အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း ပစ်သတ်ခံရ

 

ဒီဇင်ဘာ ၁ – ၂၀၂၃

SN (VOM)

အမျိုးသားဒီမိုကရေစီပါတီသစ် – NNDP (ခမောက်သုံးလုံး) ပါတီဥက္ကဋ္ဌ ဦးသန်းထွန်း (၅၄) နှစ်ဟာ ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်မှာပဲ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဦးသန်းထွန်းဟာ ဒီကနေ့မနက် ၈ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း (၃)၊ (၃) လမ်း၊ အမှတ် (၆၂၉)ရှိ “မကြီး” မိတ္တူဆိုင်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရပြီး ကျည်ထိမှန်ဒဏ်ရာ ၄ ချက်နဲ့ ဆေးရုံကိုပို့ဆောင်စဉ် မနက် ၈ နာရီ၊ မိနစ် ၅၀ ဝန်းကျင်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“အဲ့ဒီ့ “မကြီး” မိတ္တူဆိုင်ထဲကို အနက်ရောင်အင်္ကျီဝတ်ထားတဲ့ လူနှစ်ယောက်က မိတ္တူဆွဲမယ်ဆိုပြီးရောက်လာတာ။ အဲ့ဒီ့ဆိုင်က သူဖွင့်ထားတာလေ။ ဆိုင်ထဲလည်းရောက်ရော သေနတ်နဲ့ အနီးကပ် ပစ်သတ်သွားတာ။ အခု လုံခြုံရေးအဖွဲ့တွေက ငမိုးရိပ်မှာ ပိုက်စိတ်တိုက်ရှာနေတယ်။ ဥက္ကဋ္ဌကိုတော့ မြောက်ဥက္ကလာက မေဓါဝီဆေးရုံကိုပို့ပေမယ့် လမ်းမှာတင်ဆုံးသွားတယ်ကြားတယ်” လို့ ငမိုးရိပ်ရပ်ကွက်တွင်း နေထိုင်သူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ပစ်ခတ်မှုကြောင့် ဦးသန်းထွန်းဟာ ဝဲရင်အုံ ကျည်ထိမှန်ဒဏ်ရာ တချက်၊ ယာရင်အုံ ကျည်ထိမှန်ဒဏ်ရာ တချက်၊ ဝဲလက်ဖျံ ကျည်ထိမှန်ဒဏ်ရာ တချက်၊ ယာလက်မောင်းရင်း ကျည်ထိမှန်ဒဏ်ရာ တချက် ရရှိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးသန်းထွန်းဟာ ၈၈ မျိုးဆက်တဦးဖြစ်ပြီး၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ သင်္ဃန်းကျွန်းက တသီးပုဂ္ဂလ လွှတ်တော်အမတ် ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ ဦးသိန်းညွန့် နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်မှာ ဦးသန်းထွန်းဟာ NNDP ပါတီရဲ့ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူခဲ့တယ်လို့ သိရပါတယ်။

ဦးသန်းထွန်းကို ပစ်ခတ်လုပ်ကြံမှုကို ငမိုးရိပ် Mission Network က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပြီး ဒါနဲ့ပတ်သက်လို့ နစကဘက်က ကြေညာချက် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Photo Crd – Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW