လပြည့်ည၏ လရောင်အောက်က စန္ဒာမုနိရင်ပြင်

ဆူးငှက်

ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်ကထလာပြီး စန္ဒာမုနိဘုရားဝင်းထဲ ရောက်တော့ နေထန်းတစ်ဖျားထိလုပြီ။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံသဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရား အနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ်တက်တော့ လူသူမရှိ။ ဘုရားရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေ ကို ငွါးစွင့် ပွင့်လင်းနေစေသည်။ သို့သော် အစွမ်းပြမပူသေး။ ဆောင်းနှောင်း နှင်းကြွင်းကို နွေးစေရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။

အာရုံခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့် စေတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ် ထားဖွယ် နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ် နေရာဖြစ်၏။ အောက်မေ့တသ ဆင်ခြင်ဖွယ် နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြု ပူဇော်ဖွယ် နေရာလည်း ဖြစ်သည်။

ထိုနေရာတွင် ဝတ်ပြု ဆုတောင်း အမျှအတန်း ပေးဝေပြီးနောက် ပြုလုပ်နေကျ ကိစ္စတစ်ခုအဖြစ် စန္ဒာမုနိ ရင်ပြင်တော်ပေါ်ရှိ အုတ်ကွက်တွေအကြားပေါက် ရောက်လျက်ရှိသော မြက်ပင်တွေကို နုတ်ယူ ဖယ်ရှားခြင်း ကုသိုလ်ကို ဆောင်ရွက် ပါသည်။ ကြက်တွန်သံသဲ့သဲ့ ကြားရ၏။ မန္တလေးတောင်ခြေဆီက ဖြစ်မှာပေါ့။

စေတီတော်ဆီက ဆည်းလည်းသံကား လွင့်ပျံနေသည်။ အသစ်ဖူးစ တောင်လေဦးလည်း မရဲတရဲ တိုးဝှေ့လာ၏။ ကောင်းကင်က ကြည်လင်နေသည်။ ကျွန်တော့်အတွေးမှာတော့ ကောင်းကင်သည် ညစ်ထေးအုံ့မှိုင်းနေ၏။ ညစ်ထေး အုံ့မှိုင်းမှုက တဖြည်းဖြည်း ရင့်မှည့် သိပ်သည်းလာသည်။ ကောင်းကင်၏ ညစ်ထေးအုံ့မှိုင်းမှုကသွေးကဲ့သို့ နီရဲလာချေပြီ။ အတွေးထဲက ကောင်းကင်သည် အတိတ်ကို ခေါ်ဆောင်သွားတော့သည် တကား။

၁၂၂၈ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် ငါးရက်နေ့ သုံးချက်တီးကျော် ခြောက် မောင်းခန့်အချိန်

မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရားနှင့် မဟာအတုလဝေယန် ကျောင်းတော်ကြီးအကြားရှိ နယ်မြေဘုံသာ စံနန်းတော်မှ အရှေ့ရှမ်းရိုးမဆီ၊ တောင်ဘက် စောင်းကလောကန်ဆီ၊ မြောက် နန္ဒာကန်ဆီ၊ အနောက် ဧရာဝတီဆီ မျှော်ကြည့်လေတိုင်း ကောင်းကင်သည် သွေးကဲ့သို့ ရဲရဲနီနေ၏။ ရွှေမြို့တော်၏ ပြာသာဒ် စုလစ် မွန်းချွန် တို့သည် သွေးရောင် ပြည့်ဖောင်းနေသော ကောင်းကင်ကို ထိုးစိုက် ဖောက်ခွဲတော့မယောင်။ မကြာမီ ပေါက်ကွဲ ပွင့်အံတော့မည်လော။ လေးချက်တီးအချိန် ရောက်တော့ သွေးရောင်ကောင်းကင်သည် ရုတ်ခြည်း မည်းမိုက် ပိန်းပိတ်လာသည်။ လျှပ်လက် မိုးထစ်သံတွေ ထွက်ပေါ်လာ၏။ မကြာမီ နန်းမြို့တော် အရှေ့မြောက်၊ ရွှေမြို့ တော် အရှေ့မြောက် အရပ်များဆီ မိုးကြိုးလောင်မီးများ ကျတော့သည်။

၁၂၂၈-ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် ခုနစ်ရက်

နန်းမြေဘုံသာ စံနန်းတော် လွတ်တော်အနီး ယာယီတဲကြီးတွင် ဘဝရှင် မင်းတုန်းမင်းကြီးသည် သဿမေဓ အမှုမှ စ၍ တိုင်းရေး ပြည်ရေးများကို ရှင်းလင်း စစ်ဆေးနေဆဲ

မြင်ကွန်းမင်းသား၊ မြင်းခုံတိုင် မင်းသားတို့က အပေါင်းပါ လူလေးငါးဆယ် ခန့်နှင့် စံနန်းတော်တောင် နေအိမ်ဝင်းက ဓားလွတ်ကိုယ်စီနှင့် ထွက်လာ၏။ ထို့နောက် နန်းတော် လက်ယာ ဝင်းတံခါးက ဝင်သည်။ ရုတ်ခြည်းပင် အိမ်ရှေ့ မင်းဝန်ကြီးတို့ကို လုပ်ကြံမည် လာရာ အိမ်ရှေ့မင်းလည်း ရှောင်တခင် တဲကြီးက အဆင်း၊ လွှတ်တော် လှေကားအနီး ဓားထိခိုက် နတ်ရွာစံ၏။ မြတောင်မြို့စား သေနတ်ဝန်ကြီးလည်း ဓားဒဏ်ရာဖြင့် သေဆုံးသည်။ လောင်းရှည်မြို့စား လယ်ဝန် သံတော်ဆင့် နာခံပြော့ကြီးမှူး၊ ငရနဲခေါ် သန္တီ နှစ်မြို့အုပ်တို့နှင့် လူအများ ဓားထိခိုက် ရှနသည်။ ဝန်ထောက် မြို့သစ် မြို့စား၊ မိုးနဲဗိုလ်မှူး၊ ဝန်ထောက် ပုပ္ပားမြို့စား၊ ကျောက်ရဲမြို့စား၊ သစ်တောမြို့ဝန်၊ မြို့ဝန်မြို့သာ မြို့စား၊ ကျောက် ရဲမြို့စား၊ သစ်တောမြို့ဝန်၊ မြို့ဝန် မြို့သာမြို့စား၊ ကျီဝန်၊ ဆင်ဝန်၊ ပင်းတလဲဝန်၊ တောင်ငူရမည်းသင်း နှစ်မြို့ဝန်တို့မှအစ မှူးတော် မတ်တော်တို့လည်း ကိုယ်လွတ် ရှောင်ရှားကြရ၏။ သားတော် မလွန်မင်းသား၊ ညီပြင်စည်မင်းသား၊ စကုမင်းသားတို့ကို အိမ်ရှေ့မင်း အမိန့်တော်နှင့်ဆို၍ ဆင့်ခေါ်ကာ လက်ယာဝင်းတံခါး အပြင် ရောက်စဉ် လုပ်ကြံ၍ ကံတော်ကုန်ကြသည်။ ထို့နောက် အုံကြွသူ အစုသည် တံခါးနီက အတင်းဝင်ပြီး နယ်မြေဘုံသာသို့ တက်၍ ရှေ့ဝင်းမှူး တောင်ထားဝယ် ဗိုလ်ကင်းဝန်တို့ကို လုပ်ကြံလိုက်၏။

ဤသို့ဖြင့် နန်းမြေဘုံသာ၊ စံနန်းတော်ကြီးတွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီး အပါအဝင် ဝန်ကြီး မင်းညီမင်းသားတို့ သွေးမြေ ကျခဲ့ရလေသည်။ နောက် တစ်နှစ် ၁၂၂၉ ခုနှစ်တွင်မူ စံနန်းတော် ဆောင်မတော်ကို ဖျက်သိမ်းပြီး အိမ်ရှေ့မင်းနှင့် သားတော်တို့၏ အလောင်းများ အုတ်ဂူသွင်းကာ၊ ယင်းဂူ၏ အရှေ့သုံးပေခန့် အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ကိန်းဝပ်တော်မူရန် အုတ်ပြသာဒ်တည်၏။ စေတီတော်လည်း ပေါက်၏။ ထို့ကြောင့် စေတီတော်နှင့် အုတ်ပြသာဒ်ကြားတွင် အိမ်ရှေ့စံ ကနောင်မင်း၏ အုတ်ဂူက အထင်အရှား ရှိခဲ့ဖူးလေသည်။

ကျွန်တော်သည် မန္တလေးတောင်ခြေသို့ ရောက်တိုင်း စန္ဒာမုနိဘုရားသို့ ဦးခိုက်၏။ ဘုရားကုန်းတော် ရောက်တိုင်း အိမ်ရှေ့စံ ကိုယ်တော်ကြီး၏ ဂူဗိမာန်ကို ဦးညွှတ် ဂါရဝပြု၏။ အမြော်အမြင် ကြီးမားသော နိုင်ငံခေါင်းဆောင်ကြီး တစ်ဦး မဟုတ်ပါလား။ စင်စစ် စန္ဒာမုနိ စေတီတော်ရင်ပြင်၏ ဗိသုကာက ခေတ်မီ ဆန်းသစ်သည်။ ပစ္စယံ အဆင့်ဆင့်ကို ဝန်းပတ်ထားသော စိန်တောင်များက ရင်ပြင်ကို တင့်တယ်စေ၏။ စန္ဒာမုနိ ဘုရားပွဲတော် ကျင်းပသည့် သီတင်းကျွတ်လပြည့် ကာလများတွင် စိန်တောင်များအကြား ရင်ပြင်သည် လပြည့်ရောင်ဖြင့် အေးမြ ဝင်းလက်နေသည်။ ထိုနေရာများတွင် လရိပ်ခံ ထိုင်ရင်း နန်းရှေ့သူလေးတွေ တည်ခင်းသည့် ဆီးဖြူသီး ငါးပိကြော်ကို စားရင်း လုလင်လုံမေတို့ အပြုံးဝေ ကြသည်။ ဤသို့ဖြင့် စန္ဒာမုနိရင်ပြင်ကား အမှတ်တရ ဖြစ်ဖွယ်များဖြင့် လွမ်းဆွတ် စေတော့သည်။

ယခုထိုရင်ပြင်တွင် အိမ်ရှေ့စံကိုယ်တော်ကြီး၏ ဂူဗိမာန်မရှိတော့။ ထိုနေရာတွင် အထိမ်းအမှတ် ကျောက်ပြားလေးသာ မထင်မရှား ကပ်ထားတော့သည်။ သီတင်းကျွတ် လပြည့်ည စန္ဒာမုနိရင်ပြင်လည်း ကြည်နူး ရင်ခုန်ဖွယ် ကောင်းပါလေစ။

 

Related posts

Leave a Comment

VOM News

FREE
VIEW