နေပြည်တော် ကင်းသာကုန်ထုတ်စခန်းက အကျဉ်းသား ခုနှစ်ယောက်ထွက်ပြေး

အောက်တိုဘာ ၁၈ – ၂၀၂၃
KT+GG (VOM)
နေပြည်တော်၊ တပ်ကုန်းမြို့နယ် ၊ကင်းသာရွာရှိ ကင်းသာ ၂ ကုန်ထုတ်စခန်းက အကျဉ်းသား ခုနှစ်ယောက် ထွက်ပြေးလွတ်မြောက်သွားလို့ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
မနေ့က အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အကျဉ်းစခန်းကနေ ထွက်ပြေးသွားတာဖြစ်ကြောင်းသာ ကနဦးအချက်အလက်တွေအရသိရပါတယ်။
” သတင်းက ခုမနက်မှ ကျနော်တို့လည်းကြားရတာပေါ့၊ အခု မြို့ထဲမှာ လိုက်ရှာနေကြတာတွေ့ရ တယ်၊ စစ်ဆေးမှုတွေလည်း ရှိနေတယ်၊ထွက်ပြေးတယ်ဆိုတာပဲသိရတာ ဘယ်လိုလွတ်သွားတယ်ဆို အတိကျဘယ်သူမှမသိသေးဘူး၊ပြေးတဲ့အထဲမှာ ထောင် ၁၀ နှစ်ထိချခံထားရသူတွေပါတယ်လို့သိရတယ်၊ခုပြေးတာလည်း နိုင်ငံရေးပုဒ်မတစ်ယောက်မှမပါဘူး ” တပ်ကုန်းမြို့ခံတယောက်ကပြောပါတယ်။
အကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေက နိုင်လင်း၊ သန်းထိုက်အောင်(ခ)အောင်ကြီး၊ ရဲမင်းဦး၊ နေထက်အောင်(ခ)နေထက်လင်း၊ ဇာလီ(ခ)အောင်ဆန်းဦး၊ ကျော်ကျော်သက်နဲ့ အောင်နိုင်စိုး ဆိုသူတွေဖြစ်တယ်လို့သိရပါတယ်။
နေပြည်တော်က တရားရုံးအချို့နဲ့ ပြင်ဦးလွင်ခရိုင်တရားရုံး၊မိတ္တီလာ၊ရမည်းသင်းမြို့နယ် တရားရုံးတွေကနေ လူသတ်မှု ၊မုဒိန်းမှု ၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံထားရသူတွေဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ ထွက်ပြေးအကျဉ်းသားတွေကို ဖမ်းမိရေးအတွက် မမစ(တပ်ကုန်း)မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အဖွဲ့၊နမစ(ရွှေမြို့)မှ နယ်ထိန်းခေါင်းဆောင် အဖွဲ့ ၊ နမစ (တောင်ပို့သာ)မှ နယ်ထိန်းခေါင်းဆောင်အဖွဲ့၊ မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်အဖွဲ့ ၊ကင်းသာပူးပေါင်း စစ်ဆေးရေးဂိတ်တာဝန်ခံ ဒုရဲအုပ် အဖွဲ့ ၊ကင်းသာ (၂) အကျဉ်းဦးစီးဌာနက ဒုကြီးကြပ်ရေးမှူးအဖွဲ့၊ကင်းသာ(၁) အကျဉ်းဦးစီးဌာနက လက်ထောက်ကြီးကြပ်ရေးမှူးအဖွဲ့ ကင်းသာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ အပါအဝင် ၅၉ ယောက်က လိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။
မတ်လ ၁ ရက်နေ့ကလည်း နေပြည်တော် ၊ တပ်ကုန်းမြို့နယ်မှာ တရားရုံးကနေ အကျဉ်းသားတွေ ရုံးထုတ်ပြီးပြန်လာချိန် အချုပ်သားတွေ ကရဲတွေကို ရိုက်နှက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး အချုပ်သား ၁၀‌ ယောက်လောက် ထွက်ပြေးမှုရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က တနင်္သါရီတိုင်း ၊ ထားဝယ်မြို့ ၊ ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းသား ငါးယောက်ကို အပြင်အလုပ်ထုတ်ခိုင်းရာကနေ ဇီးကနားရွာနားမှာလုံခြုံရေး အစောင့်အကြပ် လိုက်ပါလာတဲ့ ထောင်ဝန်ထမ်း နှစ်ယောက်ကို ရိုက်သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ် ပေါက်ပေါက်ဖူးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း ၊ တောင်ငူ အကျဉ်းထောင်မှာလည်း ပြီးခဲ့တဲ့ မေလတုန်းက ထောင်တွင်း အထူးတရားရုံးထုတ်တဲ့အချိန် ရုံးထုတ်လာတဲ့ အကျဉ်းကျ အချုပ်သားတွေက လုံခြုံရေးလိုက်လာတဲ့ ရဲဝန်ထမ်းတွေဆီက သေနတ်လုယူပြီး အချုပ်သား ငါး ယောက်က လုံခြုံရေးအဖွဲ့ကို ပြန်လည်ခုခံတိုက်ခိုက်ကာ ထွက်ပြေးခဲ့တဲ့အပြင် လုံခြုံရေးအဖွဲ့ ဝင်တယောက်သေဆုံးကာ နှစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကလည်း မကွေးတိုင်း ၊ ပခုက္ကူမြို့မှာရှိတဲ့ ပခုက္ကူအကျဉ်းထောင်မှာ ထောက်ဖောက်ပြီး နိုင်ငံရေးအကျဉ်သား ခုနှစ် ယောက် ထွက်ပြေးတာ ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW