၀ါရှင်တန်၊ ဇူလိုင်-၁၅-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံမှာ ယခုသီတင်းပတ်ကုန်ပိုင်းအတွင်း ပြင်းထန်တဲ့အပူလှိုင်း ပိုမိုဆိုးရွားလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး နိုင်ငံအနောက်တောင်ပိုင်းတလျှောက်မှာ အပူချိန် သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၄ ရက်နှောင်းပိုင်းမှာ ဖလော်ရီဒါကနေ တက္ကဆက်၊ ကယ်လီဖိုးနီးယားနဲ့ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ်ထိ အပူချိန်သတိပေးချက်ထုတ်ပြန်ထားပြီး အမေရိကန်ပြည်သူ ၁၁၃ သန်း အပေါ် သက်ရောက်မှာဖြစ်ပါတယ်။
တက္ကဆက်ပြည်နယ်မှာ အပူဒဏ်လျော့ပါးစေဖို့ လေအေးပေးစက်တွေ အသုံးပြုမှုများပြားတာကြောင့် လျှပ်စစ်ဓါတ်အား သုံးစွဲမှုဟာ ပြည်နယ်ရဲ့ယခင်စံချိန်ကို ချိုးဖျက်ခဲ့ပြီး ဒေသခံ ၂၇ သန်းဟာ လာမယ့်ရက်တွေအတွင်း အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပါတယ်။
ရာသီဥတုဖောက်ပြန်မှုနဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်တွေကြောင့် ကမ္ဘာ့အပူချိန်မြင့်တက်စေပြီး၊ ကာဗွန်ထုတ်လုပ်မှုကို ထိရောက်စွာလျှော့ချနိုင်ခြင်းမရှိပါက အပူချိန်တွေ ဆက်လက်မြင့်တက်နေမှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။
အမေရိကန်မှာ အပူနဲ့ဆက်စပ်နေတဲ့ အကြောင်းရင်းတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၇၀၀ သေဆုံးနေကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ထုတ်ပြန်ထားပါတယ်။
Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်