စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် အကြီးစားစစ်ရေးလေ့ကျင့်မှု ထိုင်၀မ်စစ်တပ် ဖျက်သိမ်း

တိုင်ပေ ၊ ဇူလိုင်-၂၅-၂၀၂၃
မျိုးဆက်(VOM)

ထိုင်၀မ်းကျွန်းကို လေးနှစ်အတွင်း အပြင်းထန်ဆုံးသော စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် အကြီးစားစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ထိုင်၀မ်စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း ဒေါ့ခ်ဆူရီဟာ လေတိုက်နှုန်း တနာရီကို ၁၄၉ မိုင်နှုန်းထိ အင်အားကောင်းလာပြီး ထိုင်၀မ်နဲ့ ဖိလစ်ပိုင်ကို ပိုင်းခြားထားတဲ့ရေပြင်ကို ဦးတည်နေပါတယ်။

ဇူလိုင် ၂၄ ရက်က စတင်ပြုလုပ်ခဲ့တဲ့ နှစ်စဉ်ပြုလုပ်မြဲ ဟန်ကောင်စစ်ရေးလေ့ကျင့်မှုဟာ တရုတ်နိုင်ငံက တိုက်ခိုက်လာမယ်ဆိုရင် ထိုင်၀မ်စစ်တပ်အဆင့်သင့်အနေအထားရှိမှုကို အကဲဖြတ်လေ့ကျင့်မှုဖြစ်ပါတယ်။

နောက်ထပ် (၅)ရက်ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်ကို ကျန်နေ့တွေမှာ ဆက်လက်လုပ်ဆောင်ခြင်းပြုမပြု ရှင်းလင်းစွာမသိရသေးပါဘူး။ ယခုနှစ်အတွင်း ပစိဖိတ်အနောက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းတွေအဖြစ်များပေမယ့် ၂၀၁၉ ခုနှစ်ကစပြီး ထိုင်၀မ်ကျွန်းကို ၀င်ရောက်မှုမရှိခဲ့ပါဘူး။

ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ စူပါတိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်နိုင်တယ်လို့ ထိုင်၀မ်အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာလည်း တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာချိန်မှာ မြောက်ပိုင်း ကာဂါယန်ပြည်နယ်မှာ စာသင်ကျောင်းနဲ့ ရုံးတွေပိတ်ထားပြီး မုန်တိုင်းအန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW