ထိုင်းမှာ အလုပ်သမား ၇၂ ဦးဆီက သိန်း ၁၂၀၀ ကျော်လိမ်ယူကာ မြဝတီမှာထားခဲ့ပြီး ပွဲစားက ထွက်ပြေး

ဩဂုတ် ၃၀ – ၂၀၂၃
GG (VOM)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး အလုပ်သမား ၇၂ ယောက်ဆီက ဝန်ဆောင်ခအဖြစ် ငွေသိန်း ၁၂၀၀ ကျော်ကို ပွဲစားက လိမ်လည်ရယူကာ အလုပ်သမားတွေကို မြဝတီမြို့မှာထားခဲ့ပြီး ထွက်ပြေးသွားလို့ အလုပ်သမားတွေ ဒုက္ခရောက်ခဲ့ရတယ်လို့သိရပါတယ်။

ငွေကြေးလိမ်ညာယူပြီးထွက်ပြေးသွားသူတွေက မြန်အောင်မြို့နယ်၊ အင်းဝမြောက်ရွာ နေထိုင်တဲ့ မင်းအောင်ဆိုသူဖြစ်ပြီး သူနဲ့အတူ နောက်ထပ်အ​ပေါင်းအပါအဖြစ် စိုးလွင် ၊ ထက်ဝေလင်း ဆိုသူတို့လည်း ပါကြောင်း ၊ အလုပ်သမားတွေကို မြဝတီကိုခေါ်လာပြီး မြတ်စေနာ တည်းခိုခန်းမှာ ထားခဲ့ကာ ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။

“ဘန်ရောက်က အလုပ်ရုံတစ်ရုံမှာ အလုပ်ရမယ်လို့ စည်းရုံးပြီး လူတစ်ဦးကို၂၈ သိန်းတောင်းတယ်၊လောလောဆယ်၁၈သိန်းပေးရပြီး ကျန်ငွေဆယ်သိန်းကို ဘန်ကောက်ရောက်မှ ပေးရမယ်လို့ပြောတယ်။မြဝတီရောက်တော့ စိုးလွင်နဲ့ထက်ဝေလင်းက ထွက်ပြေးတယ်၊အဲ့ဒီမှာ အလိမ်ခံရပြီဆိုတာကိုသိပြီး ကျန်တဲ့မင်းအောင်ကိုစောင့်ကြည့်နေတဲ့ကြားက မနေ့ကမှာသူကပါထပ်ထွက်ပြေးသွားတယ်။ပြန်ဖို့တောင် လမ်းစရိတ်မရှိလို့ အိမ်ကိုလှမ်းတောင်းကြ ​ရတယ်၊ ရွာကထွက်လာကထဲက ကားခ ခရီးအသုံးစရိတ်၊တည်းခိုခ အားလုံးကိုယ့်စရိတ်ကိုယ်ခံရတာမို့လို့ တစ်ဦးကို ၂၅သိန်းလောက် အလိမ်ခံရတာ ” လို့ အလုပ်သမားတွေနဲ့တွေ့ဆုံခဲ့တဲ့ မြဝတီ ဒေသခံကိုဘီဝမ်းကပြောပြပါတယ်။

အလုပ်သမားတွေဟာ မြဝတီမြို့ကို ​ဩဂုတ်လ ၅ ရက်နေ့ကတည်းက ရောက်ရှိလာကြတာဖြစ်ပြီး ထိုင်းကို တရားမဝင်လမ်းကြောင်း သွားရောက်ဖို့အတွက် ပွဲစားကိုယုံကာလိုက်လာခဲ့သူတွေဖြစ်ပြီး အလုပ်သမား တွေဟာ ပဲခူးတိုင်း၊မကွေး တိုင်း၊ ဧရာဝတီတိုင်းက ဖြစ်ကြောင်း၊ ၇၂ ယောက်မှာ အသက် ၆၀ နှစ်အရွယ် အမျိုးသားအပါအဝင် အမျိုးသား ၅၇ ယောက်နဲ့အမျိုးသမီး ၁၅ ယောက်ပါတယ်လို့သိရပါတယ်။

ငွေလိမ်ခံရတဲ့အလုပ်သမား ၇၂ ယောက်ရှိရာကို မြဝတီမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူတွေရောက်လာခဲ့ပေမယ့် မှတ်တမ်းပုံရိုက်တာ၊စားရင်ရယူတာသာလုပ်ခဲ့ပြီး အလုပ်သမားတွေအတွက် ကျန်တဲ့အကူအညီ ထောက်ပံ့မှု မရှိဘူးလို့သိရပါတယ်။

ဒါကြောင့်အလုပ်သမားတွေဟာ သူတို့ရဲ့ မိဘတွေဆီကို ငွေလွှဲခိုင်းပြီး ဒီနေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ နေရပ်အသီးသီးကို ကိုယ့်အစီစဥ်နဲ့ကိုယ် ပြန်သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

” လူမှုဝန်ထမ်းကလာတယ်၊ပုံရိုက်တယ် စာရင်းယူတယ် ဒါပဲလုပ်တယ်၊ကျန်တာ လမ်းစရိတ်ထောက်ပံ့တာဘာညာမရှိဘူး။ဒီလိုကိစ္စတွေကအရင်ကလည်း မကြာခဏဖြစ်တယ်၊တခါမှ တရားစွဲတာ ၊ထောင်ချတာလည်း မရှိဘူး။အခုလည်း လိမ်သွားသူကို အမှုဖွင့်တာအရေးယူတာဘာမှမရှိဘူး”လို့ မြဝတီ ဒေသခံတစ်ဦးကပြောပါတယ်။

အလုပ်သမားတွေကို ထိုင်းမှာအလုပ်လုပ်ရမယ်လို့ လိမ်လည်တဲ့ဖြစ်စဥ်တွေဟာ အရင်ကလည်းရှိခဲ့ကြောင်း၊ အလုပ်သွားလုပ်မယ့်သူတွေအနေနဲ့လည်း မိမိကိုခေါ်ဆောင်မယ့် ပွဲစားဟာ ယုံကြည်ရသူဟုတ်မဟုတ်နဲ့ အေဂျင်စီ ဆိုပါကလည်း ယုံကြည်စိတ်ချရတဲ့ အေးဂျင့်ဟုတ်မဟုတ်ကို ကြိုတင်လေ့လာဖို့ လိုအပ်ပါတယ်။

တရားဝင်အေဂျင်စီတွေထဲမှာလည်း စာချုပ်ချုပ်စဥ်က အလုပ်အကိုင်တစ်မျိုး၊ ထိုင်းကိုရောက်ချိန် အလုပ်တစ်မျိုး ဖြစ်နေပြီး အေဂျင်စီ တချို့က အလုပ်သမားဆီကလည်း ဝန်ဆောင်ခငွေရယူပြီး ထိုင်းဘက်မှာ ရောင်းစားတာတွေ၊ အခကြေးငွေရယူကာ အချိန်ကြာတဲ့အထိ ထိုင်းကိုပို့ဆောင်မပေးတာ စတဲ့အခက်အခဲတွေကို အလုပ်သမားတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မြန်မာပြည်ထဲက လူငယ်လူရွယ်အများအပြားဟာ ထိုင်းကို အောက်လမ်းကနေ သွားလာမှု တွေရှိနေကြဆဲဖြစ်ပြီး တရားမဝင်သွားလာမှုကြောင့် ထိုင်းဘက်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေလည်း အများအပြားရှိနေပါတယ်။

#voiceofmtanmar #VOM #မြဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW