ဇူလိုင် ၁၄ – ၂၀၂၃
GG (VOM)
ပုဂံ ဒေသ တစ်ဖက်ကမ်း ၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ဘုရား အနီးတစ်ဝိုက်က ကျေးရွာတွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးနားရွာအချို့က ဒေသခံအချို့ ထိခိုက်ဒဏ်ရာရတာ ၊သေဆုံးတာတွေအထိရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” ဖလံရွာအထိ တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ အိမ်ခြေ ၃၀ လောက် မီးလောင်တဲ့အထဲပါပြီးပျက်စီးသွားတယ်လို့သိရတယ်။ တိုက်ပွဲက ကြာသပတေးနေ့ကဖြစ်နေတာ။ တိုက်ပွဲဖြစ်နေတော့ အဆက်အသွယ်တွေက ပြတ်နေတယ်။သူတို့မှာဖုန်းကိုင်ချိန်လည်းမရဘူး။ပြေးနေလွှားနေရတာ “လို့ ဖလံအို ရွာသားတစ်ဦးကပြောပါတယ်။
မနေ့က ဇူလိုင် ၁၃ ရက်နေ့ကတည်းက တန့်ကြည်တောင်ဘုရား တဝိုက်က ဆိက္ခဝကျေးရွာအုပ်စု၊ တောင်ယာရွာ ၊ရေနံချပ်၊ ကျွန်းချောင်း ၊ မြစ်ချေ ၊ ဖလံအို ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ကြောင်း ၊ နေအိမ်တွေလည်း မီးလောင်ပျက်စီးဆုံးရှုံးတာတွေရှိနေသလို ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
” တိုက်ပွဲတွေဖြစ်နေတာကြာပြီ၊ အရင်ကတည်းက ခဏခဏပဲ ၊အသံတွေအမြဲကြားရတယ်။ တန့်ကြည်တောင်ဘက်အခြမ်းကပေါ့။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာသူတွေ ပုဂံမှာအများကြီးပဲ။ သူတို့နဲ့နီးစပ်ရာနီးစပ်ရာတွေမှာလာပြီး တိမ်းရှောင်မှီခိုကြတာပေါ့။ “လို့ ပုဂံ ဒေသခံ လူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။
အဲ့ဒီတိုက်ပွဲကြားမှာ ဒေသခံတစ်ယောက် လက်နက်ထိမှန်သေဆုံးပြီး နောက်ထပ်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိကြောင်း ကနဦးသတင်းတွေအရသိရပြီး နောက်ထပ်လည်း သေဆုံးသူ၊ဒဏ်ရာရသူ အများအပြားရှိနိုင်တယ်လို့သိရပါတယ်။
” အဲ့ဒီဘက်မှာက ပြည်သူ့စစ်တွေလည်းရှိတယ်။ အခုဖြစ်တာလည်း ပြည်သူ့စစ်ရွာထဲ ဝင်တိုက်တာလို့ သိရတယ်။အဲ့ဒီမှာအပြန်အလှန် ပစ်ကြတာ၊ အခုထိလည်း ဖြစ်နေတယ်လို့သိရတယ်။မြေပြင်အခြေအနေကတော့ အခုချိန်ထိ အတိအကျဘယ်သူမှသေချာမသိနိုင်ပါဘူး ” လို့ ပုဂံဒေသခံနောက်ထပ် တစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီ စစ်ဖြစ်နေတဲ့ ဧရာဝတီတစ်ဖက်ခြမ်း တန့်ကြည့်တောင်ဘုရားဘက်က ကျေးရွာ စာသင်ကျောင်းတွေလည်း ပိတ်ထားပြီး ဒေသခံတွေက နီးစပ်ရာဘေးလွတ်ရာ ရွာတွေနဲ့ ပုဂံမြို့၊ညောင်ဦးမြို့ပေါ်တွေကို လာရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
အခုလို တန့်ကြည့်တောင်ဘုရားဘက်အခြမ်းမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာတွေလည်း မတွေ့ရသေးဘဲ တိုက်ပွဲကတော့ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။
#voiceofmyanmar #VOM #ပုဂံ #ရွာတချို့မီးရှို့ခံရ #စစ်ရှောင်ပြည်သူများနေ