ဒီမနက် မိုးရွာသွန်းမှုများလို့ ရန်ကုန် – မန္တလေး အမြန်လမ်း အပါအဝင် တိုင်းနဲ့ ပြည်နယ် ကားလမ်းတွေ ရေကျော်နေ

အောက်တိုဘာ ၊ ၈ ၊ ၂၀၂၃
SP (VOM)
ဒီမနက် အစောပိုင်းက ရှမ်းပြည်နယ် ၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတွေမှာ မိုးရွာသွန်းမှုများပြားပြီး ကားလမ်းတွေပေါ် ရေကြီးရေလျှံဖြစ်တဲ့အတွက် ကားတွေ သွားလာမရ ပိတ်မိနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၊ ကယ်ဆယ်ရှာဖွေရေး ဌာနဆီက သိရပါတယ်။
” မနေ့ညကလည်း မိုးရွာတယ် ၊ ဒီမနက် ၄ နာရီဝန်းကျင်ကစလို့ မိုးကြီးတယ် ၊ အခုထိ မိုးမတိတ်သေးဘူး ၊ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုး ၊ သီပေါ ၊ ကျောက်မဲ ၊ နောင်ချိုဘက်တွေမှာလည်း ရေကြီးရေလျှ့တာတွေဖြစ်နေတယ် ၊ ပဲခူးမြို့ပေါ်နဲ့ ရန်ကုန် – မန္တလေး အမြန်လမ်းပိုင်းမှာလည်း ရေကြီးရေလျှံတာတွေရှိတယ် ” လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၊ ကယ်ဆယ်ရှာဖွေးရေး ဌါနက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နောင်ချိုမြို့ခံ တယောက်က ” ဒီမနက် ၄ နာရီဝန်းကျင်ကနေ အခုထိ မိုးရွာနေတယ် ၊ မိုးက အဆက်မပြတ်ရွာနေတယ် ၊ ဂုတ်တွင်း ဘက်မှာလည်း ရေကြီးလို့ ကားတွေစောင့်နေရတယ် ၊ နောက်ပြီး အုမ္မတီး ၊ ကျောက်ကြား ဘက်မှာလည်း ရေကြီးရေလျှံလို့ ကားတွေစောင့်နေရတယ် ၊ အဲ့ဒီနေရာတွေက တောင်ပေါ်မှာ မိုးကြီးပြီဆိုရင် လမ်းတွေပေါ်မှာ ရေကြီးရေလျှံဖြစ်နေကြ နေရာတွေဖြစ်တယ် ၊ မိုးရပ်သွားလို့ တနာရီကျော်လောက်ဆို ရေပြန်ကျသွားတယ် ၊ တောင်ကျရေဆိုတော့ ရေကျမြန်သလို ရေစီးလည်းသန်တယ် ၊ မိုးရွာပြီး ခဏနေရင် ရေပြန်ကျသွားမှာ ဖြစ်တယ် ၊ အိမ်စီးကားတစ်စီးရေမျှောတာကလွဲလို့ ထိခိုက်သေဆုံးတာ အခုထိ မရှိသေးဘူး ” လို့ ပြောပါတယ်။
ဒီမနက် ၈ နာရီဝန်းကျင်က ရန်ကုန် – မန္တလေး အမြန်ကားလမ်း မိုင်တိုင်အမှတ် ၃၉ မိုင်နားက မီနီတိုးဂိတ်နေရာမှာ ကားလမ်းပေါ် ရေကြီး ရေလျှံတာတွေဖြစ်နေလို့ ဒေသဆိုင်ရာ လူမှုကယ်ဆယ်ရှာဖွေးရေး အဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဒီမနက် ၆ နာရီက ပဲခူးတိုင်း ၊ ပဲခူးမြို့ပေါ်မှာရှိတဲ့ ကျွန်းသာယာ ၊ မဇင်း ၊ ကလျာဏီ ၊ ဇိုင်းတောင် ၊ ကျောက်ကြီးစု ၊ မြို့သစ် စတဲ့ လူနေရပ်ကွက်တွေထဲမှာလည်း ရေကြီးရေလျှံတာတွေဖြစ်တာကြောင့် သက်ဆိုင်ရာက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ်နဲ့ ကလေးခရိုင် ၊ ကလေးဝမြို့နယ်ကြားမှာရှိတဲ့ ပျဥ်းကိုင်း ရွာခံ တယောက်က ” ညက မိုးရွာတယ် ၊ ဒီမနက်အထိ မိုးဖွဲဖွဲကျနေတယ် ၊ ကားလမ်းအခြေအနေက စလစ်ဖြစ်နေတာကြောင့် နီးစပ်ရာ ယာဥ်နား စခန်းတွေမှာ အုပ်စုလိုက် ခိုနေကြတယ် ၊ အတက်ကားတွေရော ၊ အဆင်းကားတွေပါ နဲ့ဆိုရင် ကား ၁၅၀ လောက်ရှိမယ် ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ မိုးဇလဌာနက ဒီလ ၈ ရက်ကနေ ၁၂ ရက်အထိ ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ စစ်ကိုင်းတိုင်းစတဲ့နေရာတွေမှာ မိုးရွာသွန်းမှု များပြားလာနိုင်တယ်လို့ ကြိုတင် သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW