သင်္ဘောသားတွေဆီက လစာဝင်ငွေခွန် ကြိုကောက်မယ့်ကိစ္စ ပြန်လည်စဥ်းစားပေးဖို့ တင်ပြထား

 

အောက်တိုဘာ ၂၅ – ၂၀၂၃
SN (VOM)

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ သင်္ဘောသားတွေဆီက လစာဝင်ငွေကို အခွန်ကြိုတင်ပြီး ကောက်ယူမယ့် ကိစ္စရပ်အပေါ် ပြန်လည်စဥ်းစားပေးဖို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောအလုပ်သမားများအဖွဲ့ချုပ် (MSF) က ပြည်တွင်းအခွန်များဦးစီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။

လစာ မရသေးသူကို အခွန်ကောက်ခံခြင်းဟာ လက်တွေ့မဆန်သလို သင်္ဘောသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းရှိမှသာ အလုပ်လျှောက်ထားမှုကို အလုပ်ရှင်နဲ့ သင်္ဘောလိုင်း (SRPS) က လက်ခံတာကြောင့် လစာနှုန်းထား ဘယ်လောက်ရမယ်ဆိုတာကို ကြိုတင်ခန့်မှန်းလို့ မရတဲ့အကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူတွေ အနေနဲ့ ဘယ်အချိန် အလုပ်ရမည် ဆိုတာကိုမသိတာကြောင့် အခွန်ဆောင်ရမယ် ဆိုတဲ့အချက်မှာ လက်တွေ့မဆန်တဲ့အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနဲ့ အသစ်လျှောက်ထားချိန်မတိုင်မီ ကြိုတင်ခွန်ပေးသွင်းမယ့်အစား အလုပ်ရတဲ့ သင်္ဘောသားတွေဆီက အခွန်ကောက်ခံနိုင်မယ့်နည်းလမ်းကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုအပ်ကြောင်းကိုလည်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

“အသင်းအဖွဲ့ဆိုတာ အသင်းအဝင်တွေအကျိုးအတွက် အဲ့ဒီလို လုပ်နိုင်ရမယ်။ အခုက ပြည်တွင်းအခွန်များဦးစီးဌာနဘက်က သင်္ဘောသားတွေရဲ့ တကယ့်လက်တွေ့ အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ နားမလည်၊ သေသေချာချာ မသိဘဲနဲ့ လုပ်ချင်တာတွေ လုပ်နေတာ။ သင်္ဘောတခါမှ မလိုက်ရသေးတဲ့ လူသစ်တွေဆို ဘယ်က ပိုက်ဆံရသေးလို့ ဘယ်ပိုက်ဆံနဲ့ အခွန်ဆောင်ရမှာလဲ။ တချို့ဆို သင်္ဘောမလိုက်တာ သုံးလေးနှစ် ရှိနေတဲ့သူတွေလည်း ရှိတယ်။ ပတ်စ်ပို့ သက်တမ်းကုန်နေလို့ သက်တမ်းတိုးချင်တယ်ဆို သူတို့သတ်မှတ်ထားတဲ့ ခြောက်လစာအခွန်ကို ဘယ်လစာနဲ့ ကြိုသွင်းရမှာလဲ။ အပြင်က အခြေအနေတွေကို အရင်စုံစမ်းပြီးမှ ထုတ်ပြန်ချက်ထုတ်သင့်တယ်” လို့ သင်္ဘောသားတဦးက ပြောပါတယ်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောအလုပ်သမားများအဖွဲ့ချုပ် (MSF) အနေနဲ့ နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန (IRD) ရုံးကို အောက်တိုဘာ ၂၀ ရက်မှာ သွားရောက် ဆွေးနွေး တင်ပြခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ IRD ဘက်က မြန်မာသင်္ဘောသားတွေရဲ့ လုပ်ရိုးလုပ်စဉ်တွေကို သိရှိရပြီဖြစ်တာကြောင့် ကြိုတင်အခွန်ကောက်ခံမယ့် လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်နိုင်ဖို့ ဝန်ကြီးဌာနကို ဆက်လက် တင်ပြသွားမှာဖြစ်တယ်လို့ အသိပေးပြောဆိုထားပါတယ်။

ဒါ့အပြင် ဝင်ငွေခွန်ကောက်ယူမယ့် ကိစ္စရပ်နဲ့ပတ်သက်လို့ အခွန်ဌာနက သင်္ဘောသားတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲတခုကို လာမယ့် နိုဝင်ဘာ ၂ ရက်နေ့၊ မနက် ၁၀ နာရီမှာ ရန်ကုန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် (စာပေဗိမာန်အနီး)က MSF အဖွဲ့ချုပ်ရုံးမှာ ကျင်းပသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေ ကိုင်ဆောင်တဲ့ Passport For Job (PJ) နဲ့ သင်္ဘောသားတွေအတွက် ထုတ်ပေးထားတဲ့ Passport For Seaman (PS) ကိုင်ဆောင်ထားသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးရာမှာ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးထားတဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြနိုင်မှသာ သက်တမ်းတိုးမြှင့်ပေးတဲ့ လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အောက်တိုဘာ ၁၆ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သွားရောက်မယ့်နိုင်ငံမှ ရရှိမယ့် အနိမ့်ဆုံးလစာနှုန်းထားကို အခြေခံပြီး အခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ အထိ ခြောက်လစာကိုတွက်ချက်ပြီး နှစ်ရာခိုင်နှုန်း ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

အနိမ့်ဆုံးလစာနှုန်းထားတွေကို သက်ဆိုင်ရာရုံးတွေမှာ စုံစမ်းနိုင်ပြီး အခွန်ကောက်ခံတဲ့အခါမှာတော့ သက်ဆိုင်ရာနိုင်ငံရဲ့ လစာရရှိမယ့် ငွေကြေးအမျိုးအစားအပေါ်မှာ ဗဟိုဘဏ်ရဲ့ တရား ဝင်ငွေလဲလှယ်နှုန်းထားနဲ့ တွက်ချက်ကာ မြန်မာကျပ်ငွေနဲ့ ပေးသွင်းရမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW