ရာသီဥတုဖောက်ပြန်မှု ၊ သဘာဝဘေးနဲ့ လူသားတို့ရဲ့ တာဝန်

မျိုးဆက်(VOM)
သြဂုတ်-၁၇-၂၀၂၃

ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုနဲ့ဆက်နွယ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် နှစ်စဉ်နှစ်တိုင်း လူထောင်ပေါင်းများစွာ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို နှစ်စဉ်ဒေါ်လာ ဘီလီယံများစွာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ကမ္ဘာ့ရာသီဥတုအခြေအနေဟာလည်း ၁၉၈၀ ပြည့်နှစ်အလွန်နှစ်တွေနောက်ပိုင်း သိသိသာသာ ပိုမိုဆိုးရွားလာခဲ့ပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ မိုးခေါင်းမှု၊ ရေကြီးမှု၊ အအေးလွန်ကဲမှု၊ ပြင်းထန်တဲ့မုန်တိုင်းတိုက်ခတ်မှု၊ တောမီးလောင်ကျွမ်းမှုစတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပြောင်းလဲလာမှုရဲ့ နောက်ဆက်တွဲဒဏ်တွေကို လူသားတွေ ရင်ဆိုင်နေရပါတယ်။

မကြာသေးမီအချိန်က ပါကစ္စတန်မှာဖြစ်ပွားခဲ့တဲ့ရေဘေးကြောင့် လူထောင်ပေါင်းများစွာသေဆုံးပြီး ဒေါ်လာဘီလီယံများစွာ ဆုံးရှုံးခဲ့ရသလို လက်ရှိအချိန်ထိလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအတော်များများမှာ ပြင်းထန်တဲ့အပူလှိုင်းတွေဖြတ်ခဲ့ပြီး တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေကိုပါ ကြုံတွေ့ခဲ့ရကာ အမေရိကန်နိုင်ငံ ဟာဝိုင်အီမှာ လက်ရှိလောင်ကျွမ်းနေတဲ့ တောမီးကလည်း နှစ်ပေါင်း ၁၀၀ အတွင်း ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ပါတယ်။

ဒီလိုသဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး၊ လူမှုဘဝ၊ ကျန်းမာရေး၊ ပညာရေး ထိခိုက်ဆုံးရှုံးမှုတွေကို ပြန်လည်ထူထောင်ဖို့အတွက်ကိုလည်း နှစ်စဉ် ဒေါ်လာဘီလီယံရာပေါင်းများစွာ ကုန်ကျနေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာကြီးရဲ့အပူချိန်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပူချိန်ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်တွေရဲ့ သတိပေးမှုတွေက ယခုနှစ်တွေအတွင်းမှာ မကြာခဏဆိုသလို ထွက်ပေါ်လာနေပါတယ်။

ပါရီရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်အရ ကမ္ဘာကြီးရဲ့ ပျှမ်းမျှပူနွေးမှုအဆင့် (အပူချိန်)၁ ဒသမ ၅ ဒီကရီစင်တီဂရိတ်ထိ ထိန်းသိမ်းထားဖို့ သဘောတူထားပေမယ့် ယခုနှစ်ကနေ လာမယ့် ၂၀၂၇ ခုနှစ်အကြားမှာ ဒီကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြေ ၆၆ ရာခိုင်နှုန်းထိရှိကြောင်း သုတေသီတွေကလည်း ဆိုထားကြပါတယ်။

ဒါဟာ ရုပ်ကြွင်းလောင်စာအသုံးပြုမှုနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ထုတ်လွှတ်မှု အရှိန်မမြင့်သေးတဲ့ ၁၉ ရာစု အလယ်ပိုင်းအချိန်ကထက် အပူချိန်အလွန်မြင့်တက်လာပြီဆိုတဲ့ စိုးရိမ်ဖွယ်ရာ အရိပ်လက္ခဏာဖြစ်ပါတယ်။

အပူချိန်သတ်မှတ်ပမာဏထက် ကျော်လွန်လာပြီဆိုရင်တော့ ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ တောမီးလောင်ကျွမ်းတာမျိုး သဘာဝဘေးတွေ ကြုံတွေ့ရနိုင်ပြီး ပိုမိုဆိုးရွားတဲ့ သဘာဝဘေးတွေနဲ့ပါ လူသားတွေ ရင်ဆိုင်ရနိုင်ပါတယ်။

မကြာသေးမီကာလအတွင်း ပစိဖိတ်သမုဒ္ဒရာမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် စတင်နေပြီဖြစ်ပြီလို့လည်း သိပ္ပံပညာရှင်တွေက မကြာသေးမီက အတည်ပြုလိုက်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့အပူချိန်တွေ တိုးလာဖွယ်ရှိကြောင်း သတိပေးလိုက်ပြီဖြစ်ပါတယ်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံးနှစ်ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့ရာသီဥတုကို ထိခိုက်စေပြီး သြစတြေးလျမှာ မိုးခေါင်ခြင်း၊ အမေရိကန်တောင်ပိုင်းမှာ မိုးပိုလာခြင်းနဲ့ အာရှဒေသ အိန္ဒိယနိုင်ငံတို့မှာ မုတ်သုန်လေအား လျှော့နည်းခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ လာမည့်နွေဦးထိ ကြာမြင့်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ သက်ရောက်မှု လျော့နည်းသွားမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အယ်လ်နီညိုစတင်ခြင်းရဲ့ သက်ရောက်မှုတွေဟာ လအနည်းငယ်နောက်ကျနိုင်ပေမယ့် ကမ္ဘာတဝန်းလုံး ခံစားရမှာဖြစ်တယ်လို့ဆိုပါတယ်။

လာမယ့်နှစ်အနည်းငယ်အတွင်း အပူချိန်ကန့်သတ်ချက်ကို ချိုးဖျက်သွားခဲ့မယ်ဆိုရင်လည်း ဒါဟာ ပါရီသဘောတူညီချက်ပါ ကန့်သတ်ချက်ကို အမြဲကျော်လွန်သွားတာမဟုတ်သေးဘဲ ဓါတ်ငွေ့ထုတ်လုပ်မှုတွေကို သိသိသာသာလျှော့ချတာမျိုးနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ကန့်သတ်ဖို့ အချိန်ရှိသေးကြောင်း သိပ္ပံပညာရှင်တွေက ယုံကြည်နေပါတယ်။

ဒါပေမယ့်လည်း အဲဒီလို အပူချိန်ကန့်သတ်ချက်ကို ကျော်လွန်မှုတွေ ကြိမ်ဖန်များစွာဖြစ်လာပြီဆိုရင်တော့ လူသားတွေအတွက် ဘေးအန္တရာယ်ကြီးလာနိုင်တဲ့ သတိပေးခေါင်းလောင်းသံဖြစ်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာအစိုးရတွေအနေနဲ့ သစ်တောပြုန်းတီးမှု တိုက်ဖျက်ရေး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်း၊ ရုပ်ကြွင်းလောင်စာနေရာမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အစားထိုးအသုံးချရေးလို မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့်ချမှတ်ကျင့်သုံးသင့်ပြီး လူသားတွေကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာရေးဟာ လူသားတိုင်းရဲ့ ပုခုံးပေါ်မှာ သမိုင်းပေးတာဝန်တရပ်အနေနဲ့ မဖြစ်မနေ ထမ်းရွက်သင့်တဲ့ အခြေအနေဆိုက်ရောက်နေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေက လောဆော်တိုက်တွန်းထားကြပါတယ်။

Ref: AP/UPI
#Voiceofmyanmar #VOM #သဘာဝဘေး # ရာသီဥတုပြောင်းလဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW