ဇူလိုင် ၁၅ – ၂၀၂၃
GG (VOM)
မိုင်းဖုန်းဆရာတော်ဟာ မနေ့ ဇူလိုင် ၁၄ ရက် ညပိုင်းက ထိုင်းနိုင်ငံ ၊ချင်းရိုင်းမြို့က ဆေးရုံကို အရေးပေါ်ဆေးကုသဖို့ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။
” ညကအရေးပေါ်ပို့လိုက်ရတယ်လို့ပဲသိရသေးတယ်။အခြေအနေအသေးစိတ်မသိရသေးဘူး။ ဆရာတော်က တာချီလိတ်မှာ ဆိုတော့လေ၊ ကျနော်တို့က ဒီဘက် တောဘက်ရောက်နေတာ ” လို့ ဆရာတော်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
မိုင်းဖုန်းဆရာတော်ဟာ အထူးဒေသ(၄)မိုင်းလား က မိုင်းခန်ဖဝတ်ဂူမှာ အဓိဌာန်မဝင်မီ အခုလ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက မှိုဆွမ်းဟင်းဘုဉ်းပေးမိခဲ့ရာကနေ မူးဝေပျို့အန်တဲ့ ဝေဒနာခံစားခဲ့ရတာကြောင့် ဇူလိုင် ၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ကBangkok Hospital မှာ ဆေးဝါးကုသမှု ခံယူခဲ့ရသေးတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၀ ရက်နေ့မှာ မိုင်းဖုန်းဆရာတော်ဟာ ရောဂါသက်သာတာကြော င့် ထိုင်းနိုင်ငံကနေ တာချီလိတ်မြို့၊မိုင်းဖုန်း(က)ကျေးရွာအုပ်စုက ကျောင်းတိုက်မှာသီတင်းသုံးနေထိုင်ခဲ့တယ်လို့သိရပါတယ်။
” မှိုစားမိပြီးဆေးရုံတက်တာကို ဆရာတော်ကသက်သာတယ်ဆိုပြီး ဒီကိုပြန်လာသတင်းသုံးတယ်၊ အခုက ထပ်ဖြစ်တဲ့သဘောထင်တယ်။ညက ချစ်ကြည်ရေးတံတားကနေ ခေါ်သွားတာလို့ သိရတယ် “လို့ တာချီလိတ် ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီ နောက်မှာ မနေ့ ညကမှ ဆရာတော်ရဲ့ ကျန်းမာရေးအခြေအနေအရ အရေးပေါ်ပို့ဆောင်လိုက်ရတာဖြစ်ပြီး လက်ရှိ မိုင်းဖုန်းဆရာတော် ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ထူးခြားသိရှိရခြင်းမရှိသေးသလို ဆရာတော်နဲ့နီးစပ်သူတွေဘက်ကလည်း သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
#voiceofmyanmar #VOM #မိုင်းဖုန်းဆရာတော် #အရေးပေါ်ဆေးကုသမှု