မင်္ဂလာဒုံဆီဆိုင်ရှေ့ ယာဉ် ၄ စီးဆင့်တိုက်၊ ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိ

အောက်တိုဘာ ၇ – ၂၀၂၃
SN (VOM)
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမ၊ PT power ဆီဆိုင်ရှေ့မှာ ဒီကနေ့ အောက်တိုဘာ ၇ ရက်၊ မနက် ၇ နာရီ ကျော်ဝန်းကျင်က ယာဉ် (၄) စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
လိုက်ထရပ်၊ အဝေးပြေး express ၊ ပရိုဘောက်နဲ့ အထည်ချုပ်ဖယ်ရီ ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပရိုဘောက်ယာဉ်ပေါ်ပါလာသူ ခရီးသည် အမျိုးသမီး (၄) ဦး၊ အမျိုးသား (၁) ဦး၊ ကလေးငယ်မိန်းခလေး (၂) ဦးတို့တွင် အမျိုးသမီး (၂) ဦးနဲ့ ကလေးငယ် (၁) ဦးတို့မှာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး ဖယ်ရီကားပေါ် မှာ လိုက်ပါစီးနင်းလာသူ (ZKG အထည်ချုပ်စက်ရုံ) မှ အမျိုးသမီး (၁၆) ဦး၊ အမျိုးသား (၃) ဦး၊ စုစုပေါင်း (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“PT power ဆီဆိုင်ရှေ့မှာ လိုက်ထရပ်ယာဉ်က ဆီဆိုင်ဘက်ကို ချိုးပြီးဝင်မယ့် အနေအထားပေါ့။ လိုက်ထရပ်နောက်မှာ အထည်ချုပ်စက်ရုံ ဖယ်ရီကား ပါလာတယ်။ အဲ့ဒီ့ဖယ်ရီကားနောက်မှာ ရွှေမန္တလာ express အဝေးပြေးယာဉ် ရှိတယ်။
အဲ့ဒီ့ အဝေးပြေးယာဉ်က အထည်ချုပ်ကားကို ဘရိတ်ပေါက်ပြီး ဝင်တိုက်မိတာ။ အဲ့ဒီ့လို ဝင်တိုက်မိတဲ့အချိန်မှာ အထည်ချုပ်စက်ရုံကားက လိုက်ထရပ်ကိုတိုက်မိပြီး တဖက်ယာဉ်ကြော ညာဘက်၊ သူ့ရဲ့ လားရာယာဉ်လမ်းကြောင်းရဲ့ ညာဘက်အခြမ်းကို ထွက်သွားတယ်။ ပြီးတော့ ဒီ ရွှေမန္တလာယာဉ်က တဖက်ယာဉ်ကြောထဲကို ပြောင်းပြန် ဝင်သွားပြီးတော့မှ တဖက်ယာဉ်ကြောကနေလာတဲ့ ပရိုဘောက်ယာဉ်ကို ထပ်တိုက်မိတယ်။ ပရိုဘောက်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး ၂ ဦး၊ ကလေးငယ် ၁ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်။ အမျိုးသမီးတယောက်က ခေါင်းခန်းထဲမှာ ညပ်နေတဲ့အတွက် ကျွန်တော်တို့ဆွဲထုတ်ပြီး သေဆုံးသူတွေရော၊ လူနာတွေကိုရော မေဓာဝီဆေးရုံကိုပို့တယ်။ အထည်ချုပ်စက်ရုံ ဖယ်ရီကားပေါ်က အမျိုးသမီး ၁၆ ယောက်၊ အမျိုးသား ၃ ဦး ဒဏ်ရာ ရရှိတယ်” လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး အနော်ရထာလမ်းမကြီးပေါ်မှာ ဖယ်ရီကား ၂ စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ကားအောက်ပိမိလို့ ၃ ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။
Photo :ပုလဲအရန်မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW