ပဲခူးမှာ မိုးများပြီး မြစ်ရေတက်လို့ ကယ်ဆယ်ရေးလုပ်နေရပြန်

ရန်ကုန်၊အောက်တိုဘာ ၈ – ၂၀၂၃
GG (VOM)
ပဲခူးမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃ ပေနီးပါး ( ၉၀ စင်တီမီတာ)မြင့်တက်နေလို့ ရေကြီး နစ်မြုပ်မှုဖြစ်နေတဲ့ရပ်ကွက်နေထိုင်သူတွေကို အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်နေရတယ်လို့သိရပါတယ်။
ဒီတကြိမ် ပဲခူးမြို့အတွင်း ရေကြီးရေလျှံပြီး ရေနစ်မြုပ်မှုအခြေအနေဟာ အရင်တခါဖြစ်စဥ်တွေထက်ပိုဆိုးတဲ့အခြေအနေရှိကြောင်း ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်က ၈၈၀ ဖြစ်ပြီးလက်ရှိမှာ.စိုးရိမ်ရေမှတ်ထက်ကျော်ကာ ၉၇၀ စင်တီမီတာ အထိရောက်ရှိနေတာဖြစ်ပါတယ်။
လက်ရှိမှာ ပဲခူးမြို့က မြေအနိမ့်ပိုင်း တွေဖြစ်တဲ့ ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာ ၄ ရွာဖြစ်တဲ့ မြို့သစ် ၊ ဇိုင်းကနိုင်းတောင်နဲ့ ဇိုင်းမြောက်၊ ကျောက်ကြီးစု ၊ရွာသစ်၊ကျွန်းသာယာ ၊ကလျာနီ ၊မဇင်း၊ဥဿာ ၂ နဲ့ဥဿာ၇ ၊ပုဏ္ဍားစု၊ကလိ၊ဘုရားကြီး ၁ ၊ဝါးပြန်ကုန်း နဲ့ကမ်းမြင့် ရွာတွေမှာ ရေနစ်မြုပ်နေတာဖြစ်ပါတယ်။
ဒါ့ကြောင့် သက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာ အနီးက စာသင်ကျောင်းနဲ့ ဘုန်းကြီး ကျောင်း ၂၄ ခုမှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ကာ ​စောင့်ရှောက်ထားကြောင်း၊ လတ်တလောမှာ ရေဘေးသင့်သူပေါင်း ၈၀၀၀ ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။
” ကျောက်ကြီးစု ဂရပ်ကွက်မှာ မနေ့ကညက ညတုန်းက ရေက ဒူးခေါင်းလောက်ပဲရှိတယ်။ခုကယ်ဆယ်ရေးလုပ်တော့ ရေက လမ်းထိပ်တင် ရင်ဆို့လောက်ရှိနေတယ်။ လမ်းထဲမှာဆိုရင် လူတရပ်မြုပ်ပါတယ်၊ဒါကြောင့် လှေနဲ့ကယ်ဆယ်ရေးလုပ်နေရပါတယ်။ခုတခါရေကြီးတာက အရင်တခါတွေထက်ဆိုးပါတယ်။ပိုများပါတယ်။အရင်တခါ ရေမနစ်မြုပ်တဲ့အနိမ့်ပိုင်းရပ်ကွက်တွေတောင်ခါတခါရေ နစ်မြုပ်နေပါတယ် ၊” လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ အနာဂတ်ကြယ်ပွင့်သွေးအခမဲ့နှင့် လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။
ပဲခူးမှာ မနေ့က အောက်တိုဘာလ ၇ ရက်နေ့ကတည်းက မိုးရွားသွန်းမှုကြောင့် မြစ်ရေတိုးပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတာဖြစ်ကြောင်း ၊လက်ရှိအချိန်ထိလည်း မိုးရွာသွန်းနေလို့ ရေတွေကထပ်တိုးလာနေတယ်လို့သိရပါတယ်။
ပဲခူးက အနိမ့်ပိုင်းနေရာတွေမှာ ရေနစ်မြုပ်နေတဲ့အပြင် ကားလမ်းတွေကိုလည်း ရေနစ်မြုပ်နေတာကြောင့် ပဲခူးမြို့တွင်းလမ်း ကနေ ရန်ကုန်ကို သွားလာခွင့်ယာယီပိတ်ထားသလို ရန်ကုန်လမ်းပိုင်း၊ အမြန်လမ်း ၃၉ မိုင်(ဘောနက်ကြီး)နဲ့ ဘုရားကြီးအကြားလမ်း ရေကျော်နေလို့ ကားတွေကို ဖြတ်သန်းသွားလို့မရဖြစ်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် ပဲခူးမြို့နယ်အတွင်းက အခြေခံပညာစာသင်ကျောင်း ၃၄ ကျောင်းကိုလည်း ယာယီပိတ်ထားကြောင်း အသိပေးထားတယ်လို့သိရပါတယ်။
” အခု ထမင်းထုပ်ဝေဖို့သွားနေတာပါ၊အခုအေခြအနေက နဂို ရေတက်တာထက်ကိုပိုတက်တယ်၊အနိမ့်ပိုင်းတွေမှာ တခါမှ ဒီလောက်ထိအောင်တက်တဲ့ ရေနစ်မြုပ်မှုမျိုးကို ခံစားနေရတယ်၊ဒါကြောင့်အခုက ကယ်ဆယ်ရေးလုပ်တဲ့သူတွေကလုပ်တယ်၊ထမင်းဘူးဝေတဲ့အဖွဲ့တွေက ဝေဖို့လုပ်နေကြတယ် ” လို့ ကလျာဏမိတ္တ လူမှုကူညီရေး အသင်းက အကျိုးတော်ဆောင် ကိုတင်ဆွေမြင့်က ပြောပြပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ ရေဘေးသင့်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေး အသင်းတွေက ထမင်းထုတ်တွေ၊ သောက်ရေ တွေကို လှူဒါန်းနေကြပြီး ရေဆက်တိုးပြီး ရေနစ်မြုပ်နေရာပိုများလာမယ်ဆိုရင် နေ့စဥ်ကျွေးမွေးဖိူ့အတွက် အလှူရှင်တွေလိုအပ်နေတယ်လို့သိရပါတယ်။
ပဲခူးမြိုမှာ မိုးကြီးပြီး မြစ်ရေလျှံလို့ ရေကြီးနစ်မြုပ်မှုဖြစ်ပွားတာဟာ ခုတကြိမ်နဲ့ဆိုရင် ၄ ကြိမ်ရှိပြီဖြစ်ကြောင်း ၊ လက်ရှိရေကြီးနစ်မြုပ်မှုက အဆိုးဝါးဆုံးအခြေအနေဖြစ်တယ်လို့သိရပါတယ်။
ဓါတ်ပုံ-လူမှုရေးအသင်းများ

Related posts

Leave a Comment

VOM News

FREE
VIEW