ရွှေဘို – မြစ်ကြီးနားလမ်းမှာ သွားလာနေရင်း ပျောက်ဆုံးသွားတဲ့ ကားအစီးရေ ၄၀ ကျော်ရှိနေ

သြဂုတ် ၂၁ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နဲ့ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ကို ဆက်သွားထားတဲ့ ကားလမ်းမှာ သွားလာနေရင်း ပျောက်ဆုံးသွားတဲ့ ကုန်တင်ကားနဲ့ အိမ်စီးကားတွေ အစီးရေ ၄၀ ကျော် ရှိသွားပြီလို့ ရွှေဘိုမြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က ကန့်ဘလူမြို့ကနေ မြစ်ကြီးနားဆီထွက်တဲ့ ဘကြီးအောင် ကုန်စည်ပို့ဆောင်ရေးဂိတ်က ကုန်တင်ကား ၂ စီး ၊ ရွှေဘို – မြစ်ကြီးနား ကားလမ်း ၊ ကန့်ဘလူမြို့နယ် ၊ ဟင်သော်ကျေးရွာနားက ဘူကြီးတဲတိုက် နေရာနားမှာ အဲ့ဒီကား ၂ စီးလုံးပျောက်သွားတယ် ၊ Canter အမျိုးအစား ကားတွေဖြစ်တယ် ၊ ကားပေါ်မှာ ကုန်ပစ္စည်း သိန်း ၃၀၀ ကျော်ဖိုးဆီပါသွားတယ် ၊ ကုန်ဖိုး ၂ စီးပေါင်း သိန်း ၆၀၀ ကျော်တယ် ၊ ကားသမားနဲ့ စပယ်ယာတွေကိုလည်း ဆက်သွယ်မရဘူး ၊ မြင်လိုက်ရသူတွေ အပြောအရ အမည်မသိ လက်နက်ကိုင် အဖွဲ့က ကားတွေရော လူတွေပါ ဖမ်းဆီးခေါ်ဆောင်သွားတယ် “လို့ ကန့်ဘလူမြို့ခံတယောက်​က ပြောပါတယ်။

ရွှေဘိုမြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင် တယောက်က ” ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာ ဓာတ်ဆီ ဘောက်ဆာကားတွေ ၊ ဘိလပ်မြေအိတ်သယ်တဲ့ကားတွေ ၊ အိမ်ဆောင်ပစ္စည်းသယ်တဲ့ကားတွေ ၊ စက်သုံးဆီ သယ်တဲ့ကားတွေ ၊ အခြားကုန်တင်ကားတွေနဲ့ အိမ်စီးကားတွေ လုယူ ဓားပြတိုက် ပျောက်ဆုံးသွားတာ အစီး ၄၀ ကျော်ရှိပြီ ၊ ကားတွေလည်း ပြန်မရဘူး ၊ ကားသမားတွေလည်း တချို့ အသတ်ခံရတယ် ၊ အဲ့ဒီလို သေဆုံးရတဲ့အထဲမှာ လူ၂၀ ကျော်ရှိတယ် ၊ ရွှေဘိုက အမျိုးသမီး တရားလွှတ်တော် ရှေ့နေ တယောက်လည်း ပါတယ် ၊ အင်းတော်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစီးနဲ့အဖွဲ့ မုံရွာကို ကိုဗစ်ဆေးထုတ်ယူဖို့အလာ ကားရော လူပါ ဒီကနေ့ထိတိုင် ပျောက်ဆုံးနေတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ခံ ကားသမားတယောက်ကလည်း “ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာ ရွှေဘိုနဲ့ စပယ်နံ့သာကြားလမ်းပိုင်း ၊ စပယ်နံ့သာနဲ့ ဇင်းကျေးရွာ လမ်းပိုင်း ၊ အင်းတော်နယ်ဆိုရင် နတ်မဟုတ်ကြီး စတဲ့နေရာတွေမှာ သွားလာရင်း ကားတွေပျောက်ဆုံးရတာပါ ၊ အဲ့ဒါကြောင့် မြစ်ကြီးနား – မန္တလေး ကားတွေက အင်းတော် ၊ ထီချိုင့် လမ်းကနေတဆင့် ဗန်းမော် ၊မန္တလေးကားလမ်းအတိုင်း ပြေးကြတယ် ၊ ရွှေဘို မြစ်ကြီးနား ကားလမ်းကိုရှောင်ကြတယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ရွှေဘို – မြစ်ကြီးနား လမ်းမှာ ကားအစီး ၄၀ ကျော် ၊ မုံရွာ – မန္တလေးလမ်းမှာ ကားအစီးရေ ၁၀ စီးကျော် ၊ တန့်ဆည် – ကလေးဝ လမ်းမှာ ကား ၇ စီး ၊ ပင်လည်ဘူး – ဟုမ္မလင်း လမ်းမှာကား ၅ စီး ၊ ကလေး – ဂန့်ဂေါလမ်းမှာ ကား ၈ စီး စတဲ့ ကားတွေဟာ သွားရင်းလာရင်း ပျောက်ဆုံးနေတာ အခုထိ ပြန်မရဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #မြစ်ကြီးနားလမ်းပိုင်း #ကားပျောက်ဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW