ချင်းပြည်နယ်ထဲက နစကတပ်ဖွဲ့ဝင် တချို့ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသူ တရာကျော်ရှိလာ

 

နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃

SP (VOM)

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ် ၊ လိုင်းလဲာန်းပီး မြို့နယ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ နစက တပ်ဖွဲ့ဝင် တချို့ဟာ မနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း အိန္ဒိယ စံတော်ချိန် ၇ နာရီဝန်းကျင်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လာကီး(Liki)ကျေးရွာမှာရှိတဲ့ အာသန်ရိုင်ဖယ် တပ်ရင်းဌာနကို ရောက်ရှိလာတယ်လို့ မီဇိုရမ်ပြည်နယ် သတင်းတွေက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က အဲ့ဒီ လိုင်းလဲာန်ပီးမြို့နယ်ခွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် လိုင်းလဲာန်ပီးနယ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” လိုင်းလဲာန်ပီးစခန်းက ဗိုလ်ကြီး တယောက် အပါအဝင် လူ ၃၀ ဝန်းကျင်ပါတယ် ၊ လိုင်းလဲာန်ပီးကနေ မီဇိုရမ်ပြည်နယ် လာကီးရွာရောက်အောင် မတူပီမြို့နယ်ထဲက မာလာကျေးရွာက ရွာသားတယောက်ကို လမ်းပြခေါ်သွားတယ် ၊ နောက်ပြီး အိန္ဒိယ အာသန်ရိုင်ဖယ်တပ်ဘက်ကလည်း အဲ့ဒီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လာကီးကျေးရွာအထိ လာကြိုပြီး ခေါ်သွားတယ် ၊ ကူညီပေးတဲ့ သဘောဖြစ်တယ် ၊ လမ်းပြခေါ်သွားတဲ့ မာလာရွာသားကိုတော့ မီဇိုရမ်ပြည်နယ် လာကီးရွာရောက်မှ ပြန်လွတ်ပေးလိုက်တယ် ၊အဲ့ဒီ အပြင် နစက လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀ ကို မြန်မာပြည်ဘက် ပြန်နိုင်ဖို့ အိန္ဒိယ ဗဟို အစိုးရက ကူညီပေးမယ် “လို့ သတင်းမှာ ဖော်ပြထားကြောင်း နယ်စပ်စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့မှာ နေထိုင်တဲ့ နိုင်ငံရေးေလ့လာသူတယောက်က

” နယ်စပ်ထိတွေ့မှုတွေမှာ ဆုတ်လမ်းက မရှိဘူး ၊ အဲ့ဒါကြောင့် ဆုတ်ခွာလမ်းကြောင်း အဖြစ် အိန္ဒိယဘက်ကို ဝင်လာကြတာဖြစ်မယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း နိုဝင်ဘာ ၁၂ ရက်က ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း(Khua Mawi) စခန်း နှစ်ခု ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့တယ် ၊ အဲ့ဒီတုန်းကလည်း အိန္ဒိယဘက်ကို နစက တပ်ဖွဲ့ဝင် ၄၂ ယောက် ဝင်ရောက်လာတယ် ၊ နောက်ပြီး ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့နယ်မှာရှိတဲ့ သီးဘွာလ် စခန်းကို နိုဝင်ဘာ ၁၄ ရက်က ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တယ် ၊ အဲ့ဒီ ထိတွေ့တိုက်ပွဲမှာလည်း နစက လုံခြုံရေး တပ်ဖွဲ့ဝင် ၂၉ ယောက် အိန္ဒိယဘက်ကို ဝင်ရောက်လာတယ် ၊ အခုလည်း ချင်းပြည်နယ်တောင်ပိုင်း လိုင်းလဲာန်ပီးမြို့နယ်ခွဲ ထိတွေ့တိုက်ပွဲဖြစ်စဥ်ကနေ နစက လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀ ဦး အိန္ဒိယဘက်ကို ထပ်မံ ဝင်ရောက်လာတယ် ၊ အဲ့ဒီလို ဝင်ရောက်လာမှုပေါင်း သုံးကြိမ်မှာ နစက လုံခြုံရေး တပ်ဖွဲ့ဝင် တရာနီးပါးရှိတယ် ၊ သူတို့အားလုံးကို အိန္ဒိယ ဗဟို အစီအစဥ်အရ မီဇိုရမ်ပြည်နယ်ကနေ မဏိပူရ်ပြည်နယ် မိုးရေးမြို့အထိ ရဟတ်ယာဥ်နဲ့ ပို့ဆောင်ကူညီပေးတာ ရှိတယ် ” လို့ ပြောပါတယ်။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ချင်းပြည်နယ် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက တပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသား ၂၉၈ ယောက်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟ (Siaha) ခရိုင်ထဲကို ဝင်ရောက် ခိုလှုံလာတယ်လို့ မီဇိုရမ်ပြည်နယ်သတင်းက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလကစလို့ မြန်မာနိုင်ငံသား ၂ သောင်းကျော်ဟာ မီဇိုရမ်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဆိုင်ဟ (Siaha) ခရိုင် ၊ Laki၊ Zawngling၊ Chapui၊ Ahmyipi၊ Mobyu၊ Siasi၊ Khopai နဲ့ Theiva ရွာတွေမှာ နေထိုင် ခိုလှုံတယ်လို့ Siaha ခရိုင် Tuipang ရဲစခန်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW