ဒီဇင်ဘာ ၁၈ – ၂၀၂၃
SN (VOM)
ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်းလမ်း၊ ရေလမ်း သွားလာမှုတွေ ပိတ်ဆို့နေတဲ့အတွက် စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု မရှိတော့တဲ့အတွက် အဲ့ဒီ့ဒေသက ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး လက်ကျန် ကုန်ပစ္စည်းတွေမှာလည်း စံချိန်တင် ဈေးနှုန်း မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။
“ပစ္စည်းတွေက ရှားလွန်းအားကြီးနေတော့ လက်ထဲ ပိုက်ဆံရှိနေလို့ ဝယ်ချင်ရင်တောင် ဝယ်မရဘူး။ လက်ကျန် ပစ္စည်းတွေဆိုတာလည်း ဒီဘက်မှာ ရွှေထက်တောင် အဖိုးတန်နေတယ်။ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေဆိုရင်လည်း ပစ္စည်း ပြတ်နေပြီ။ အသီးအရွက်၊ စားသောက်ကုန်တွေဆိုရင်လည်း ပြည်မဘက်က တင်သွင်းနေရတာဆိုတော့ ဒီမှာ အရမ်းရှားတယ်။ ပြည်မကလာတဲ့ ငရုတ်သီးစိမ်း ငါးရာဖိုးဆို ရှစ်တောင့်ပဲရတယ်။ ကြက်သွန်ဖြူက တလုံး သုံးရာ။ သံပုရာသီးက တလုံး ငါးရာ။ ပဲသီး ၁၅ တောင့်က နှစ်ထောင်ဖိုး။ ဒါတောင် ဝယ်ချင်တိုင်း ဝယ်လို့ မရဘူး။ မနည်းလုဝယ်ရတာ” လို့ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။
ဒါ့အပြင် အရင်က တလီတာ ကျပ် ၂၅၀၀ ကနေ ၃၀၀၀ ဝန်းကျင်လောက်သာရှိတဲ့ 92 အောက်တိန်း စက်သုံးဆီ ဈေးနှုန်းတွေဟာလည်း လက်ရှိမှာတော့ နေရာဒေသအလိုက် ကျပ် တသောင်းရှစ်ထောင်လောက်ကနေ သုံးသောင်းဝန်းကျင်အထိ ပေးဝယ်နေရပြီး စက်သုံးဆီဈေးတွေ မြင့်တက်နေတာကြောင့် တခြားသော ကုန်ပစ္စည်းဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်နယ်တွင်း ကုန်ဈေးနှုန်းဟာ လက်ရှိမှာ မူလဈေးနှုန်းထက် ၅ ဆမှ ၁၀ ဆကြားအထိ ထပ်မံ မြင့်တက်လျက်ရှိနေတယ်လို့ သိရပြီး ဈေးနှုန်းတွေအနေနဲ့ ပေါ်ဆန်းမွှေးဆန်တအိတ်ကို အရင် ကိုးသောင်းကျပ်ရှိရာမှ လက်ရှိ တသိန်းရှစ်သောင်း ကျပ်၊ ကြက်သွန်နီ တပိဿာကို အရင် ၄၀၀၀ ကျပ်၊ လက်ရှိ ငါးသောင်းကျပ်၊ စားအုန်းဆီ တပိဿာ အရင် တသောင်းနှစ်ထောင်ကျပ်၊ လက်ရှိ သုံးသောင်းကျပ် စသဖြင့် ရှိနေတယ်လို့ သိရပါတယ်။
“အလုပ်အကိုင် ရှားပါးနေတာက တကြောင်း၊ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကတကြောင်းနဲ့ တနေ့လုပ်အားခငွေက မိသားစုလုံလုံလောက် အသုံးပြုနိုင်ဖို့ နေနေသာသာ ထမင်းတောင် လျှော့စားနေရတယ်၊ အခု ဖြစ်နေတာတွေက ဘယ်တော့ အဆင်ပြေမယ်၊ လမ်းတွေက ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာတွေလည်း မသိသေးတော့ ရေရှည်အတွက် မနည်းကိုချွေတာပြီး မငတ်ရုံတမယ် စားသောက်နေရတယ်” လို့ မောင်တောဒေသခံတယောက်က ပြောပါတယ်။
အရင်က ငရုတ်သီးခြောက် တပိဿာ တသောင်းလေးထောင်ကျပ်ရှိရာမှ လက်ရှိမှာ ငါးသောင်းကျပ်၊ ဟင်းချိုမှုန့် အရင် တပိဿာ ၈၅၀၀ ကျပ်မှ လက်ရှိ ကျပ် သုံးသောင်းခွဲ၊ ငရုပ်သီးစိမ်း တပိဿာကို အရင် ၂၅၀၀ ကျပ်မှ လက်ရှိ ကျပ် နှစ်သောင်းခွဲ၊ ကြက်ဥ တလုံးကို အရင် ၃၅၀ ကျပ်မှ လက်ရှိ ၇၀၀ ကျပ် စသဖြင့် အသီးသီး ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တွင်းရှိ လမ်းတွေ ပိတ်ဆို့နေ့တဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အရေးပေါ် ကျန်းမာရေးကလွဲပြီး တမြို့နဲ့တမြို့ သွားလာလို့မရသလို ဒေသတွင်းရော ပြည်မမြို့နယ်တွေနဲ့ပါ ကုန်သွယ်လို့မရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
Photo Crd – Original Uploader