တင်းမာမှုအမြင့်ဆုံး ရောက်ရှိလာတဲ့ အစ္စရေး-ပါလက်စတိုင်း ပြသနာ (သို့မဟုတ်) စစ်ပွဲတပွဲရဲ့ နိဒါန်း

မျိုးဆက်(VOM)
အောက်တိုဘာ-၈-၂၀၂၃
ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းအစ္စလာမစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ဟာ မနေ့ကအစောပိုင်းက အစ္စရေးဘက်ကို ဒုံးကျည်ထောင်ပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး ၂၅၀ ကျော်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အစ္စရေးတောင်ပိုင်းကိုပါ ဟားမတ်စ်လက်နက်ကိုင်တွေ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီးနောက် အစ္စရေး စစ်သားတွေနဲ့ အရပ်သားတွေကိုပါ ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း အစ္စရေးအာဏာပိုင်တွေက အတည်ပြုပြောဆိုထားပြီး နှစ်ဘက်အခြေအနေက အတင်းမာဆုံး ရောက်ရှိနေပါတယ်။
ဒါဟာ စစ်ဖြစ်နေပြီ” လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုလိုက်ပါတယ်။ အစ္စရေးကို အခုလိုက်တိုက်ခိုက်တာဟာ ဟားမတ်စ်တွေ မဟာအမှားကြီးတခုကို ကျူးလွန်ခဲ့တာဖြစ်ပြီး မကြုံစဖူး ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးစစ်တပ်က သတိပေးလိုက်ပြီး ဂါဇာကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တာကြောင့် ဂါဇာမှာ လူ ၂၀၀ ကျော်သေဆုံးခဲ့ကြပါတယ်။
စစ်သွေးကြွတွေဟာ အစ္စရေးတောင်ပိုင်း ဆီဒီရော့မြို့ရဲ့ လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို ပစ်ခတ်နေတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့ထွက်ပေါ်လာပါတယ်။
အကြမ်ဖက်အဖွဲ့အဖြစ် နိုင်ငံကြီးတွေက ကြေညာထားတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အခုလိုတိုက်ခိုက်မှုကို အမရိကန်၊ ပြင်သစ်၊ ဗြိတိန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ပြစ်တင်ရှုတ်ချထားပြီး ဒီကနေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ် ဆွေးနွေးကြဖို့ရှိနေပါတယ်။
ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးတို့အကြား ထိပ်တိုက်ပဋိပက္ခနဲ့ အပြန်အလှန်တိုက်မှုတွေဟာ ၂၀၀၅ ခုနှစ်ကစပြီး ခပ်စိတ်စိတ်ဖြစ်လာပြီး လက်ရှိတိုက်ခိုက်မှုကတော့ နှစ်ဘက်အကြား အပြင်းထန်ဆုံးဖြစ်ပါတယ်။
အစ္စရေးကတော့ ဟားမတ်စ်တွေရဲ့ အပြင်းထန်ဆုံးသော ဒုံးကျည်တိုက်ခိုက်နဲ့ နိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်မှုတွေအပေါ် မကြုံစဖူးလက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားပြီး ဂါဇာက ဒေသခံတွေအနေနဲ့ နေအိမ်တွေကနေ ထွက်ခွာပြီး မြို့လယ် သို့မဟုတ် လုံခြုံတဲ့ အမိုးအကာတွေအောက်ကို ပြောင်းရွှေ့ကြဖို့သတိပေး ထုတ်ပြန်ထားပါတယ်။
စစ်ပွဲဟာ ဟားမတ်စ်တွေရဲ့ လူသတ်တိုက်ခိုက်မှု ဖိအားတွေကြောင့် ဖြစ်ပွားခဲ့ရတာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ပြောဆိုထားပြီး အစ္စရေးနယ်မြေထဲရောက်နေတဲ ့ဟားမတ်စ်မှန်သမျှကိုသုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂါဇာကမ်းမြှောင်ဒေသကို လျှပ်စစ်ဓါတ်အား၊ လောင်စာဆီနဲ့ ကုန်ပစ္စည်းတွေ ထောက်ပံ့လို့မရအောင် ဖြတ်တောက်ပစ်မယ်လို့ အစ္စရေးအစိုးရက ထုတ်ဖော်ပြောဆိုထားပါတယ်။
ဟားမတ်စ်အဖွဲ့ လက်နက်ကိုင်တွေဟာ ဂါဇာခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်ပြီး အစ္စရေးစစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်သလို အစ္စရေးအရပ်သားတွေကို တအိမ်တက်ဆင်း သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်ကွန်ရီကပ်စ်က ပြောပါတယ်။
အစ္စရေး(ဂျူး) တွေနဲ့ အာရပ်ပါလက်စတိုင်းတို့အကြား ပဋိပက္ခရဲ့ အစပြုမှုကတော့ ပထမကမ္ဘာစစ်အတွင်း အော်တိုမန်အင်ပါယာ ပြိုကွဲပြီးနောက်မှာဖြစ်ပါတယ်။
အဲဒီနောက်မှာ အရှေ့အလယ်ပိုင်းရှိ ဂျူးအနည်းစုနဲ့ အာရပ်အများစုနေထိုင်တဲ့ ပါလက်စတိုင်းနယ်မြေတွေကို ဗြိတိန်က ထိန်းချုပ်ခဲ့ပါတယ်။ ဒီနယ်မြေဟာ ဘိုးဘွားပိုင်နယ်မြေလို့ ဂျုူးတွေက အခိုင်အမာဆိုကြသလို အာရပ်ပါလက်စတိုင်းတွေကလည်းသူတို့မြေလို့ ဆိုကြပါတယ်။
အဲဒီနောက် ၁၉၂၀ နဲ့ ၁၉၄၀ ကြားခုနှစ်တွေမှာတော့ ဥရောပမှ ဖိနှိပ်ခံရတဲ့ ဂျူးတွေဟာ ပါလက်စတိုင်းနယ်မြေတွေထဲကို အလုံးအရင်းနဲ့ဝင်ရောက်လာပြီးနောက် နယ်ခြေအခြေချမှုတွေကြောင့် နှစ်ဘက်အကြား တင်းမာမှုတွေ အစပြုခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ်မှာတော့ ပါလက်စတိုင်းနယ်မြေနဲ့ ဂျူးနယ်မြေခွဲဖို့ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ဂျူးတွေက ဒီအစီအစဉ်ကို လက်ခံခဲ့ပေမယ့် အာရပ်တွေကတော့ ဒီအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီနယ်မြေကို ဗြိတိန်အုပ်ချုပ်မှုအဆုံးသတ်သွားပြီးနောက် အစ္စရေးနိုင်ငံတည်ထောင်ကြောင်း ဂျူးတွေက ၁၉၄၈ ခုနှစ်မှာ ကြေညာခဲ့ပေမယ့် အာရပ်ကမ္ဘာနဲ့ အစ္စရေးတို့အကြား လက်ရှိချိန်ထိ မပြေလည်နိုင်သေးတဲ့ ပြသနာမီးပွား သို့မဟုတ် နောက်ဆက်တွဲ ဂျူးအခြေချနေထိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အစ္စရေး-ပါလက်စတိုင်း ပြသနာအဖြစ် တည်ရှိနေခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဟားမတ်စ်အုပ်စုနဲ့ တိုက်ခိုက်မှုဟာ စစ်ဖြစ်ပြီလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြေညာထားပြီး စစ်ဘက်အရန်တပ်အင်အား ရှစ်သောင်းကို ဆင့်ခေါ်လက်နက်တပ်ဆင်ပေးနေကာ ဟားမတ်စ်တို့ကို အဆုံးတိုင်တိုက်ခိုက်သွားမယ်လို့ ကတိပြုထားတာကြောင့် ဒီတကြိမ်ပဋိပက္ခဟာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။
Ref: AP/BBC
Photo:Reuters/AFP

Related posts

Leave a Comment

VOM News

FREE
VIEW