ရာသီဥတုပြောင်းလဲမှုကို သတိပြုပါ

သွေး (စစ်ကိုင်း)
ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ကမ္ဘာတဝှမ်း တွေ့ကြုံခံစားလာနေရ တာ တွေ့ရပါတယ်။ အစွန်းရောက် ရာသီဥတုဖြစ်တဲ့ ရေကြီးမှု မိုးခေါင်ရေရှားမှုတို့ကို ခံစားနေကြရုံသာမက တောမီးလောင်မှု အပူချိန်အလွန်အမင်း မြင့်တက်မှု မုန်တိုင်းတိုက်ခတ်မှုတွေလည်း ပိုများလာနေတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှု အများအပြား ရှိခဲ့ပါတယ်။
Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာ့အင်အားကြီး စက်မှုနိုင်ငံတွေအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းနေလို့ပါပဲ။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်လည်ပတ်မှု သစ်တောပြုန်းတီးမှု တရားမဝင် သစ်တောခုတ်လှဲမှု အပါအဝင် လူသားတွေရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက် တွေကြောင့် ကမ္ဘာကြီး ပူနွေးလာရတာ လို့ ပညာရှင်တွေက ထောက်ပြခဲ့တာ ကြာပါပြီ။
ဥရောပတလွှားမှာ မိုးခေါင်ရေရှားမှုနဲ့ တွေ့ကြုံခဲ့ရပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေ လျော့ကျခဲ့ရပါတယ်။ အီတလီမြောက်ပိုင်း, ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ မိုးခေါင်ရေရှားမှုဒဏ် ခံစားခဲ့ရသလို စိုက်ပျိုးရေး လုပ်ငန်းမှာ သုံးစွဲဖို့ ရေလုံလောက်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေပါ ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ က စ,ပြီး ပြင်သစ်နိုင်ငံမှာ မိုးလုံးဝမရွာတဲ့ရက် ၃၂ ရက် ဆက်တိုက် ဖြစ်ခဲ့တယ် လို့ euronews.com မှာ ရေးသားချက်အရ သိရပါတယ်။
စပိန်နိုင်ငံဟာလည်း မိုးခေါင်ရေရှားမှုကို ကာလကြာရှည် ခံစားခဲ့ရပြီး ဆည်တွေမှာပါ ရေနည်းပါးမှု ဖြစ်ပေါ်ခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စ,ပြီး မိုးခေါင်ရေရှားပါးမှု အခြေအနေနဲ့ တွေ့ကြုံခဲ့ရတာပါ။ အီတလီနိုင်ငံမှာ ဆိုရင်လည်း နိုင်ငံမြောက်ပိုင်းက ‘ဂါဒါ’ ရေကန်ကြီး ခမ်းခြောက်မှုတွေ ဖြစ်ခဲ့ပါတယ်။
နိုင်ငံတကာ အစိုးရအဖွဲ့များ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးရေးအဖွဲ့ (Intergovernmental Panel on Climate Change – IPCC) က မကြာသေးခင်ကပဲ ဆဌမမြောက် ဆန်းစစ်ချက်အစီရင်ခံစာမှာ ရာသီဥတု ပြောင်းလဲမှု အတွက် လူသားတွေမှာ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘာ့နေရာ တော်တော်များများမှာ လွန်ခဲ့တဲ့နှစ် ဆယ်စုနှစ် ၃ ခု အတွင်း ရေကြီးမှု, မိုးခေါင်မှုနဲ့ တောမီးလောင်မှုတွေ ပိုမိုဖြစ်ပွားလာခဲ့တာဟာ လူသားတွေရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက်တွေကြောင့်လို့ ဆိုပါတယ်။
ဂရိ, စပိန်, ဂျာမနီ စ,တဲ့ နိုင်ငံတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ရသလို ‘Dana’ မုန်တိုင်းကြောင့် စပိန်နိုင်ငံမှာ ရေကြီးမှု ဖြစ်ခဲ့ရတာပါ။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်နဲ့ အတူ မုန်တိုင်းတိုက်ခတ်မှုတွေ ပိုများလာနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ ဒါ့အပြင် မြောက်အာဖရိက က လစ်ဗျားနိုင်ငံမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း အပူပိုင်းမုန်တိုင်း ‘ဒန်နီယယ်’ တိုက်ခတ်မှုကြောင့် ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်တဲ့ ‘ဒါနာ’ မှာ ဆည် နှစ်ခု ကျိုးပေါက်မှု ဖြစ်ခဲ့ရပါတယ်။ အလွန်ပြင်းထန်တဲ့ ရေကြီးမှုကြီး အတွင်း သေဆုံးရသူ သောင်းဂဏန်းထိ ရှိနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ဆည်တွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးတာ, ပြင်ဆင်တာ စ,တဲ့ အစီအမံတွေ မပြုလုပ်ခဲ့တာကြောင့်လည်း အခုလောက် အသေအပျောက်များခဲ့တာလည်း ဖြစ်ပါတယ်။
ဝင်ရိုးစွန်းဒေသတွေ အတွင်းက ရေခဲမြစ်တွေ အရည်ပျော်ကျမှု ဖြစ်လာရတာကလည်း ကမ္ဘာကြီး ပူနွေးလာမှုရဲ့ ဆိုးကျိုးသက်ရောက်မှုလို့ ဆိုနိုင်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာစေပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ ဆိုရင် ရေခဲပြင်တွေ ဆုံးရှုံးရမှုက ပိုမိုများပြား ကျယ်ပြန့်လာနေပြီး အရင်က ရှိခဲ့တဲ့ ရေခဲပြင်ထုထည်ရဲ့ ၁၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးသွားခဲ့တယ် လို့ သိရပါတယ်။ ကနေဒါနိုင်ငံမှာ တောမီးတွေ လောင်ကြွမ်းခဲ့ရတဲ့ ဖြစ်စဉ်ဟာ ရေခဲပြင် အရည်ပျော်ကျမှုနဲ့ ဆက်စပ်နေတယ် လို့ ပညာရှင်တွေက ဆိုပါတယ်။ အက်သာဘာ့စကာ (Athabasca) ရေခဲပြင်ဟာ ကနေဒီယန်ရော့ကီးတောင်တန်းတွေမှာ တည်ရှိနေပြီး ရေခဲပြင် ပမာဏ နှစ်စဉ် ဆုံးရှုံးနေရတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀၀ ကျော်ကာလက ရှိခဲ့တဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် ရေခဲပြင်ထုထည် ထက်ဝက်ခန့် ဆုံးရှုံးနေရပါတယ်။ ကနေဒါမှာသာမက စပိန်, ဂရိ, အီတလီနိုင်ငံတွေမှာပါ တောမီး လောင်ကြွမ်းမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံး ကျွန်းတစ်ခုဖြစ်တဲ့ မော်အိ (Maui) ကျွန်းမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လာက လောင်ကျွမ်းခဲ့တဲ့တောမီးကြောင့် လူရာချီ သေဆုံးရ သလို ပျောက်ဆုံးနေသူတွေလည်း အများအပြားပါ။ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (UNEP) က တောမီးလောင်ကျွမ်းမှုတွေကြောင့် ဂေဟစနစ်ကို ပိုမိုပျက်စီးလာနိုင်ကြောင်း သတိပေးထားပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ မြေယာအသုံးပြုမှု အပြောင်းအလဲတွေကြောင့် တောမီးလောင်ကျွမ်းမှုတွေ ပိုမိုဆိုးဆိုးရွားရွား ဖြစ်လာနိုင်တယ် လို့လည်း UNEP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့အပူချိန် မြင့်တက်လာတာနဲ့ အမျှ ခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေတွေ ပိုဖြစ်ပေါ်ပြီး တောမီးလောင်ကျွမ်းမှုနဲ့ မိုးခေါင်ရေရှားမှုတို့ ဆက်စပ်ဖြစ်ပေါ်စေဖို့ တွန်းအားပေး နေတာပါပဲ။
ရာသီဥတုပြောင်းလဲမှုနဲ့ အတူ သစ်တောခုတ်ထွင်မီးရှို့မှုကြောင့် နောက်ထပ်ဖြစ်လာရတဲ့ ပြဿနာတစ်ရပ်က ‘မီးခိုးမြူ’ ပြဿနာပါ။ အထူးသဖြင့် အာရှတိုက်က အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ဆိုသလို ဆီအုန်း စိုက်ခင်းတွေ တိုးချဲ့ဖို့ အတွက် သစ်ပင်တွေကို တရားမဝင် ခုတ်လှဲနေတာကြောင့် တောမီးလောင်မှုနဲ့ မီးခိုးမြူ အများအပြား ထွက်ပေါ်လာပါတယ်။ အင်ဒိုနီးရှား တစ်နိုင်ငံတည်းမှာပဲ မီးခိုးမြူရဲ့ ဆိုးကျိုးတွေ ခံစားနေရသူ သန်း ၂၀ ထက်မက ရှိပါတယ်။ ဘရူနိုင်း, မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အထိ အဲဒီမီးခိုးမြူတွေက ပျံ့နှံ့သွားတာပါ။ လူသားတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့ အဆုတ်ရောင်ခြင်း, ပန်းနာရင်ကျပ်ဖြစ်ခြင်း စ,တဲ့ ဆက်စပ်ရောဂါတွေခံစားရတာကြောင့် မီးခိုးမြူအရေးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေရပါတယ်။
အာရှနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ, တရုတ်, ပါကစ္စတန်, ဘင်္ဂလားဒေ့ရှ်, နီပေါနိုင်ငံတွေမှာ ၂၀၂၃ ခုနှစ်အတွင်း ရေကြီးရေလျှံမှုတွေ, မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရရုံသာမက လူ့အသက်ပေါင်း များစွာလည်း ဆုံးရှုံးခဲ့ရပါတယ်။ Voice of Myanmar သတင်းမီဒီယာမှာ ဖော်ပြထားချက်အရ အိန္ဒိယအရှေ့မြောက်ပိုင်းက ဆစ်ကင်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ မြောက်ပိုင်းဒေသနဲ့ တခြားပြည်နယ်တွေကို ဆက်သွားထားတဲ့ တံတား ၂ စင်းကျိုးကျပျက်စီးခဲ့ရသလို သယ်ယူပို့ဆောင်ရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့ရပါတယ်။ ဟိမဝန္တာ တောင်တန်းတွေပေါ်မှာရှိတဲ့ ရေအိုင် ၅၀၀ ခန့်က ရေခဲတွေ အရည်ပျော်နိုင်ဖွယ် ရှိတယ် လို့ လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ပညာရှင်တွေက သတိပေးခဲ့တာပါ။ ဟိမဝန္တာတောင်တန်းတွေမှာ မြစ်ဖျားခံတဲ့ မြစ်တွေဖြတ်သန်း စီးဆင်းရာ နိုင်ငံတွေမှာ ရေဘေးဒဏ်သင့်နိုင်တယ် လို့လည်း လေ့လာမှုတွေက ဖော်ပြခဲ့ပါတယ်။
ကုသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံမှာ မုတ်သုန်မိုး ကြီးပြီး မြစ်ချောင်းတွေ ရေလျှံတာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ရေဘေး သင့်ခဲ့ရတာ လို့ ဆိုပါတယ်။ ပဲခူး, ကရင်, မွန်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့က မြို့နယ် ၁၆ ခုမှာ ရေဘေးသင့်သူ ခန့်မှန်းခြေ ၅၀,၀၀၀ နီးပါး ရှိတယ် လို့ သိရပါတယ်။ ဒါ့အပြင် ကရင်, မွန်နဲ့ ရခိုင်ပြည်နယ်က စပါးစိုက်ခင်း, သီးနှံစိုက်ခင်းတွေပါ ပျက်စီးခဲ့ရပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံ ၄၄ နိုင်ငံက ကလေးငယ် ၄၃ သန်းကျော်ဟာ ပြောင်းလဲဖောက်ပြန်နေတဲ့ ရာသီဥတုကြောင့် အိုးပစ်အိမ်ပစ်အခြေအနေ ရောက်ရှိခဲ့ရကြောင်း ဖော်ပြထားပါတယ်။ VOA သတင်းဌာနရဲ့ ရေးသားထားချက်အရ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကြား အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ရေကြီးမှုကြောင့် ကလေးငယ် ၁၂ သန်းနဲ့ မုန်တိုင်းဒဏ်ကြောင့် ကလေးငယ် ၆ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ် လို့ ဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုတွေကြောင့် ကလေးငယ်တွေရဲ့ ပညာရေး, ကျန်းမာရေးတွေမှာ ထိခိုက်ခဲ့ရပါတယ်။
သိပ္ပံပညာရှင်တွေက အယ်လ်နီညို အစွန်းရောက် ရာသီဥတုဖြစ်စဉ် စ,တင်နေပြီ လို့ သတိပေးထားတာကို အလေးထား ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ လာမယ့် ၂၀၂၄ ခုနှစ်ဟာ အပူဆုံးနှစ် တစ်နှစ် ဖြစ်လာနိုင်တယ် လို့ သတိပေးထားသလို မြန်မာနိုင်ငံမှာလည်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ် သက်ရောက်နိုင်ကြောင်း ခန့်မှန်းထားတာ ရှိပါတယ်။ ဒါကြောင့် လက်ရှိအချိန်ကတည်းက သောက်သုံးရေ စုဆောင်းထားဖို့, ရေကို အလွန်အကျွံမသုံးဖို့, မုန်တိုင်းဒဏ်ခံ အဆောက်အဉီတွေ ဖြစ်ဖို့ စီမံထားနိုင်ရင် အကောင်းဆုံးပါ။
ရုပ်ကြွင်းလောင်စာ လျှော့သုံးရေး တွန်းအားပေးဖို့ လိုအပ်သလို တရားမဝင် သစ်ပင်ခုတ်လှဲမှုတွေကို ထိထိရောက်ရောက် တားဆီးဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်ကလည်း ပြုန်းတီးသွားတဲ့ သစ်တောတွေ ပြန်လည် ပြုစုပျိုးထောင်ဖို့၊ ဒီရေတောတွေ ရှင်သန်ရေးတွေလည်း လုပ်ဆောင်ရမှာပါ။ ပြန်ပြည့်မြဲ စွမ်းအင်သုံးစွဲတာကလည်း ကောင်းမွန်တဲ့ အစီအမံပါ။
တစ်ဦးချင်း လုပ်ဆောင်နိုင်တဲ့ အရာတချို့ကတော့ သိပ်မဝေးတဲ့ နေရာကို လမ်းလျှောက်သွားတာ၊ ကိုယ်ပိုင်ကား, ဆိုင်ကယ်တွေ မသုံးဘဲ စက်ဘီးစီးတာ၊ ရေနဲ့ လျှပ်စစ်မီးကို အတတ်နိုင်ဆုံး ချွေတာသုံးတာ၊ လေထုညစ်ညမ်းစေတဲ့ ထင်း,မီးသွေးအသုံးပြုမှု အတတ်နိုင်ဆုံး လျှော့ချသုံးစွဲတာတွေ ဖြစ်ပါတယ်။ ကျွန်မတို့ လူသားတွေမှီတင်းနေထိုင်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို တားဆီးကာကွယ်ကြဖို့ လူတိုင်းပါဝင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။

Related posts

Leave a Comment

VOM News

FREE
VIEW