တိုက်ခိုက်ရာမှာ လက်နက်အဖြစ် အသုံးပြုနိုင်မယ့် ကုန်ပစ္စည်းရောင်းချမှုတွေကိုသာ ပိတ်ပင်ထားကြောင်း ပြောကြားသွားပါတယ်။
လက်ရှိမှာ MAI အနေနဲ့ ၎င်းတို့ရဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းခြင်းမပြုဖို့ တောင်းဆိုခဲ့မယ့်လည်း UOB ဘဏ်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နောင်ပြုလုပ်မယ့် လွှဲပြောင်းစာရင်းနဲ့ MAI လေယာဉ်နဲ့ တင်ဆောင်တဲ့ ကုန်ပစ္စည်းတွေကတစ်ဆင့် သယ်ယူပို့ဆောင်မယ့် ကုန်စည်အမျိုးအစားတွေကို ဖော်ပြနိုင်ဖို့ အထောက်အထား စာရွက်တွေကိုလည်း UOB က မေတ္တာရပ်ခံထားပြီး ပစ္စည်းစာရင်းတွေနဲ့ လုံခြုံရေးကြေညာချက်တွေလိုမျိုး သာဓကတွေကိုလည်း အသိပေးစာမှာ ကိုးကားဖော်ပြထားတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး UOB အနေနဲ့ MAI ရဲ့ ဘဏ်စာရင်းတွေ စောင့်ကြည့်မှုကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ကြေညာထားကာ ငွေပေးချေမှုတွေနဲ့ ငွေကောက်ခံမှုတွေမှာ ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်လို့ အသိပေးထားပြီး MAI ဘဏ်စာရင်းတွေ ပိတ်ရတဲ့အကြောင်းရင်းကိုတော့ အဲ့ဒီ့ အသိပေးစာမှာ ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။
အခုလို ဘဏ်စာရင်းတွေ ပိတ်သိမ်းခြင်းနဲ့ ပတ်သက်လို့ VOM အနေနဲ့ MAI လေကြောင်းလိုင်းကို ဆက်သွယ် မေးမြန်းထားပေမယ့်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။
MAI ကို 24 Hour Group of Companies ဥက္ကဋ္ဌ ဦးအောင်အောင်ဇော် ပိုင်ဆိုင်တာဖြစ်ပြီး အရင်က အဲ့ဒီ့လေကြောင်းလိုင်းဟာ နိုင်ငံပိုင်ဖြစ်တယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန် လက်ထက်မှာ ကမ္ဘောဇ စီးပွားရေးလုပ်ငန်းစုက နိုင်ငံပိုင်လေကြောင်းလိုင်း MAI ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝယ်ယူခွင့်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) နဲ့ MAI လေကြောင်းလိုင်းတို့ကို ကမ္ဘောဇစီးပွားရေးလုပ်ငန်းစုက 24 Hour လုပ်ငန်းစုထံ လွှဲပြောင်း ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
24 Hour လုပ်ငန်းစုပိုင် MAI နဲ့ Air KBZ လေကြောင်းလိုင်းတွေမှာ ခရီးသည်တင်လေယာဉ် အစင်း ၂၀၊ Air Bus လေယာဉ် ၈ စင်း၊ ART 72 လေယာဉ် ၈ စင်းနဲ့ Embraer လေယာဉ် ၄ စီးရှိတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
24 Hour လုပ်ငန်းစုဟာ မြန်မာ့နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် 24 Petroleum ကုမ္ပဏီကိုထူထောင်ခဲ့ပြီး လေယာဉ်ဆီတင်သွင်းခြင်းကို ဆောင်ရွက်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီ့ လုပ်ငန်းစုဟာ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း စတာတွေကို လုပ်ကိုင်နေတဲ့ လုပ်ငန်းစု ဖြစ်တယ်လို့ သိရပါတယ်။
နစကရဲ့ နိုင်ငံခြားငွေကြေး စီးဆင်းမှုတွေကို အရေးယူနိုင်ဖို့အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံအစိုးရမှ အုပ်ချုပ်ရေးအမိန့် ၁၄၀၁၄ (Executive order 14014) ကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဗဟိုဘဏ်နဲ့ အမေရိကန်နိုင်ငံမှာ နစက က စုဆောင်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ပိတ်ဆို့ထားခြင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF) မှ Black List သွင်းထားခြင်း၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံအစိုးရမှ ထပ်မံပြီး အုပ်ချုပ်ရေးအမိန့် ၁၄၀၁၄ (Executive order 14014) ကိုရည်ညွှန်းကာ နစကပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #MAIလေကြောင်းလိုင်းဘဏ်အကောင့် #UOBစင်္ကာပူဘဏ်ပိတ်သိမ်းမယ်