ဩဂုတ် ၇၊ ၂၀၂၃
Shy V(VOM)
ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ဒီနေ့ ဩဂုတ် ၇ ရက် ညနေပိုင်းက မြေထပ်မံ ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
“ထပ်ပြိုတယ်ဆိုတာ အဲဒီ ပြိုတဲ့နေရာကိုပဲ ထပ်ပြိုဆင်းသွားတာကို ပြောတာဗျ။ ရေက တိုက်စားလာပြီးတော့ ထပ်ပြိုကျသွားတာပေါ့။ ၁၀ ပေ၊ ၁၂ ပေ လောက် ထပ်ပြိုဆင်းသွားတယ်။”လို့ ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးနဲ့ လူမှုအထောက်အကူပြုအဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက VOM ကို ပြောပါတယ်။
ဒီကနေ့ ဩဂုတ်လ ၇ ရက် မနက်အစောပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အာရှလမ်းကြီးရဲ့ ပေပေါင်း ၁၀၀ ကျော် ပြိုကျမှု ြဖစ်ပွားခဲ့တာလို့ သိရပါတယ်။
“ကားတစ်စီး လျှောပါသွားတာ အဲ့ဒါ တစ်နေရာ။ နောက် တစ်နေရာ တစ်ခု။ နှစ်နေရာ ဖြစ်တာဗျ။ တောင် မြေကြီး ကျွံကျသွားတာက တောနော်ရေတံခွန်နားမှာ။ တောင်ပြိုတာတော့ ဘယ်နားမှာလဲမသိဘူး ကျနော်တို့က။”လို့ ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးနဲ့ လူမှုအထောက်အကူပြုအဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရှင်းပြပါတယ်။
ဒီမနက်ပိုင်းက အာရှလမ်းသစ်ဘက်၊ တောနော် ရေတံခွန် အတက် နဲ့ ရင်ကွဲတောင်ကြား နှစ်နေရာမြေပြိုမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အခု ညနေပိုင်းမှာလည်း မြဝတီ တောင်ပေါ် လမ်းဟောင်းဘက်က တံတားကျိုးရွာအနီးမှာ ရေတိုက်စားမှုဖြစ်ပြီး တံတားတစ်စင်း အောက်ကိုနိမ့်ကျနေတာကြောင့် သွားလာလို့ မရဘူးလို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
နယ်စပ်ကုန်သည် ၁ ဦးကတော့ “အာရှလမ်းမှာ ပြိုတာက တခြားသွားစရာလမ်း မရှိပါဘူး။ သူတို့ အမြန်ဆုံး လာပြီးတော့ ဘေးကနေ ပြီးတော့ မြေသားလမ်းတော့ လာဖောက်မှာပေါ့။ ရပ်လို့မှ မရတာ”လို့ ပြောပါတယ်။
မိုးလေဝသ နဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနကတော့ မြေပြိုကျနိုင်မှု သတိပေးချက်အနေနဲ့ နောက်ထပ် ၃၆ နာရီအတွင်း မိုးအများဆုံးဒေသဖြစ်တဲ့ သာမည ၊ တာပေါင်ကျောက်တောင် ၊ ဟိန္ဒု ၊ နောင်လုံ ၊ ကော့ကရိတ် ၊ ဗျက်ခ ၊ ပိုင်ကျုံ ၊ ကြက်တူရွေး ၊ ဒေါလမ်း ၊ ကျုံးဒိုး ၊ ထီလုံ ၊ လှိုင်းဘွဲ့ ဒေသတွေမှာ မိုးရေချိန် အများဆုံးတွေ့ရပြီး ရက်ရှည်မိုးဆက်တိုက်ကြီးလာတဲ့အခါ တောင်ကြားမြေဆီလွာများ ရေစိမ့်ဝင်မှု များပြားပြီး မြေများပျော့ပျောင်းသွားနိုင်တာကြောင့် စိုးရိမ်ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မြဝတီ – ကော့ကရိတ်လမ်းပိုင်းမှာ မနေ့ ဩဂုတ် ၆ ရက်ကလည်း တောနော်ရေတံခွန်အနီး မိုင်တိုင် ၁၅၄ နဲ့ ၁၅၅ ကြားမှာ တောင်နံရံပြိုကျမှုကြောင့် ၃ နာရီကျော်ကြာ ကားလမ်းပိတ်ဆို့ခဲ့တယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
Photo Crd – Ko Saw
#voiceofmyanmar #VOM #မြဝတီ #အာရှလမ်း #လမ်းမြေပြိုကျမှု