ကျောတခင်းစာအရေး အခက်ပွေနေရသူတွေ

SN (VOM)

မြို့ပြလို့ပဲ ခေါ်ခေါ် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာနှုန်းလောက် နေထိုင်ကြတဲ့ ရန်ကုန်မြို့မှာ ကျောချစရာ တနေရာ ရဖို့အတွက် ကိုယ့်လုပ်ခ၊ စုဆောင်းထားတဲ့ ငွေစလေးတွေနဲ့ ပြည့်မီအောင် ကြိုးပမ်းနေကြရတဲ့အဖြစ်က မြို့ပြရဲ့ ပုံရိပ်တွေထဲက ထင်ရှားတဲ့ပုံရိပ်တခုပဲဖြစ်ပါတယ်။

ရန်ကုန်မြို့ပြမှာ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ အိမ်ငှားရမ်းခနှုန်းထားတွေပါ လိုက်ပါ မြင့်တက်လာတာကြောင့် အိုးပိုင်အိမ်ပိုင်မရှိတဲ့ လက်လုပ်လက်စား အခြေခံဝန်ထမ်း ပြည်သူတွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ အထွေထွေကုန်ကျစရိတ် များပြားပြီး ၀င်ငွေနဲ့ထွက်ငွေ မမျှတတဲ့ ဒီလို ကာလမှာ နေရေးအတွက် စိုးရိမ်သောက ရောက်နေရတာတွေဟာ မြင့်သထက် မြင့်လာနေတယ်လို့ အိမ်ငှားနေသူတွေက ညည်းညူပြောဆိုကြပါတယ်။

အိမ်ငှားရမ်းနေထိုင်သူ အများစုဟာ သူတို့ရရှိတဲ့၀င်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းခန့်ကို အိမ်ငှားခအဖြစ် သုံးစွဲနေကြရတယ်လို့ ပြောပါတယ်။ အခုလက်ရှိအချိန်မှာ အိမ်ခြံမြေစျေးတွေ ဆက်တိုက် တက်လာပြီး အိမ်ငှားရမ်းခတွေပါ လိုက်ပါမြင့်တက်လာပေမယ့် လခစားအလုပ်သမားတွေရဲ့ တဦးချင်း ၀င်ငွေကတော့ သိသိသာသာ တက်မလာတဲ့အတွက် စား၀တ်နေရေး အခြေအနေက ကြပ်သထက် ကြပ်လာတယ်လို့ အိမ်ငှားတွေက ပြောပါတယ်။

ပြည်သူတွေဟာ တနေ့ထက်တနေ့ အဆမတန် ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းရဲ့ ခါးသီးတဲ့ဒဏ်ကို ခါးစည်းခံနေကြရတာ ဖြစ်ပါတယ်။ အဲ့ဒီ့လိုပဲ တဖက်မှာလည်း အိမ်ငှားရမ်းခနှုန်းထားတွေ မြင့်တက်လာတာကြောင့် တပူပေါ်နှစ်ပူဆင့်ဆိုသလို အဆိုးရွားဆုံး နေ့ရက်တွေကို မာန်တင်း ဖြတ်ကျော်နေကြရတာပါ။

ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေ အမျိုးမျိုးနဲ့ ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ အိမ်ပိုင်ရှင်တွေအနေနဲ့ လွန်ခဲ့တဲ့ နှစ်လကျော်လောက်က စတင်ကာ ငှားရမ်းခတွေ တိုးမြှင့် ကောက်ခံလာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကနေ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေအနေနဲ့ အခက်အခဲ များစွာ ဖြစ်ပေါ်လျက်ရှိပါတယ်။

လက်ရှိမှာ လူနေထူထပ်တဲ့ မြို့နယ်တွေဖြစ်တဲ့ ကမာရွတ်၊ လှည်းတန်း၊ စမ်းချောင်း၊ ပန်းဘဲတန်း၊ လသာ၊ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ အိမ်ငှားရမ်းမှုတွေ ပိုမိုများပြားလာသလို အိမ်ပိုင်ရှင်တွေကလည်း အိမ်ငှားရမ်းခနှုန်းထားတွေကို တိုးမြှင့် ကောက်ခံလာကြတာ ဖြစ်ပါတယ်။

အရင်က အထပ်မြင့်အိမ်ငှားရမ်းခဟာ တစ်လငှားရမ်းခ ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းဝန်းကျင်သာ ရှိပေမယ့်လည်း လက်ရှိမှာ ကျပ်သုံးသိန်းကနေ ကျပ်ငါးသိန်းဝန်းကျင်ပေးကာ ငှားရမ်းနေထိုင်နေရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

“လက်ရှိ အိမ်ငှားခနဲ့က လစာကလည်းမတိုး ဆိုတော့ ရသမျှလစာတွေ အိမ်ရှင်ကိုပေးနေရသလို ဖြစ်နေတယ်။ အခုခေတ် ကုန်ဈေးနှုန်းကလည်း သိတဲ့အတိုင်း တနေ့ချင်းစီ မပြောနဲ့ နာရီပိုင်းမှာတင် ဈေးတွေက အမျိုးမျိုးပြောင်းနေတာဆိုတော့ အရင်ကတည်းက ဒုက္ခရောက်နေရတဲ့အထဲ အခု ပိုဆိုးတာပေါ့။ အခုလို ကာလကြီးမှာ အိမ်ငှားခတွေကလည်း အနည်းဆုံး ကျပ်တစ်သိန်းခွဲကနေ ကျပ်သုံးသိန်းကျော်အထိ ရှိတယ်။ ဒါက ပိုက်ဆံရှိတဲ့သူတွေအတွက် ပြဿနာမရှိပေမယ့် မရှိတဲ့သူတွေအတွက်ကျတော့ ဒုက္ခရောက်တာပေါ့။ ကျွန်တော့်အိမ်ဆို ဒီတစ်ခါ ချုပ်ရင် လစာ ၅၀,၀၀၀ တက်မယ်ဆိုပြီးပြောလို့ အိမ်ထပ်ရှာနေရတယ်”လို့ ဒေါပုံမြို့နယ်မှ အိမ်ငှားနေထိုင်သူတဦးက ပြောပါတယ်။

တခါတရံမှာ သာရေးနာရေးနဲ့ ကျန်းမာရေးကိစ္စတွေ ကြုံလာပြီး အိမ်လခအတွက် စုထားတဲ့ငွေထဲက ထုတ်သုံးမိတဲ့ အခါမျိုးမှာတော့ တခြားလက်လှမ်းမီသူတွေဆီကနေ အတိုးနဲ့ ငွေချေးတာတွေ လုပ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့ထဲ ဧရိယာရှိ မြို့နယ်တွေက နေအိမ်ငှားရမ်းခ စျေးနှုန်းတွေဟာ နေရာ‌ဒေသပေါ် မူတည်နေတာဖြစ်ပြီး နေထိုင်ရမယ့်ပတ်၀န်းကျင်အလိုက် အိမ်ငှားရမ်းခ စျေးနှုန်းတွေ ကွာခြားတယ်လို့ အိမ်အငှား၀န်ဆောင်မှု လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကစလို့ နယ်မြို့တွေမှာ နေထိုင်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့ကို ပြောင်းရွေ့လာကာ အိမ်ငှားရမ်းနေထိုင်တာ၊ အဆောင်ငှားရမ်းနေထိုင်တာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီလို ရွှေ့ပြောင်းလာကြသူတွေအထဲမှာ အလုပ်လုပ်ကိုင်ကြသူတွေ၊ သင်တန်းတက်ရောက်သူတွေလည်းရှိပြီး အခုလို အိမ်ငှားခ၊ အဆောင်ခတွေ ထပ်မံတိုးမြှင့် ကောက်ခံလာရင်တော့ ခက်ခဲမှုတွေ ပိုပြီး ဖြစ်ပေါ်လာနိုင်တယ်လို့ သူတို့က ပြောပါတယ်။

“ရန်ကုန်မှာ အခန်းငှားဖို့ဆို တလချုပ်တွေက လုံး၀မရသလောက်ဘဲ။ သုံးလချုပ်တွေတောင် သိပ်မရတော့ဘူး။ ခြောက်လချုပ်တွေပဲ ပိုများလာတယ်။ အရင်က ညှိညှိနှိုင်းနှိုင်းနဲ့ သုံးလချုပ်ဆိုတာ ရှိသေးတယ်။ အခု အဲ့ဒါက မရှိသလောက် ရှားသွားပြီ။ တလချုပ်၊ သုံးလချုပ်နဲ့ ငှားချင်ရင် သန်လျင်၊ ကျိုက်ခေါက်၊ ရွှေပြည်သာ၊ လှိုင်သာယာတို့လို နေရာတွေနဲ့ အဆောင်တွေမှာပဲ ရတော့မှာ။ အဲ့ဒီလိုနေရာတွေကျတော့လည်း ကိုယ်တွေအလုပ်က မြို့ထဲမှာဆိုတော့ အလုပ်တခါသွားဖို့ အချိန်အရမ်းပေးရတယ်။ ဒါပေမယ့် အခုအနေအထားက လုံးဝအဆင်မပြေတော့ရင်လည်း အဲ့ဒီဘက်တွေပြောင်းသင့်ရင်လည်း ပြောင်းရမှာပေါ့”လို့ သာကေတမြို့နယ်မှာ တိုက်ခန်းငှား နေထိုင်သူတဦးက ပြောပါတယ်။

လက်ရှိမှာ အိမ်နဲ့ အဆောင်ငှားခတွေဟာ ရန်ကုန်တမြို့လုံး အတိုင်းအတာနဲ့ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်ကာ ရန်ကင်း၊ အလုံ၊ တာမွေ၊ စမ်းချောင်း၊ တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင် အစရှိတဲ့ မြို့နယ်တွေက တိုက်ခန်း၊ မြေညီထပ် ငှားရမ်းခနှုန်းထားတွေဟာ ပျမ်းမျှအားဖြင့် ကျပ်ငါးသိန်းကနေ ကျပ် ၁၅ သိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။

“အိမ်ငှားစာချုပ်ပြည့်ကာနီး နှစ်လသုံးလအလိုလောက် ရောက်လာရင် ရင်တွေပူလာတော့တာပါပဲ။ အခုလည်း အခြေအနေတွေက အရင်ကထက်ပိုဆိုးလာတော့ ကြာတော့လည်း တောင့်ခံနိုင်ဖို့အားက မရှိတော့ဘူး။ ကိုယ်စားတာကို လျှော့စားလို့ရပေမယ့် သူများအိမ်ငှားနေတာကျတော့ လခပုံမှန်ပေးမှ နေလို့ရတာလေ။ အိမ်ရှင်တွေကလည်း ကုန်ဈေးနှုန်းတက်တာနဲ့ အိမ်လစာတွေကို စာချုပ်တခါချုပ်၊ တခါတက်ဖြစ်နေတော့ အိမ်ငှားနေထိုင်တဲ့သူတွေက တော်တော်လေး မချောင်ပါဘူး။ တချို့နေရာတွေမှာဆိုရင် ပွဲစားနဲ့ အိမ်ငှားတယ်။ စစချင်းမှာ အိမ်ရှင်၊ အိမ်ငှားစာချုပ်ချုပ်တယ်။ ပွဲစားကို တလစာပေးရတယ်။ ထားလိုက်ပါတော့၊ အိမ်စာချုပ် ခြောက်လချုပ်ရင် ပွဲစားခ တလစာပါ ထပ်တိုးပြီး ချေးငှား ရှာဖွေပြီးပေးတယ်။ အဲဒီလိုမှ မပေးနိုင်ရင်လည်း ပေးနိုင်တဲ့ အိမ်ငှားကို သူတို့ကချိတ်တာဆိုတော့ အိမ်ကြိုက်တယ်ဆိုရင် မရရအောင် ရှာပေးရတာပေါ့။ ဒါပေမယ့် ခြောက်လပြည့်သွားလို့ နောက်ထပ်နေမယ်၊ စာချုပ်ထပ်ချုပ်ရင် ပွဲစားတွေကို အိမ်လစာဝက်ထပ်ပေးရတာ သဘာ၀မကျဘူး။ အဲဒီလိုမပေးနိုင်ဘူးလို့ ပြောရင်လည်း အိမ်ရှင်နဲ့ဘယ်လိုညှိထားလဲ မသိဘူး။ နောက်ထပ်လစာပိုပေးပြီး ငှားနေမယ့်သူကို ခေါ်လာရော။ အကြောင်းအမျိုးမျိုးပြပြီး ဖယ်ပေးရတာတွေ ရှိတယ်။ အိမ်လခကလည်း ဈေးအရမ်းတက်လာတာ။ ဒီကြားထဲ ပွဲစားခလည်းပေးရ။ တစ်ခါတစ်ခါ ပြောင်းရွှေ့စရိတ်ကလည်း မြင့်လာတော့ အိမ်ငှားနေထိုင်ရတဲ့သူတွေက အခုနောက်ပိုင်းမှာ အဆင်မပြေတဲ့သူ များပါတယ်”လို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အိမ်ငှားနေထိုင်သူတဦးက ပြောပါတယ်။

အိမ်ငှားပွဲစားတွေကြောင့် အိမ်ငှါးခတက်လာရတာ၊ တနေရာမှာ ကြာကြာနေချင်ပေမယ့်လည်း မနေနိုင်အောင် စျေးပိုပေးတဲ့ အခြားတဦးကိုငှားဖို့ ပွဲစားတွေက ဆွယ်တဲ့အဖြစ်တွေကလည်း အိမ်ငှားစျေးကွက်ကို မတည်မငြိမ်ဖြစ်စေတယ်လို့ အိမ်ငှားတွေကပြောပါတယ်။

အခုလို အိမ်ငှားခတွေမြင့်တက်လာတာဟာ ရန်ကုန်မြို့လယ်ထက် ဆင်ခြေဖုန်းရပ်ကွက်တွေမှာ မြင့်တက်မှုနှုန်းက ပိုများတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောကြပါတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ အိမ်ငှားခတွေဟာ နှစ်စဉ်ငွေကြေးဖောင်းပွမှုတွေ ဖြစ်လေ့ရှိတတ်တဲ့ သဘောကြောင့် ဈေးတွေမြင့်တက်လာတာဖြစ်သလို နောက်အကြောင်း တချက်ကတော့ စျေးကွက်သဘောအရ ၀ယ်အားများလာတဲ့ အချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ်မြင့်တက်နေတဲ့ လူဦးရေ၊ ရန်ကုန်မြို့မှာ သင်တန်းလာတက်ဖို့၊ အလုပ်လာလုပ်ဖို့ နိုင်ငံခြား ကုမ္ပဏီတွေရဲ့ ရုံးခွဲသစ်ဖွင့်ဖို့ စတဲ့အချက်တွေက ၀ယ်လိုအား (တနည်း) ငှားလိုအား များလာစေတယ်လို့ သိရပါတယ်။

“စျေးကွက်သဘောအရ ၀ယ်ယူသူများတာ အဓိကလို့ ဆိုပေမယ့် ပွဲစားတွေ စျေးကစားတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါကြောင့် ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အိမ်ငှားရမ်းနေထိုင်သူတွေအတွက် အမှန်တကယ် စဉ်းစားပေးတဲ့ အကျိုးဆောင်သူတွေ ပေါ်ထွက်သင့်တယ်”လို့ မြောက်ဒဂုံရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတခုမှ တာ၀န်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် အဆောင်ငှားရမ်းခတွေဟာလည်း ကျောက်တံတား၊ လသာ၊ ပုဇွန်တောင်၊ တာမွေ၊ ပန်းဘဲတန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင် မြို့နယ်တွေမှာ တယောက်ခန်း၊ နှစ်ယောက်ခန်းတွေကို ကျပ် ၄၀၀၀၀ မှ ကျပ် ၁၀၀၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီ့လို အိမ်၊ အဆောင် ငှားရမ်းခ နှုန်းထားတွေဟာ ရပ်ကွက်၊ မြို့နယ်ပေါ်မူတည်ကာ မြင့်တက်လာတဲ့အတွက် အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်မြို့ကို လာရောက် အလုပ် လုပ်ကိုင်သူတွေဟာ တဦးချင်း မငှားတော့ဘဲ သုံး၊ လေးယောက် စုပေါင်းစပ်ပေါင်း ငှားရမ်းနေထိုင်လာကြပါတယ်။ အိမ်ပိုင်ရှင်တွေအနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကြောင့် လူငယ်လူရွယ်တွေ စုပေါင်းငှားရမ်းတဲ့အခါ မငှားချင်ကြတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိပါတယ်။

“အခုလောလောဆယ်ကတော့ အငှားတွေက အရမ်းကိုများတော့ အခန်းက ငှားဖို့မရှိသလောက်ကို ဖြစ်နေတာ။ အဆောင်ဆိုလို့ရှိရင်လည်း အခန်းကျဉ်းကျဉ်းလေးတွေထဲမှာ တယောက်ကို ကျပ် ၅၀၀၀၀၊ ကျပ် ၆၀၀၀၀ ပေးနေရတာထက်စာရင် အခန်းတခန်းကို စုပေါင်းငှားလိုက်ကြတယ်။ တချို့အိမ်ရှင်က သဘောကောင်းတဲ့အခါကျတော့လည်း လချင်းပေးရတော့ စုပေါင်းစပ်ပေါင်းငှားနေကြတာပေါ့။ တချို့အိမ်ရှင်တွေကတော့ လက်မခံချင်ဘူးပေါ့။ လူကြည့်ပြီးတော့မှ လက်ခံကြတာ များတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် အိမ်ရှင်တွေက သိပ်လက်မခံချင်ကြဘူး။ တချို့အိမ်ရှင်တွေဆို ငှားကိုမငှားဘူး။ လချင်းပေးဆိုတာက အခုကပျောက်ကိုပျောက်သွားပြီ”လို့ ‌လှိုင်မြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တဦးက ပြောပါတယ်။

နေအိမ်တိုက်ခန်းပိုင်ရှင်တွေနဲ့ အိမ်ငှားတွေကို စိစစ်ငှားဖို့၊ အိမ်ငှားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အထောက်အထားတွေကို ရယူထားဖို့နဲ့ နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်သူတွေကို ငှားရမ်းပါက နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းမှာ ဖြစ်တယ်လို့ အခု ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ့ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ နေအိမ်ပိုင်ရှင်တွေက အိမ်ငှားရမ်းရာမှာ စိစစ်ပြီးငှားရမ်းခြင်း၊ အိမ်လစာ တိုးမြှင့်ကောက်ခံခြင်းတွေ ရှိလာတယ်လို့ သိရပါတယ်။

အခုလို အိမ်၊ အဆောင်ငှားရမ်းခတွေ ဈေးတက်လာပေမယ့် အလုပ်လုပ်ကိုင်သူတွေရဲ့ လုပ်ခလစာ တိုးလာတာမျိုး မရှိတဲ့အတွက် ၃ ယောက်နေရမယ့် အခန်းမှာ လူပိုပြီး နေထိုင်တာ၊ မြို့နယ်အစွန်က လိုင်းခန်းတွဲလို နေရာမျိုးတွေကို ပြောင်းရွှေ့ငှားရမ်းရတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

“လိုင်းခန်းတွဲတွေက ကျွန်တော်တို့ အခု နေနေတာဆို တစ်ခန်းကို ၁၂၀၀၀၀ ရှိတယ်။ စပေါ် တစ်လစာ တင်ရတယ်။ ၃ လချုပ်နဲ့။ အရင်က လုံးချင်းအိမ်လေး ခြောက်လချုပ် နှစ်သိန်းခွဲနဲ့ ငှားနေတာ။ အဆင်မပြေတော့လို့ ဒီဘက်ပြောင်းလာတာ။ ကျွန်တော်ရတဲ့လစာက ၃ သိန်းရှိတယ်။ ကျွန်တော့်အမျိုးသမီးက ရပ်ကွက်ထိပ်မှာ ဈေးရောင်းတယ်။ တစ်ရက်ကို ခုနှစ်ထောင်၊ တစ်သောင်း ပတ်ချာလည်ရတယ်။ အိမ်မှာ မိသားစုက ၅ ယောက်ရှိတယ်။ ကျောင်းနေနေတဲ့ ကလေးနှစ်ယောက်ရယ်၊ နောက် ကျွန်တော့ယောက္ခမရယ်။ အခုလက်ရှိ တက်နေတဲ့ကုန်ဈေးနှုန်းနဲ့က မနည်းရုန်းကန်နေရတဲ့ အနေအထားပေါ့။ ဟိုတလောက သားအငယ်ကောင်လေး တုပ်ကွေးဖြစ်လို့ မနည်းကုထားရသေးတယ်။ ကျန်းမာရေးက မဖြစ်ရင်ကောင်းတယ်၊ ဖြစ်ရင် လက်ထဲပိုက်ဆံအပို စု‌ထားဆောင်းတာတာမျိုးမရှိဘူး။ သူများဆီအတိုးနဲ့ ချေးငှားရတယ်။ အရင် ကိုဗစ်ကာလတွေတုန်းကတော့ အိမ်ရှင်တွေက အိမ်ငှားခတွေကို လျှော့ပေးတာတွေ ရှိခဲ့ပါတယ်။ အခုကျတော့ ကုန်စျေးနှုန်းရော အစစအရာရာက စျေးကို တက်ပြီးရင်း တက်နေတာဆိုတော့ အိမ်ပိုင်ရှင်တွေလည်း မခံနိုင်ကြတော့ဘူးလေ”လို့ မြောက်ဒဂုံမြို့နယ်က လိုင်းခန်းတွဲငှား နေထိုင်သူတဦးက ပြောပါတယ်။

လက်ရှိကာလမှာ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ ထပ်မံမြင့်တက်နေပြီး အဲ့ဒီရဲ့အကျိုးဆက်အဖြစ် အိမ်ခန်းနဲ့ အဆောင်ပြုပြင်ထိန်းသိမ်းခတွေ ‌ဈေးပိုကြီးလာသလို တခြားအသုံးစရိတ်တွေလည်း မြင့်တက်လာတာကြောင့် အရင်ကထက်ပိုပြီး ခက်ခဲလာရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အခုလို အိမ်ငှားရမ်းခတွေ မြင့်တက်လာရခြင်းဟာ အိမ်စျေးမြေစျေးတွေ အရောင်းအ၀ယ် ကောင်းလာတာနဲ့ အဓိက ဆက်စပ်နေပါတယ်။ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်သွက်လာပြီး ဈေးနှုန်းတွေ မြင့်တက်လာခြင်းဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကနေ ဆင့်ကဲဖြစ်ပေါ်လာတဲ့ အဓိကအကြောင်းရင်းတရပ် ဖြစ်လာခဲ့ပါတယ်။

ဘဏ်စနစ် အကျပ်အတည်းတရပ် ဖြစ်ပေါ်လာချိန် လူထုက ပြည်တွင်းဘဏ်တွေမှာ ငွေအပ်နှံဖို့ စိတ်ဝင်စားမှုကျဆင်းလာသလို ငွေတန်ဖိုးကျဆင်းမှု၊ ငွေသားလက်ဝယ် ကိုင်ဆောင်ထားဖို့ ဆန္ဒမရှိ ဖြစ်ပေါ်နေမှုတွေကြောင့် ငွေပိုငွေလျှံ ရှိသူတွေ၊ ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ခိုင်မာမှုရှိတဲ့ အိမ်ခြံမြေ ဈေးကွက်ဘက်ကို ခြေဦးလှည့်လာရာက အိမ်ခြံမြေဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

လူဦးရေ ၆ ဒသမ ၉ သန်းကျော် နေထိုင်တယ်ဆိုတဲ့ ရန်ကုန်မြို့မှာ တစ်နှစ်ကို အိမ်ရာလိုအပ်ချက် ယူနစ် ၂၀၀၀၀ ရှိတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာဗိသုကာပညာရှင်အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီလို လိုအပ်ချက် ရှိနေပေမယ့် အခုနှစ်ပိုင်းမှာ ပိုပြီး မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း အခြေအနေကြောင့် အိမ်ရာစီမံကိန်းသစ် ဖော်ထုတ်မှုတွေ၊ အထပ်မြင့်ကွန်ဒိုတိုက်ခန်း တည်ဆောက်မှုတွေ မရှိသလောက်နည်းပါးနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တွေက သုံးသပ်ဝေဖန်ကြပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို တနိုင်ငံလုံးကြုံတွေ့ခဲ့ရပြီး စီးပွားရေး၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးသွားချိန်မှာ ရန်ကုန်မြို့မှာ အခြေခံလူတန်းစားတွေနဲ့ အိမ်ငှား၊ အဆောင်ငှားရမ်းနေထိုင်သူတွေဟာ အရင်ကထက်ပိုတဲ့ အဆင်မပြေမှုတွေကို ကြုံတွေ့ခံစားနေကြရတာ ဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်ဈေးတွေ အဆမတန်မြင့်တက်လာခြင်းနဲ့အတူ ကျောတခင်းစာအတွက် ငှားရမ်းနေထိုင်ခအပြင် တခြားသော အသုံးစရိတ်တွေလည်း မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်ရပ်တည်ဖို့ ပိုမိုခက်ခဲလာရတဲ့ အခြေအနေတခုကို ရင်ဆိုင်နေကြတာပါ။ ရေရှည်မှာ ဒီလိုပဲဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ဒုစရိုက်မှုတွေကိုလည်း ‌ပိုပြီး အားကောင်းလာစေနိုင်တာကြောင့် ပြည်သူတွေအဖို့ကတော့ ရတက်မအေးဖွယ်နေ့ရက်တွေကို ဆက်လက် ဖြတ်သန်းနေကြရဦးမှာပဲ ဖြစ်ပါတယ်။ ။

Photo Crd – Original Uploader
#voiceofmyanmar #VOM #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW