ရွှေပြည်သာယာဉ်တိုက်မှု ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၇ – ၂၀၂၃
SN (VOM)
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ မနေ့ အောက်တိုဘာ ၁၆ ရက်နေ့၊ ည ၈ နာရီဝန်းကျင်က အရေးပေါ်လူနာတဦးကို ဆေးရုံလိုက်ပို့တဲ့ ပရဟိတကားတစီးဟာ ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိတာကြောင့် စေတနာ့ဝန်ထမ်းတဦးနဲ့ လူနာတို့ သေဆုံးသွားခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်အတွင်း သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီ့ဖြစ်စဉ်ဟာ ရွှေပြည်သာမြို့နယ်၊ (၁၄) လမ်းဆုံ၊ ပုလဲလမ်းမပေါ်၊ Nescafe ကုမ္ပဏီအရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်းကတော့ အခင်းဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အဲ့ဒီ့ ပရဟိတလူနာတင်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူနာကတော့ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“အဲ့ဒီ့ လူနာတင်ယာဉ်က ယာဉ်ပေါ်မှာ အနီရောင်အဆင့်လူနာ ပါလာတယ်။ အဲ့ကားက ရွှေပြည်သာဘက်ကနေ အင်းစိန်ဆေးရုံကို မောင်းလာတာပါ။ အခင်းဖြစ်တဲ့နေရာရောက်တော့ ဘယ်ဘက် ယာဉ်ကြောမှာ ကားတွေကပိတ်နေတော့ ညာဘက်ယာဉ်ကြောကိုဆင်းလိုက်တာ။ ဆင်းလိုက်တော့ အဲ့အရှေ့မှာ တွဲကားက ရပ်ထားတာကို မတွေ့လိုက်တာ။ ညဘက်မှာ လျှပ်စစ်မီးတွေကလည်းမှောင်နေသလို တွဲကားမှာ ရောင်ပြန်ကလည်း မရှိဘူး၊ လမ်းဘေးမှာရပ်ထားတာ။ အဲ့ဒီ့လို လမ်းဘေးမှာ ရပ်ထားတယ်ဆိုတာကလည်း လမ်းပေါ်နည်းနည်းလေး တင်ထားတာပေါ့။ လူနာတင်ကားကလည်း အနားရောက်မှ မြင်လိုက်တာဖြစ်မယ်။ အဲ့အခါကျမှာ ကားကိုပြန်ဆွဲတင်ပေမယ့် သူ့ညာဘက် တောက်လျှောက် တွဲကားနဲ့ချိတ်မိပြီး အရှိန်နဲ့သွားတော့ ညာဘက်တခြမ်းလုံး ပွင့်သွားတာပေါ့။ ကားကအရှိန်နဲ့သွားပြီး လဲကျသွားတဲ့အချိန်မှာလည်း ရှေ့မှာရှိတဲ့ ဓါတ်တိုင်တတိုင်လည်း လဲရင်းနဲ့ ပါသွားသေး‌တယ်။ နောက်ထပ် တလံ၊ နှစ်လံလောက်ကျမှ ကားက ရပ်သွားတာ။ ကားတစီးလုံး ကြေမွှသွားတယ်။ ပရဟိတသမားတယောက်ကတော့ နေရာမှာတင်ဆုံးသွားတယ်။ နောက်တယောက်ကတော့ ဆေးရုံအရောက်မှာ ထပ်ဆုံးတယ်လို့ ကြားပါတယ်” လို့ ဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရွှေပြည်သာယာဉ်တိုက်မှု ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
လက်ရှိမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာ ရရှိထားသူတွေဟာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ယာဥ်ထိန်းရဲတယောက်က “ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားရတဲ့အကြောင်းက နေ့အချိန်ထက် ညအချိန်မှာ ဖြစ်ပွားမှု ပိုများတယ်။ ညအချိန် ဖြစ်ပွားရတာက ယာဥ်တချို့က ရပ်နားထားရင် ရပ်နားမီးပြမထားဘူး၊ ရောင်ပြန်ကပ်မထားဘူး၊ လမ်းအချိုးအကွေ့နေရာတွေမှာ signal အချက်ပြမီး မလင်းဘူး၊ ရပ်နားထားရင် ရပ်နားမျဥ်းအတွင်း ဖြစ်မနေဘူး၊ ရပ်နားမျဥ်း စည်းအပြင်မှာ ရောက်နေတာက များတယ်။ အဲ့ဒါကြောင့် လမ်းစည်းကမ်း ဖောက်ဖျက် ကျူးလွန်မိတာနဲ့ နောက်ဆက်တွဲ ယာဥ်မတော်တဆမှုတွေ ဖြစ်ရတယ်” လို့ သုံးသပ် ပြောဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၉ လအတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ယာဥ်မတော်တဆမှုဖြစ်စဥ်ပေါင်း ၃၆၃၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲ့ဒီထဲက သေဆုံးသူ ၂၀၀၀ ဝန်းကျင်ရှိကာ ဒဏ်ရာရသူ ၅၀၀၀ နီးပါးရှိတယ်လို့ မြန်မာနိုင်ငံ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီက သိရပါတယ်။
အဲ့ဒီထဲက ယာဥ်မတော်တဆမှုဖြစ်ပွားတဲ့ နေရာတွေဟာ မြဝတီ အာရှကုန်သွယ်ရေးလမ်း၊ မန္တလေး – မူဆယ် ကုန်သွယ်ရေး ပြည်ထောင်စုလမ်းအပြင် ရန်ကုန် – မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းနေရာတွေပါဝင်ပြီး ရန်ကုန်မြို့တွင်း ဖြစ်စဥ်များလည်းရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW