ရန်ကုန်က မြို့နယ်(၄)မြို့နယ်ရှိ ရဲစခန်းတွေအနီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့

ဩဂုတ် ၃၀ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်းအတွင်းရှိ ရန်ကင်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနဲ့ အရှေ့ဒဂုံ မြို့နယ် (၄) မြို့နယ်က ရဲစခန်းတွေအနီးမှာ မနေ့ ဩဂုတ် ၂၉ ရက်၊ ညပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ည ၈ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ သစ္စာလမ်း၊ မြို့မရဲစခန်းအနီးမှာ ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီ့နောက် ည ၈ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ ရန်ကင်းကလေးဆေးရုံရှေ့၊ ယာဘက်ထောင့် ကန်ဘဲ့လမ်းဘေးမှာလည်း နောက်ထပ်တကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဗုံးက နှစ်ကြိမ်ကွဲတာ။ ပေါက်ကွဲတဲ့နေရာမှာ PVC ပိုက် အပိုင်းအစတွေလည်း တွေ့တယ်။ လူထိခိုက်မှုတော့ မရှိပါဘူး”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပေါက်ကွဲမှုတွေအပြီး ရန်ကင်းရဲစခန်းအနီးကို လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းတို့မှာ လမ်းတွေပိတ်ဆို့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ရဲစခန်း ဘယ်ရီဂိတ်မှာ ဗုံးပေါက်တာ။ ဗုံးက တစ်လုံးပြီးတော့ နောက်တစ်လုံး ဆင့်ပြီးပေါက်တာ။ ရဲတွေရော၊ စစ်ကားတွေရော အများကြီး ရောက်လာတာ တွေ့ရတယ်။ ဧည့်စာရင်းလည်းစစ်တယ်”လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။

အဲ့ဒီ့လိုပဲ တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမကြီးပေါ်နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) (၁၅၅)ရပ်ကွက်တို့မှာလည်း မနေ့ည ၉ နာရီဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါနဲ့ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတဦးက “သူတို့ကပဲ ကြိုတင်သတင်းရလို့လားဘာလားမသိဘူး။ ညကတော့ ပေါက်ကွဲသံမကြားခင်ကကတည်း လုံခြုံရေးယူထားတဲ့ကားတွေ ‌ဥဒဟို သွားလာနေပြီး ခြေရှုပ်နေတာတော့ တွေ့တယ်။ သိပ်မကြာဘူး၊ ပေါက်ကွဲသံ ကြားရတာပဲ။ အသံက တော်တော်ကျယ်တယ်။ အသံမိုင်းလို့လည်း ပြောကြတယ်”လို့ ပြောပါတယ်။

အဲ့ဒီ့ ပေါက်ကွဲမှုဖြစ်စဥ်တွေမှာ အသံမိုင်းနဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက် တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းနဲ့ သုမင်္ဂလာလမ်းထောင့်၊ မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းမပေါ်နဲ့ မြောက်ဒဂုံကနေ ရွှေပေါက္ကံဘက်သွားတဲ့ ရွှေပေါက္ကံတံတားအဆင်းတို့မှာ လမ်းတွေပိတ်ဆို့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလို ဗုံးပေါက်ကွဲခဲ့တဲ့ ရဲစခန်းတွေရဲ့အရှေ့မှာ လုံခြုံရေးတွေလည်း တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ညပိုင်းမှာ ၁၀ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန်မှာပဲ ရွှေပေါက္ကံ၊ အမှတ် (၁၃) ရပ်ကွက်၊ ညောင်ရမ်းလမ်းနဲ့ ရန်ကုန်လမ်းဆုံ မြက်ခင်းပေါ်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတလုံး တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmtanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW