အောက်တိုဘာ ၊ ၈ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာနားမှာ မနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လူ ၂ ယောက် အသတ်ခံရတဲ့အပြင် ရွာကိုပါ မီးရှို့တာတွေ ဖြစ်ခဲ့တယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။
” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်က ဖြစ်တာပါ ၊ လူ ၂ ယောက်သတ်ခံရတယ် ၊ သေဆုံးသူတွေက အဖွား Nu Ngaih Hnem အသက် ၆၇ နှစ် ၊ နဲ့ သူ့မြေးဖြစ်သူ Salai Van Bawi Lian အသက် ၁၄ နှစ်ဖြစ်တယ် ၊ သူတို့ ၂ ယောက်ကို စက္ကန့်ရွာနဲ့ စက်မှု့ဇုန်ကြားမှာ အသတ်ခံရတာဖြစ်ပြီး ၊ အလောင်းတွေရော ဆိုင်ကယ်ပါ မီးရှို့ခံထားရတယ် ၊ ဘယ်သူတွေ သတ်တယ်ဆိုတာကိုတော့ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် စက္ကန့်ရွာခံ တယောက်က ” အဖွား နူးနိုက်နဲ့ ဆလိုင်း ဗန်ဗွေ့လျန် တို့ မြေးအဖွား ၂ ယောက် တိုက်ပွဲရှောင်ပြေးလွှားသွားတာ မြင်လိုက်ရတယ် ၊ သူတို့က ဆိုင်ကယ်နဲ့ဆိုတော့ မမီလိုက်ဘူး ၊ နောက်မှ အသတ်ခံရပြီး မီးရှို့ခံထားရတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ထိတွေ့တိုက်ပွားတွေ ဖြစ်ပွားနေချိန်မှာလည်း စက္ကန့်ရွာမှာ အိမ်ခြေ တရာနီးပါး မီးရှို့ဖျက်စီးခံရပြီး စက္ကန့် ၊ ရှားတော ၊ ဆင်တော ၊ မြောင်းဆုံ စတဲ့ရွာတွေက ရွာခံ လူ ၁၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ပြေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က စက္ကန့်ရွာဘက်မှာ လုံခြုံရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေးသွားတယ် ၊ ရွာနားမှာ ထိတွေ့မှုတွေဖြစ်ပြီး တဘက်က ထွက်ပြေးတိမ်းရှောင်သွားတဲ့အခါ ရွာကို မီးရှို့ပြီးထွက်ပြေးတယ် ၊ ဖြစ်စဥ် အသေးစိပ် တက်မလာသေးလို့ အပြည့်စုံ ပြောဖို့ မဖြစ်နိုင်သေးဘူး ၊ နယ်မြေရှင်းလင်းရေးဘက်က ထိခိုက်သေဆုံးတာတွေ မရှိဘူး “လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ကလေးမြို့နယ်က နတ်ချောင်း ၊ ချောင်းခွ ၊ သံဘို ၊ ဆည်းတော ၊ ရာဇဂြိုလ် ၊ လက်ပံချောင်း ၊ ပြည်တော်သာ ၊ ပျင်းခုံကြီး ၊ ပျင်းခုံလေး စတဲ့ ရွာတွေ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က လူနေအိမ် ၁၀၀၀ ကျော် မီးရှို့ဖျက်စီးခံထားရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း နိုင်ငံနဲ့အဝှမ်းမှာ လူနေအိမ် ၁ သိန်းနီးပါး မီးရှို့ဖျက်စီးခံရတယ်လို့ ISP Myanmar က ဖော်ပြထားပါသေးတယ်။
Telegram Link: https://t.me/VOMNEWS2023/2850