ဇူလိူင် ၂၅ – ၂၀၂၃
GG (VOM)
မိုင်းခွဲခံရလို့ ပျက်စီးခဲ့ရတဲ့ ကျိုက်ထီးရိုးဆံတော်ရှင် တောင်တက်ကားလမ်း လေးဖာတောတံတား ပြန်လည်ပြုပြင်ပြီးဖြစ်တာကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်း ပြန်ပွင့်လို့ ဘုရားဖူးကားတွေ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွား တောင်တက်ကားလမ်းပေါ်က လေးဖာတော တံတားဟာ ဇူလိူင် ၆ ရက် ၊ ညနေ ၃ နာရီခွဲလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက် ရက် ၂၀ အကြာမှသာ ပြန်လည်ပြင်ဆင်ပြီး ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။
” ဟုတ်ပါတယ် ပြင်ပြီးပါပြီ၊ ကားတွေ ပုံမှန်အတိုင်း ဖြတ်သန်းလို့ရပါပြီ။အရင်ရက်ကလည်း ရတယ်ဆိုပေမယ့် အခုက အားလုံးရပြီ။ ယိုးဒယားဘက်ကလည်း ဘုရားဖူးတွေဝင်နေပါတယ်။ “လို့ မွန်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒါ့ကြောင့် လက်ရှိမှာ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းကို ပုံမှန်အတိုင်း ကားတွေသွားလာဖြတ်သန်းခွင့်ရရှိပြီဖြစ်တာကြောင့် ဘုရားဖူးကားတွေ လည်ပတ်နေကြပြီဖြစ်တယ်လို့ ပြောပါတယ်။
တောင်တက် တံတား ဖျက်စီးမခံရခင်က ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာတဲ့ ခရီးသည်က နေ့စဥ် ကားအစီးရေ ၁၀ စီးကနေ ၂၀ လောက် ရှိကြောင်း ထိုင်းခရီးသွားဧည့်သည်တွေလည်းရှိတယ်လို့ သိရပါတယ်။
အလားတူ ဇွန် ၂၉ ရက် မနက် ၄ နာရီကျော်လောက်ကလည်း မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် ၊ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲခံရပြီး တံတားပျက်စီးသွားခဲ့လို့ အဲ့ဒီ တံတားကိုလည်း လက်ရှိမှာ ယာယီ ဘေလီတံတားထိုး တည်ဆောက်မှုလုပ်နေတယ်လို့ သိရ ပါတယ်။
ပျက်စီးတံတားကို လာစစ်ဆေးတဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့လည်း အဲ့ဒီနေ့မနက်မှာပဲ မိုင်းခွဲခံရကာ ခရိုင်လမ်းဦးစီးဌာနက ညွှန်ကြားရေးမှူးအပါအဝင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်း ၂ ဦး၊ တံတားဦး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး၊ စစ်သားတပ်ကြပ်ကြီး ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးတို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ ယောက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ပျက်စီးသွားတဲ့ ကျုံအိတ်တံတား တခြမ်းကို တာဝန်ရှိသူတွေက ယာယီ ဘေလီတံတားထိုးနေစဥ်မှာလည်း ဇူလိုင် ၂၃ ရက် အထိ ဒရုန်းဗုံး နဲ့ ၇ ကြိမ်ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရတာကြောင့် တံတားတည်ဆောက်မှုက ရာနူန်းပြည့် မပြီးနိုင်သေးဘူးဖြစ်နေတယ်လို့သိရပါတယ်။
လက်ရှိမှာ တံတားတည်ဆောက်မှုအတွင်း Dron Guard တွေတပ်ဆင်ထားတယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #ကျိုက်ထီးရိုး #တောင်တက်လမ်းပြန်ဖွင့်