စစ်ကိုင်း၊ အောက်တိုဘာ- ၁၅ – ၂၀၂၃
SA(VOM)
စစ်ကိုင်းမြို့က ဘော်ဂါကျောက်ဝိုင်းကို ဒီကနေ့နောက် ဆုံးထားပြီး ရွှေ့ပြောင်းဖို့ သတင်းထွက်ပေါ်ပြီးတဲ့နောက် နေရာချပေးထားတဲ့ Mingalar Sagaing Market မှာ ဒီကနေ့ ကျောက်အရောင်းဝယ်သမားတွေ တစ်ယောက်မှ မရှိဘူးလို့ သိရပါတယ်။
” မနက်က အဲ့စျေးကိုသွားကြည့်တော့ ကျောက်အရောင်းဝယ်သမား တစ်ယောက်မှမရှိဘူး၊ ဆိုင်ခန်းတွေကလည်းရှင်းနေတယ်၊ ဟိုဘက်လည်း မရောင်းရဲ ဒီဘက်မှာလည်း နေရာအသစ်ဆိုတော့ လာမရောင်းကြသေးဘူး၊ မန္တလေးကို မနက်အစောကြီးသွားရောင်းကြတာများတယ်၊ မန္တလေးကျောက်ဝိုင်းဘက်မှာတော့ အရောင်း အဝယ်သမားတွေ တိုးလာမယ်ထင်တယ်” လို့ ကျောက်လုပ်ငန်းရှင်တဦးက VOM ကိုပြောပါတယ်။
နေ့စဥ် လူ ၂၀၀၀ ပတ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဘော်ဂါကျောက်ဝိုင်းဟာ ကျောက်ဝိုင်းဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ရွှေ့ပြောင်းပြီးတဲ့နောက် လူ ၅၀ ဝန်းကျင်ခန့်သာ လာရောက်ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။
” ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက စည်ပင်ခွန်၊ အမြတ်ခွန်တွေကို နိုင်ငံတော်ကို ပေးရတယ်လို့ သိရတယ်၊ ဒီအစိုးရလက်ထက်မှာမှ မဟုတ်ပါဘူး အစိုးရအဆက်ဆက်က ဒီကျောက်ဝိုင်းကို ရွှေ့ဖို့ လုပ်ခဲ့ကြတာ၊ မအောင်မြင်ခဲ့ဘူး၊ ခေတ်ကလည်း မတူတော့ဘူးဆိုတော့ ဒီတခါရွှေ့တဲ့ကိစ္စတော့ အောင်မြင်နိုင်ပါတယ်” လို့ ကျောက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
အရင်က ဘော်ဂါကျောက်ဝိုင်းမှာ ၄ ပေ ၈ ပေအကျယ်ရှိတဲ့ ဆိုင်ခန်းတစ်ခန်းကို တလ ၅၀၀၀၀ ကျပ်နဲ့ ငှားရမ်းရပြီး လက်ရှိ ရွှေ့ပြောင်းရမယ် စျေးအသစ်မှာ ၄ ပေ ၈ ပေ ဆိုင်ခန်းတစ်ခန်းကို တလငှားရမ်းခ မြန်မာနိုင်ငံသားဆိုရင် ၄၀၀၀၀ ကျပ်နဲ့ တရုတ်လူမျိုး ငှားရမ်းမယ်ဆိုရင် ၁၂၀၀၀၀ ကျသင့်မှာဖြစ်ပြီး ၁၆ ပေပတ်လည်အခန်းကို မြန်မာနိုင်ငံသာတွေ ငှားရမ်းမယ်ဆိုရင် တလကို ၃၀၀၀၀၀ ကျပ်ဖြစ်ပြီး တရုတ်လူမျိုးငှားရမ်းမယ်ဆိုရင် တလကို ၉၀၀၀၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ဝိုင်းအသစ်လို့ပြောပေမယ့် Super Market နဲ့ရောယှက်ထားတယ်လို့သိရပြီး ကျောက်အရောင်အဝယ်လုပ်ကိုင်သူတွေကတော့ မန္တလေးက မဟာအောင်မြေကျောက်ဝိုင်းလို ကျောက်ဝိုင်းသီးသန့်ထားရှိပေးဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။
Telegram Link: https://t.me/VOMNEWS2023/3023