အောက်တိုဘာ ၊ ၅ ၊ ၂၀၂၃
SP ( VOM)
ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ရွှေရတနာဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားမြတိုက်ခံရတယ်လို့ လုံးခင်းဒေသခံတွေဆီက သိရပါတယ်။
” လုံးခင်းရွာက မိုးရတနာရွှေဆိုင်မှာ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ် ၊ အမည်မသိ (စုံစမ်းဆဲ) လူငယ် ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ထဲကိုရောက်လာပြီး အရောင်းဝန်ထမ်းတွေကို တုတ်ကလစ်ကြိုးနဲ့ ချည်ထားတယ် ၊ နောက်ပြီး အရောင်းကောင်တာထဲက ရွှေထည်ပစ္စည်းတွေကို ယူတယ် ၊ နောက်ပြီး ရွှေထည်ပစ္စည်းအပြင် ကျောက်မျက်တွေပါ ယူသွားတယ် ၊ ရွှေက တပိဿာလောက်ပါသွားတယ် ၊ ကာလတန်ဘိုး သိန်း ၆၀၀၀ ထောင်ဖိုးလောက်ဖြစ်တယ် ” လို့ ဖားကန့်မြို့ခံ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
အဲ့ဒီ ဓားပြတိုက်ခံရတဲ့ မိုးရတနာ ရွှေဆိုင်ဟာ လုံခင်းရွာမှာ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ငန်းကိုပါ တွဲဘက်လုပ်ကိုင်တာကြောင့် အခုလို ရွှေထည်ပစ္စည်းတွေအပြင် ကျောက်စိမ်းတွေပါ ပါသွားတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က ” ဖြစ်စဥ်မှာက ဓားပြတိုက်သူတွေက အသက် ၂၀ / ၂၅ ဝန်းကျင်အရွယ် လူ ၄ ဦးက အင်္ကျီအနက် ၊ ဘောင်းဘီအနက် ၊ ပွိုင့် ဖိနပ်တွေ စီးထားတယ် ၊ နောက်ပြီး မျက်နှာကို မက်ခ်တွေ တပ်ထားတယ် ” လို့ပြောပါတယ်။
ဖားကန့်မြို့မှာ အနယ်နယ် အရပ်ရပ်က ကျောက်တူးသမားတွေ လာပြီးလုပ်ကိုင်ကြသလို မူးယစ်ဆေးဝါးပေါများရာဒေသဖြစ်တာကြောင့် မကြာခဏ လုယက်မှုတွေ ၊ လူသတ်မှုတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်ကလည်း ဖားကန့်မြို့ပေါ်မှာရှိတဲ့ စင်ကြယ် ရွှေရတနာဆိုင် ဓားပြတိုက်ခံရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ ၊ ဒေသခံ တစ်ဦး