လားရှိုးနဲ့ကျောက်မဲမှာ ဒီနေ့ပေါက်ကွဲမှုတွေဖြစ်လို့ သေဆုံးထိခိုက်တွေရှိ

ဩဂုတ် ၆၊ ၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ Sunny Hotel နဲ့ ကျောက်မဲမြို့၊ရပ်ကွက် ၁ ရုံးမှာ ဒီနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး စည်ပင်ဦးစီးနဲ့ EPC ဝန်ထမ်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ‌များခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လားရှိုးမြို့ သိန်းထိုက် ရုပ်ရှင်ရုံအနီးက Sunny Hotel ကားပါကင်မှာ ဒီနေ့ မနက် ၁၀ နာရီ ခွဲခန့်က ဗုံးပေါက်ကွဲမှူဖြစ်ပြီး ကား ၁ စီး မီးလောင်သွားကာ ကားပါကင်နားက လူ ၁ ဦး ခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

“အိမ်နားမှာပဲ။ ကားပါကင်က ဆိုင်ကယ်ပေါ်က ပေါက်တာ။ ဆိုင်ကယ်နားက ကားကတော့ မီးလောင်သွားတယ်။ အဲ့ဒီနား ထိုင်နေတဲ့ တယောက်ပဲ နည်းနည်းထိတာ။ လူတော့ မရှိဘူး၊ CCTV မှာတွေ့တာ အင်္ကျီအမည်းနဲ့လူတယောက် ဗုံးလာထားသွားတာ ဆိုင်ကယ်ပေါ်ကို”လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ကျောက်မဲ ရပ်ကွက် ၁၊ မြို့တော်ခန်းမရဲ့အနောက်ဘက်က ၁ ရပ်ကွက်ရုံးမှာ အစည်းအဝေးလုပ်နေချိန် ဒီနေ့ မနက် ၁၁ နာရီ ဝန်းကျင်က ဗုံးပစ်ခံရလို့ စည်ပင်ဦးစီးနဲ့ EPC ဝန်ထမ်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ‌များခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ထပ်ဒေသခံ ၁ ဦးကလည်း “ဆုံးတာတော့ ၂ ယောက်။ ရာထူးကြီးပိုင်းရှင့်၊ ဗုံးပေါက်ကွဲစ ထိမှန်သူတွေတော့များပေမယ့် အပြင်လူ ဝင်ခွင့်မရှိတာကြောင့် အတိအကျတော့ မသိရဘူး”လို့ ပြောပါတယ်။

ကျောက်မဲမြို့ စည်ပင်သာယာဦးစီးမှူးနဲ့ နမ္မတူမြို့နယ်က လျှပ်စစ်ရုံးဝန်ထမ်း ၁ ဦးတို့ သေဆုံးခဲ့ပြီး ရပ်ကွက်ဥက္ကဌကတော့ လက်မှာ ဒဏ်ရာထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းကလည်း လားရှိုးဈေးကြီးရှိ ဇွဲထက်ရွှေဆိုင်မှာ ‌ဗုံးပေါက်ကွဲပြီး ၁ ဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းက ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း၊ ဇီးပင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကား ၁ စီးပျက်စီးကာ သေဆုံးဒဏ်ရာရတာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

Photo Crd – CJ
#voiceofmyanmar #VOM #လာရှိုး #ကျောက်မဲ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW