စက်မှုဇုန်လုပ်ငန်းတွေအတွက် စက်သုံးဆီကို ဆီအသင်းက ဆက်ရောင်းပေးမယ်

 

ဒီဇင်ဘာ ၃ – ၂၀၂၃

SN (VOM)

စက်မှုဇုန်လုပ်ငန်းတွေအတွက် လိုအပ်တဲ့စက်သုံးဆီကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ဆက်လက် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စက်မှုဇုန်တွေကို နိုင်ငံတော်အစီအစဉ်နဲ့ စက်သုံးဆီ ရောင်းချမပေးတော့ဘဲ စက်မှုဇုန်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်တိုင် တင်သွင်းရမှာဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ဇုန်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ နိုဝင်ဘာ ၃၀ ရက်က နေပြည်တော်နဲ့ UMFCCI မှာ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“အစည်းအ‌ဝေး ရလဒ်ကတော့ ဆီအသင်းက ဆက်ရောင်းပေးမှာပါ။ OSS က မရောင်းပေးတော့တာပါ။ အစည်းအဝေးထဲမှာ ပြောထားပြီးသားပါ။ ကျွန်တော်တို့ကတော့ မီးပေးရင် ဆီမလိုဘူးပေါ့။ မီးမပေးလို့ ဆီလိုတာပါ၊ ဒါပါပဲ။ ကျန်တာ ထွေထွေထူးထူး မရှိပါဘူး။ ကျွန်တော်တို့ကို သွင်းခိုင်းပေမယ့် ကျွန်တော်တို့က ဒါတွေမကျွမ်းကျင်ပါဘူး။ ဒေါ်လာလည်း မရှိဘူး၊ ‌ဆီကန်လည်းမရှိဘူး။ ကျွန်တော်တို့ ဒါကို မလုပ်တတ်ပါဘူး။ အဲ့ဒါကြောင့် အခုက မြန်မာနိုင်ငံ စက်သုံးဆီအသင်းကပဲ သူ့ဘာသာသူသွင်းမှာပါ။ UMFCCI က ကြီးကြပ်မှာပေါ့။ အရင် OSS က ကြီးကြပ်တယ်၊ အရင်လည်း စက်သုံးဆီအသင်းကပဲ ပေးတာပါ။ OSS ခေါင်းစဉ်နဲ့ သွားတာပေါ့။ အခုကတော့ OSS ခေါင်းစဉ်ကနေ UMFCCI ခေါင်းစဉ်အောက်ကို ပြောင်းသွားတာပါ” လို့ ရွှေလင်ပန်းစက်မှုဇုန်မှ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိမှာ စက်မှုဇုန်တွေကို နိုင်ငံတော်အစီအစဉ်နဲ့ စက်သုံးဆီ ရောင်းချမပေးတော့ဘဲ စက်မှုဇုန်လုပ်ငန်းရှင်တွေအနေနဲ့ လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ မိမိကိုယ်တိုင်တင်သွင်းကြဖို့ ညွှန်ကြားထားကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ့လို သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တယောက်က “အပြင်မှာပြောနေတာ ကောလဟာလပါ။ ဈေးတွေကလည်း အရင်ဈေးပါပဲ။ အပြောင်းအလဲ မရှိပါဘူး။ ကျွန်တော်တို့ကတော့ ဒီဇယ်ရတာလေ။ အပြင်မှာတက်တာ ဓာတ်ဆီတက်တာပါ။ ဈေးတက်တာတွေ၊ မတက်တာတွေက ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ သိလည်းမသိပါဘူး။ မီးလေး အချိန်ပြည့်ရရင်တော့ ဆီမလိုဘူးပေါ့။ မီးမရရင်တော့ ဆီပေးပေါ့။ ဆီမရ၊ မီးမရရင်တော့လည်း မတတ်နိုင်ဘူးပေါ့” လို့ ပြောပါတယ်။

ဓာတ်ဆီဈေးနှုန်းတွေဟာ ဒီဇင်ဘာ ၁ ရက်နေ့က တလီတာ ကျပ် ၃၀၀ ကျော်ဝန်းကျင်နဲ့ ဈေးခုန်တက်သွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်က 92 တလီတာ ၂၁၇၀ ကျပ်၊ 95 တလီတာ ၂၃၀၀ ကျပ် ရှိခဲ့ပေမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ 92 တလီတာ ၂၅၁၀ ကျပ်၊ 95 တလီတာ ၂၆၄၀ ကျပ်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဇယ်ဈေးတွေကတော့ ဈေးနှုန်းအနည်းငယ်သာ အပြောင်းအလဲရှိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်က ဒီဇယ်တလီတာ ၂၂၀၀ ကျပ်၊ ပရီမီယံ ဒီဇယ်တလီတာ ၂၂၉၀ ကျပ်‌ ရှိခဲ့ကာ ဒီဇင်ဘာ ၁ ရက်မှာတော့ ဒီဇယ်တလီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၃၀၅ ကျပ်ကို ရောက်ရှိခဲ့ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW