အသင်းဝင်ခြင်းမရှိတဲ့ ကုန်တင်ယာဉ်တွေကို သက်တမ်းတိုး ဆောင်ရွက်ပေးမှာမဟုတ်

အောက်တိုဘာ ၁၇ – ၂၀၂၃
SN (VOM)
အသင်းဝင်ရောက်ထားခြင်းမရှိတဲ့ ကုန်တင်ယာဉ်တွေကို ကုန်စည်သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အသစ်လျှောက်ထားတာနဲ့ လိုင်စင်သက်တမ်းတိုးတာတွေကို ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။
ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက အဝေးပြေးကုန် စည်ပို့ဆောင်ရေးစနစ်ကို E-lock စနစ် ကျင့်သုံးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ၉ တန်နဲ့အထက် ကုန်တင်ယာဉ်တွေအနေနဲ့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဝင်ဖို့ အသိပေးနှိုးဆော်ထားတာ ဖြစ်ပါတယ်။
“E-lock စနစ်က အခုတော့ကျွန်တော်တို့က ကုန်သေတ္တာတင်ယာဉ်၊ အလုံပိတ်ယာဉ်တွေမှာ စပြီးတော့သုံးတာပေါ့နော်။ နောက်ဆိုရင် အထွေထွေကုန်ပစ္စည်းတွေ၊ ဆေးကုမ္ပဏီတွေ၊ စပ်ထားတဲ့ ကုန်ပစ္စည်းအစုံတွေ၊ အဲ့ကားတွေမှာကျင့်သုံးဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒါ့ကြောင့် တနိုင်ငံလုံးမှာရှိတဲ့‌ မော်တော်ယာဉ်တွေက သက်ဆိုင်ရာတိုင်းဒေသကြီးရဲ့ အသင်းဝင်ဖြစ်ရေးကို လိုလားပါတယ်။ တကယ်လည်း လိုအပ်ပါတယ်။ အဲ့ဒါမှ တနိုင်လုံးမှာရှိတဲ့ မော်တော်ယာဉ်တွေက ဘယ်လောက်ရှိတာလဲ၊ လက်ရှိပိုင်ရှင်နဲ့ မူလပိုင်ရှင်နဲ့ ဘယ်လိုကွဲလွဲတာလဲဆိုတာ သိရမှာပေါ့။ ဒီနေရာ မော်တော်ယာဉ်တွေဘက်ကလည်း လိုအပ်တဲ့ အကူအညီကို ပေးနိုင်တာပေါ့။ ဒီလိုပေးတဲ့နေရာမှာလည်း မော်တော်ယာဉ်ဘက်ကလည်း နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း သေချာလိုက်နာဖို့တော့ လိုတာပေါ့။ အဲ့ဒါဆို ကျွန်တော်တို့ဘက်ကနေ အခက်အခဲတွေကို ပြေပြေလည်လည်နဲ့‌ ဖြေရှင်းပေးနိုင်မှာပါ” လို့ ဦးကျင်သိန်းက ပြောပါတယ်။
မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဟာ တနိုင်ငံလုံးမှာ အသင်းခွဲ ၈ သင်း ရှိပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊အရှေ့ပိုင်း)တို့မှာရှိတဲ့ အသင်းတွေမှာ အသင်းဝင်အဖြစ် ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။
၉ တန်နဲ့အထက် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် “က” နဲ့ အထူး “က” လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကုန်သေတ္တာ မော်တော်ယာဉ်များအသင်း၊ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းေတွမှာ မှတ်ပုံတင်ပြီး အသင်းဝင်ရမယ်လို့ သိရပါတယ်။
အဝေးပြေးကုန်စည် ပို့ဆောင်ရာမှာ E-lock စနစ်ကို မကျင့်သုံးမီ ကုန်တင်လွှာယာဉ်ပါ၊ ကုန်ပါ စာရင်းချုပ်ဖြင့် ကုန်သွယ်မှုလမ်းကြောင်း တလျှောက်ကို စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အလုံပိတ်ကုန်တင်ယာဉ်တွေကို စောင့်ကြည့် စစ်ဆေးတဲ့ E-lock စနစ်ကို အသုံးပြုပါက ဖွင့်ဖောက်စစ်ဆေးမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
E-lock စနစ်ကို ရန်ကုန်-မြဝတီ၊ ရန်ကုန်-မန္တလေးနဲ့ မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတို့မှာ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW