မြင်သူအဆင်ပြေ၊ ကျုံးနဲ့ကြာရေ

ဆူးငှက်
 
မြန်မာပြည်မှာက လှည်းကို ကျေးလက်မှာသာ သုံးကြတာ မဟုတ်ပါဘူး။ မြို့ပြမှာလည်း သုံးကြပါသေးတယ်။ မန္တလေးက ဧရာဝတီမြစ်ကမ်းဘေး ဆိုပေမယ့် တစ်လျှောက်လုံး ကျွမ်းဝင်ခဲ့တာက လှည်းတွေပါပဲ။ လှည်းဆိုတာ ကျေးလက်မှာ သယ်ယူပို့ဆောင်ရေးအတွက်သာမက မိသားစု အဆောင်အယောင်အနေနဲ့လည်း အသုံးဝင်ပါတယ်။ အိမ်နဲ့ယာခင်း ကုန်စည် သယ်ပို့အပြင် တစ်ရွာနဲ့တစ်ရွာ အကူးအသန်းမှာလည်း ‘လှည်း’နဲ့ပါပဲ။ အဆောင်အယောင်ဆိုတာက ရွာဦးကျောင်းဆရာတော် သာရေးနာရေး သွားလာတော့ ပန်းပုရုပ်လုံး လှည်းဦးကင်း၊ ရွှေပိန်းချ လှည်းအိမ်၊ လှည်းယဉ်ကျော့နဲ့ လှပေ့ကြာ့ပေ့ဆိုတဲ့ တစ်ရှဉ်းနဲ့ပါပဲ။ သာမန် ရွာသူရွာသားကတော့ ကုန်တင် လှည်းကြမ်းပေါ် စုပြုံတက်ပြီးပျော်ပျော်ပါးပါး သွားလာကြတာပါ။
 
တစ်ချိန်က ဒုတိယမြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမှာ လှည်းတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးစု မတိုင်မီကလောက်ထိ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်ဝန်းကျင် ကျွန်တော်တို့ ငယ်ငယ်က ဆိုရင်ပဲ မန္တလေးရဲ့ ကုန်စည်ပို့ဆောင်ရေးတွေမှာလည်း အဓိကအသုံးပြုတဲ့ ယာဉ်ပါပဲ။ အနောက်မြစ်ဆိပ်က ကုန်တွေ ဈေးချိုလို၊ မြို့ထဲဈေးတွေကို ပို့ပေးတာ လှည်းတွေပါ။ တစ်ခါ အနောက်ကျွန်းတွေထဲက ဟင်းသီးဟင်းရွက်တွေ၊ သီးနှံတွေကို မနက်မိုးမလင်းမီကတည်းက မြို့ထဲဆီ လှည်းတွေနဲ့ တအီအီ ပို့ပေးတာ နေ့စဉ်ပါပဲ။ ပဲစိမ်းစားဥလှည်းကြီးတွေများ တစ်သီကြီးဖြတ်သွားရင် ကျွန်တော်တို့ ကလေးတွေက လှည်းအောက်က ခိုပြီးလိုက်ကြတယ်။ သဘောကောင်းတဲ့ လှည်းသမားကတော့ လှည်းပေါ်က ပဲစိမ်းစားဥ တစ်တွဲနှစ်တွဲ ပစ်ချပေးခဲ့တာပေါ့။
 
မန္တလေးရဲ့ စီးပွားရေး အသည်းနှလုံးဖြစ်ခဲ့တဲ့ ဈေးချိုတော်ကြီးရဲ့အနောက်ဘက် ရွှေတချောင်းဘေး (ယခုဈေးချိုပလာဇာ အနောက်ဘက်နေရာ)ဟာ ဧရာမ လှည်းဝိုင်းကြီး ရှိခဲ့တဲနေရာပါ။ ၈၆လမ်း၊ ၂၆လမ်းနဲ့ ၂၇လမ်းကြား မန်ကျည်းပင်တွအောက်ပေါ့။ ဒီလှည်းဝိုင်းကြီးက ဈေးချို အေ ရုံက ဆန်နဲ့ ကောက်ပဲသီးနှံတွေ၊ ဘီ ရုံထဲက ကုန်စိမ်းတွေ၊ ဒီ ရုံထဲက လက်ဖက်ခြောက်နဲ့ ကုန်ခြောက်တွေ၊ အက်ဖ် ရုံထဲက အထည်အလိပ်တွေ၊ ဂျီ ရုံထဲက ကုန်စုံခြောက်တွေ၊ ဂျေ ရုံထဲက ငါးပိငါးခြောက်တွေ၊ ကေ ရုံထဲက ဆေးရိုးဆေးရွက်နဲ့ ဘယဆေးတွေ၊ အယ်လ် ရုံထဲက ပိုးခင်ထုပ်၊ ချည်ခင်ထုပ်တွေ စတဲ့… စတဲ့… ကုန်ပစ္စည်းတွေကို ဈေးသည်တွေက ဝယ်ပြီး သင်္ဘောဆိပ်၊ ကားဂိတ်၊ ဘူတာရုံ၊ မြို့ထဲက ပွဲရုံတွေဆီ ပို့ပေး သယ်ယူပေးကြတဲ့ လှည်းတွေ ရပ်နားကြတာပါ။ ပွဲစားတွေ ကုန်သည်တွေကလည်း အဲဒီလှည်းဝိုင်းနားမှာ စုဝေးကြသတဲ့။ အဲဒီ ပွဲစားဝိုင်းကနေ ဒီကနေ့အထိ တည်ရှိနေတဲ့ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းကြီး စတင်မွေးဖွားခဲ့တာပါပဲ။
 
နောက်ထပ် လှည်းဝိုင်းတစ်ခုကတော့ မန္တလေးဘူတာကြီး ကုန်ရုံလှည်းဝိုင်းပါ။ ဘူတာကြီး ကုန်ရုံဟာ အခုမှ မြို့ဟောင်းဘူတာကို ရောက်သွားပေမယ့် အရင်က ဘူတာကြီးရဲ့ မြောက်ဖျားမှာပါ။ အခု ၂၆ ဘီလမ်း မျက်နှာပြု ၇၈ လမ်းနဲ့ ၇၉ လမ်းကြား လူထုဘလောက်တို့၊ စိန်နဲ့မြမွေ့ယာတို့ရဲ့ နောက်ကျောဘက် ဘူတာဝင်းက ကုန်ရုံပါ။ အဲဒီတော့ ကုန်ရုံလှည်းဝိုင်းက ဘူတာဝင်ပေါက် ၇၉ လမ်းအရှေ့ခြမ်း၊ ၂၆ ဘီလမ်းက ၂၇ လမ်း အထိပါပဲ။
 
တကယ်တော့ မန္တလေးမှာ ရှေးရှေး ရတနာပုံခေတ်ကတည်းက ကုန်စည်ပို့ဆောင်ရေးအတွက် လှည်းတွေက အဓိက ကျခဲ့ပါတယ်။ ရှမ်းပြည်နယ်က ဆင်းလာတဲ့ လက်ဖက်စို၊လက်ဖက်ခြောက် ကုန်ပစ္စည်းတွေကိုလည်း လှည်းတွေနဲ့ဝန်တင်တွေနဲ့ ခရီးရှည် သယ်ယူလာကြတယ်။ အဲဒီလှည်းတွေက မန္တလေး ၃၄ လမ်း၊ ၃၅ လမ်းကြား၊ ၈၇ လမ်း ၈၈လမ်းကြား ဥယျာဉ်ကြီးထဲမှာ ဝိုင်းဖွဲ့ကြတာတဲ့။ အဲဒီနေရာကို ‘ဒေးဝန်း’လို့ခါ်တယ်။ ဒေးဝန်း ဆိုတာ ဗမာစကားမဟုတ်။ဝန်တင် တရုတ်တွေရဲ့ စကားတဲ့။ အဲဒီလိုမျိုး လှည်းဝိုင်းတွေလည်း မန္တလေးမှာ ရှိခဲ့တော့ ‘လှည်းတန်း’ဆိုတဲ့ ရပ်ကွက်တွေ၊ လမ်းတွေ ရှိခဲ့တယ်။ တရုတ်တန်း လှည်းတန်း၊ ချမ်းသာကြီး လှည်းတန်း၊ ရွာဟိုင်းဈေး လှည်းတန်း… စသည်ဖြင့်ပေါ့။
 
နောက်… လှည်းနဲ့ပတ်သက်ပြီး မန္တလေးမှာ အမှတ်တရ ရှိပါသေးတယ်။ မလွန်ဈေး ဆန်လှူအသင်းကြီးက ဆွမ်းဆန်အိတ်တွေ သိမ်းတဲ့အခါ အသင်းတံဆိပ် ဆိုင်းဘုတ်တွေကို ပေါင်းမိုးလုပ်ပြီး ဗုံတောင်ပလုပ်တုတ်၊ လင်းကွင်း၊ မောင်းကြီး၊ သံပတ္တလားတွေနဲ့ ရေကင်းတီးပြီး ဆန်အိတ်သိမ်းတာကိုလည်း ကျွန်တော်တို့ ကလေး တစ်သိုက်မှာ မလွန်ဆန်လှူသင်း လှည်းနောက် အပြေးလိုက်ပြီး တကောက်ကောက် ပါသွားတော့တာပါပဲ။
 
နောက်… လှည်းနဲ့ ပတ်သက်တဲ့ အမှတ်တရ ပွဲတစ်ပွဲလည်း ရှိခဲ့ပါသေးတယ်။ အဲဒါက ရတနာ့ဂူပွဲတော်ပါ။ နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ကနေ ဝါခေါင်လကွယ်နေ့ အထိ ကျင်းပတဲ့ ရတနာ့ဂူပွဲတော်မှာ နောက်ဆုံးရက်ဖြစ်တဲ့ ဝါခေါင်လကွယ်နေ့ရောက်ရင် မန္တလေးတစ်မြို့လုံးက ရတနာ့ဂူပွဲတော်ကို လှည်းတွေနဲ့ပဲ သွားကြတာပါ။ မနက်စောစောကတည်းက အသံချဲ့စက်တွေ၊ တီးဝိုင်းတွေနဲ့ ရွှေခြေကျင်းကိုယ်စီနဲ့ မန္တလေးသူလေးတွေ
လှည်းပေါ် ခြေတွဲလောင်းချ ထိုင်ပြီး တသီတတန်းကြီးသွားကြတဲ့မြင်ကွင်းဟာ အံ့ဘနန်းပါပဲ။ ရွှေမန်းသူလေးတွေ ပါတဲ့ လှည်းနောက်က ကာလသားတွေက ခြေကျင်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး စကြ၊ ပြောင်ကြတာပါပဲ။ ဒီလှည်းတွေဟာ တောင်သမန် မယ်ဇယ်ပင်ရိပ်မှာ နားပြီး ဝိုင်းဖွဲ့ စားကြသောက်ကြ၊ ပွဲတော်မှာ လည်ကြ ပတ်ကြပြီး ညနေစောင်း နေဝင်မှ မန္တလေးကို လှည်းတန်းကြီးနဲ့ ပြန်ကြပါတယ်။
 
တစ်ခါ သီတင်းကျွတ်လမှာတော့ မန္တလေးတောင်ခြေက ကုသိုလ်တော်၊ စန္ဒာမုနိ၊ ကျောက်တော်ကြီး ဘုရားပွဲတော်ကို အနီးအပါး ရွာတွေက လှည်းတွေနဲ့ လာရောက်ကြပါတယ်။ အလားတူ မြို့လယ်ခေါင် ရှင်ဥပဂုတ်ဝင်းကလည်း ရှင်ဥပဂုတ် ပူဇော်ပွဲကျင်းပပြီး မြစ်ဆိပ်က ရှင်ဥပဂုတ် ရေမျှောတော့ လှည်းတွေနဲ့ ခင်းကျင်း ပို့ဆောင်ကြတာလည်း မဖြစ်မနေ ကျင်းပကြဆဲပါ။
 
မန္တလေးမှာ ကုန်စည် ပို့ဆောင်ရေးအတွက် သုံးစွဲခဲ့တဲ့လှည်းတွေကတော့ မရှိသလောက် ဖြစ်သွားပါပြီ။ ဒါဖြင့် မန္တလေးဝန်းကျင် ကျေးလက်တွေမှာရော လှည်းတွေ သုံးကြသေးလား။ မြန်မာတစ်ပြည်လုံး တောင်ပေါ်မြေပြန့် လှည်း အသုံးပြုမှု ဘယ်လောက် ကျန်သေးလဲ။
 
ဘာပဲပြောပြော တစ်ချိန်က မန္တလေးမှာ လှည်းကို မိသားစု အဆောင်အယောင် အနေနဲ့ အသုံးပြုခဲ့ကြပုံကို အလင်္ကာကျော်စွာ ဆရာကြီး မြို့မငြိမ်းက “တစ်ဝါတွင်း” အမည်ရှိ သီချင်းမှာ ရွှေမန်းသူတွေ လှည်းယဉ်ကြော့နဲ့ ဘုရားဖူးသွားကြပုံက မန္တလေး ကျုံးတော်ကြီးရဲ့အလှနဲ့ တွဲဖက်ကာ တခုတ်တရ စပ်ဆိုခဲ့ပါတယ်။
 
တစ်ဝါတွင်း (မြို့မငြိမ်း)
– (တစ်နေ့သော ဝါတွင်း အခါ၌ခူသံလေးတွေ နားဝင်အေးလောက်ပေ)၂
-ကျုံးနဘေး အေးအေးဆေးဆေး ပြာညိုလေးတွေ၊ ဝါညိုလေးတွေ၊ပေါ့ပါးကာ ပျံမလိုနေ၊ လူပါနွားရော၊
စိတ်ဝယ်စောကြရှာမယ်လေ၊ လှည်းတွေ ဝိုင်းလို့ ပျော်ပျော်ပါးပါး ဘုရားရောက်ရင် ဟိုတောင်ခြေ၊ အပန်းပျောက်ဖို့ ဖြေမယ်လေ၊ အစားအသောက်တွေ စုံလင်ပေ၊ ကိုယ်စိတ်ရွှင်လန်း ဝမ်းပန်း အသာဆုံးမြေ၊
– (ကမ်းစတွင် ပိန်းပင်ကလေးတွေ၊ ဟိုယိမ်း ဒီယိမ်း စိမ်းလဲ့လဲ့
အသားဆောင် စိုစိုပြည်ပြည် မြရောင်မှိုနတိုတွေ)၂
– ဟိုဘက်ကမ်း ဒီဘက်ကမ်း လန်းစွာ အာရုံဖြာဝေ၊ ပန်းကြာဗဒုံတွေ၊ ရေကြက်လေးတွေ အစာရှာလို့နေ၊ ရွှေပိန်ညင်းနဲ့ ကြာဖက်နင်းလေးတွေ၊ မောင်နှံဝဲတယ် ရေပျော်ဘဲတွေ၊ ကြည်းရေ ငှက်နဲ့ သာယာစီသလေ၊ မြင်သူအဆင်ပြေ၊ ကျုံးနဲ့ကြာရေ၊
– (နေရောင် ကွန့်မြူး ယှက်ကျူး လွန့်လူးခဲ့ပေ၊ ငွေရောင်ဆိုင်းတဲ့ လှိုင်းကလေးတွေ၊ ကျုံးရေယဉ် ကြည်ကြည်ထဲဝယ် ထင်မြင်စွဲတယ် ပုဏ္ဏကွယ်မျိုးအနေ)၂
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW