၇၈နှစ်ပြည့် အိုလံပစ်နဲ့ ယဉ်တကိုယ်မယ်

 

ဆူးငှက်

 

တကယ်တော့ မန္တလေးဆိုတာအနုပညာနဲ့တည်ဆောက်ခဲ့တဲ့မြို့ပါ။ သီချင်းသံတွေနဲ့ တာဝတိံသာဆီပင့်တင် ထားခဲ့တဲ့မြို့ပါ။ ဒါ့ကြောင့်လည်း မြန်မာမင်းနေပြည်တော်အဆက်ဆက် . မန္တလေး ရတနာပုံမ်နေပြည်တော်လောက် ထီးဘွဲ့၊ နန်းဘွဲ့၊ မြို့ဘွဲ့တွေမများခဲ့ဘူးလို့ ပညာရှင်တွေသုံးသပ်ကြတာပါ။ သီချင်းဂီတနဲ့မြို့တော်ကိုတည်ဆောက်တယ်။ သီချင်းဂီတနဲ့ထီးနန်းတည်ဆောက်တယ်။ သီချင်းဂီတနဲ့တိုင်းသူပြည်သားစိတ်ဓာတ်မြှင့်တင်တယ်။ သီချင်းဂီတနဲ့ ဘုရင်ထီးဘုရားအမြော်အမြင်ကိုတည့်မတ်တယ်။ သီချင်းဂီတနဲ့ ယိုင်နဲ့မှုတွေတည့်မတ်တယ်။ သီချင်းဂီတနဲ့ကျိုးကြောင်းဆင်ခြင်စေခဲ့တယ်။ ဆိုလိုတာကလူရဲ့ပင်မဇစ်မြစ်ဖြစ်တဲ့ နှလုံးသားကိုပဲထိရောက်စွာသိမ်းသွင်းခဲ့တဲ့သဘောပါပဲ။ စိတ်မဏ္ဍိုင်မှတစ်ဆင့် ရုပ်ကိုပြုပြင်စေတဲ့ သဘော …။

 

ဒီလိုသီချင်းဂီတနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ မန္တလေး မြို့ကြီးကို ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက် (၁၃၀၃ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ခန့်က တစ်မြို့လုံးပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကို ရုတ်ခြည်းသွန်မှောက်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်အနိဋ္ဌာရုံများ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။ အစဉ်အဆက် ကိုယ့်ဥခွံကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ပျော်ပျော်နေတတ်တဲ့ မန္တလေးသူ မန္တလေး သားများအဖို့ ဂျပန်လေတပ်ကြီးချီတတ်တာကိုပဲ ကောင်းကင်ဘားဆပ်ကပ် ပြလေသလားထင်မှတ်မှားပြီး လက်ခုပ်လက်ဝါးတီးကာ ပျော်ပျော်ကြီးကြည့်ကြရာက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ မီးလောင်ဗုံးတွေ စက်သေနတ်တွေနဲ့ ဒလစပ်ပစ်ခတ်ပါမှ “တကယ် ပစ်တာဟ၊ တကယ်ပစ်တာဟ၊ ပြေးကြဟ၊ ရှောင်ကြဟ” လို့ အော်ဟစ်ပုန်းအောင်းကြလို့ … သေလိုက်ကြတာကလည်းသောက်သောက်လဲတဲ့။ ဒီလိုနဲ့ မေလ ၁ရက် (၁၃၀၄ ခုနှစ်၊ ကဆုန်လဆုတ် ၃ရက်၊ သောကြာနေ့)မှာဂျပန်တွေ မန္တလေး တစ်မြို့လုံးသိမ်းပိုက်ပါတော့တယ်။

 

စစ်ရဲ့ အနိဋ္ဌာရုံကိုသုံးနှစ်သုံးမိုးမျှသေကွဲကွဲကြ၊ ရှင်ကွဲကွဲကြနဲ့ နဖူးတွေ့ ဒူးတွေ့ခံစားကြရပြီး ၁၉၄၅ ခု၊ မတ်လ ၂၁ရက် (၁၃၀၆ ခု၊ တန်ခူးလဆန်း ၉ရက်၊ ဗုဒ္ဓဟူးနေ့) မှပဲဂျပန်လက်အောက်က မန္တလေး မြို့ကြီးလွတ်မြောက်ခဲ့ပြီး … အရပ်ရှစ်မျက်နှာထွက်ပြေးကြတဲ့ မန္တလေး သူ မန္တလေး သားတွေ “ ပြည်တော်ဝင် ” နိုင်ကြတာမဟုတ်ပါလား …။ စစ်ကြီးပြီးပေမယ့် စစ်ဒါဏ်ရာဒါဏ်ချက်က နှလုံးသည်းပွတ်ကိုဆွဲကိုင်လှုပ်ရမ်းခံစားစေတော့ … မိမဲ့၊ ဖမဲ့၊ အလုပ်မဲ့၊ အကိုင်မဲ့၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြရတော့ ပညာမဲ့၊ ဉာဏ်မဲ့၊ အသိမဲ့ကြတာမဆန်းပါဘူး …။ ကမ္ဘာပေါ်ကမည်သည့်နိုင်ငံ၊ မည်သည့်တိုင်းပြည်၊ မည်သည့်နေရာဒေသ၊ မည်သည့်လူမျိုးဖြစ်စေ … “စစ်”ဆိုတာနဲ့ ဒီအနိဋ္ဌာရုံတွေ၊ ဒီဆိုးကျိုးတွေ ခံစားကြရသူချည်းပါ။

 

ဒီတော့ စစ်ကြီးအပြီး …မန္တလေး မှာလူငယ်လူရွယ်လူလတ် ကျားမမဟူစိတ်ဓာတ်တွေ ပျက်စီးကုန်ပါပြီ။ ရွှံ့ထဲဗွက်ထဲ၊ ရေထဲမှာအိုးမဲ့ အိမ်မဲ့ဖြစ်ကြပေမယ့် အဝတ်အစား၊ အပျော်အပါးကမလျော့ကြပါဘူး။ ပိုဆိုးတာကအလောင်းအစား၊ အသောက်အစားတွေပါပိုကဲလာတာမျိုးပါ။ မန္တလေး သူကုမ္မာရီလေးတွေ ကလည်းအလုပ်မရှိ၊ စားစရာမရှိသာဖြစ်တာ … ညနေစောင်းတာနဲ့ နှုတ်ခမ်းနီပါးနီဆိုး အဝတ်အစားအပြိုင်ဝတ်ပြီးဓာတ်ရှင်သွားကြ၊ ပွဲလမ်းသွားကြတော့ တာပါပဲ …။

 

အပျော်အပါးနောက်က ငွေကြေးကဖဝါးခြေရာထပ်မျှမလိုက်နိုင်တော့ လွယ်ကူတဲ့ငွေရှာလမ်းတွေဆီရောက်ကြတော့တာပါပဲ။ မန္တလေး သားလုလင်ပျိုများကလည်း စစ်တပ်တွေဆီကကျန်ရစ်ခဲ့တဲ့ နိုင်ငံခြားအရက်မျိုးစုံသောက်၊ ဘိန်းရှူ၊ အပျော်အပါးလိုက်၊ လောင်းကစားဝိုင်းထဲ အချိန်ကုန်ကြလေတော့ လူတွေလည်းရှူနာရှိုက်ကုန်းခါးချိသာခွေယိုင်ဖြစ်လို့ပေါ့။

 

ကိုင်းဗျာ … ဒီကိုကို၊ ဒီမမတွေနဲ့ဘယ်နှယ့်လုပ်ပြီးတိုင်းပြည်လွတ်လပ်ရေးဆောင်ရွက်နိုင်မှာတုံး။ “ဒို့လူလေးများဆိုသလေ”ဆိုရင် အရက်ဆိုင်၊ ဖဲဝိုင်းနဲ့ ပြည့်တန်ဆာအိမ်တွေထဲက “ တော်သလိုရော်သလိုကြည့် လုပ်ကြတာပေါ့ ” ဆိုတဲ့ ညောင်နာနာအသံတွေပဲထွက်လာမှာမဟုတ်လား …။ ဒီတော့… အမြော်အမြင်ရှိတဲ့ မြို့မိမြို့ဖတွေ၊ ပညာရှင်ကြီးတွေ ခေါင်းချင်းဆိုင်ကြရတော့တယ်။ “ ဒီပုံစံနဲ့ဆိုရင်မလွယ်ဘူးမောင်ရေ့ ” ဆိုတာမျိုးပေါ့လေ။

 

ဒီလူငယ်တွေကိုအဲဒီဆိုင်၊ အဲဒီဝိုင်း၊ အဲဒီအိမ်တွေကဆွဲထုတ်ရမယ်။ ပထမဆုံးသူတို့စိတ်ဓာတ်တွေပြင်ရမယ်။ နီးစပ်ရာရပ်ကွက်တိုင်းအသင်းအဖွဲ့၊ အစည်းအရုံးတွေဖွဲ့စည်းပြီးကျားမဟူသမျှ ကာယဗလလိုက်စားပြီး အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးအဆင့်ကိုဆောင်ရွက်ကြရမယ်။ ဒါမှသာလွတ်လပ်ရေးတိုက်ပွဲအတွက် “ပုခုံးနဲ့လက်ပြင်၊ ကြောချင်ကသံချောင်း” ဖြစ်တော့မှာပေါ့ ဆိုပြီး၁၉၄၅ ခု၊ ဒီဇင်ဘာလ ၂၉ရက် (၁၃၀၇ ခု၊ နတ်တော်လဆုတ် ၁၀ရက်၊ စနေနေ့)မှာ “အထက်ဗမာနိုင်ငံ၊ ကိုယ်လက်ကျန်းမာရေးအသင်းကြီး၏ ကာယဗလပြပွဲ” ကို မန္တလေး မြို့လယ် ၈၂လမ်းနှင့် ၈၃လမ်းကြား၊ ၃၁လမ်းနှင့် ၃၁လမ်းကြားက နေသူရိန်ဇာတ်ရုံကြီးမှာကျင်းပခဲ့တယ်။ …မန္တလေး ထုံးစံအတိုင်း ဆိုင်းနဲ့ဝိုင်းနဲ့၊ အဆိုနဲ့အကနဲ့၊ ကဇာတ်နဲ့ပြဇာတ်နဲ့ပါပဲ။ ထုံးစံအတိုင်း မြို့မငြိမ်းတို့ ဦးရင်လေးတို့ဦးစီးပြီး မြို့မတီးဝိုင်းနဲ့ပါပဲ။

 

တီးဝိုင်းနားမည်ကိုတော့ “ကရဝိက်(သ)မြူးဆစ်” နဲ့ “ညှင်းတွဲ့တွဲ့” တီးဝိုင်းလို့တစ်ပိုင်းစီမှာ နာမည်ပေးခဲ့တယ်။ပြပွဲကြီးကို မန္တလေးဓားတန်းရပ်မှာရှိတဲ့ အားကစားနှင့်ယဉ်ကျေးမှုအသင်းကြီးက ကြီးမှုးကျင်းပခဲ့တယ်။ ဒီအသင်းကြီးကိုမန္တလေးတက္ကသိုလ် ကျောင်းဆရာအုပ်ကြီးဦးကိုလေး၊ (ဆီ)ဦးဘသော်၊ ဓားတန်းဦးသန့်၊ လူထုဦးလှ၊ ကာယဗလဦးနေဝင်း၊ အမျိုးသားကျောင်းဆရာကြီးဦးရွှေဆင့်၊ ဦးချစ်အုံးစတဲ့ မြိုမိမြို့ဖများနဲ့ဖွဲစည်းထားတာပါ။

 

ပွဲအစပဏာမအဖြစ် “အိုလံပစ်” ဆိုတဲ့သီချင်းကိုတီးမှုတ်တယ်။သီဆိုသူက မြို့မကိုလှဒင်တဲ့။ အိုလံပစ်သီချင်းကအမျိုးသားများကိုယ်လက်ကြံ့ခိုင်ရေးအတွက် မြို့မငြိမ်းကရည်ရွယ်စပ်ဆိုတာပါ။ အဲဒီအချိန်ဇေယျာမောင်၊ ရွှေမန်းမောင်ဘွဲ့ရတဲ့ စစ်ကိုင်းသားကိုလှမောင်(ရုပ်ရှင်မင်းသားဇေယျ)တို့ ကိုဘသိန်းတို့ ဦးဆောင်ပြီး ကာယဗလမောင်များပါဝင်တဲ့ သရုပ်ပြမှုပါ။ “အိုလံပစ်” သီချင်းကမြန်မာလေးခင်းနဲ့ ဗိန်းမောင်းသံတွေကြားရသူတိုင်း ကြက်သီးမွှေးညှင်းထစရာပေါ့။ ဒီကနေ့အထိသီဆိုကြဆဲသီချင်းပါပဲ။

 

နောက်အစီအစဉ်မှာသီချင်း ၁ အဖြစ်အမျိုးသမီးများ၏ ကျန်းမာရေးလေ့ကျင့်ခန်းသရုပ်ပြ ဖြစ်တယ်။ “လူ့တစ်သက်တာ ဖြစ်လာခိုက်ဝယ်၊ စိတ်ကိုချမ်းသာခြင်းဟာ ကျန်းမာခြင်းနဲ့ပြည့်စုံခြင်းသာအရင်းခံဖြစ်တယ်…” အစချီတဲ့သီချင်းပါ။ သုံးပိုဒ်ပါတယ်။

 

ဒီနေရာမှာဆရာမြို့မငြိမ်းခေတ်မီပုံကိုပြောပြပါမယ်။ သီချင်းတတိယပိုဒ်မှာ … ““ တို့နေစာလှုံမယ်၊ ဘောဇဉ်ခဲဖွယ် ကန့်သတ်စားမယ်၊ လတ်ဆတ်ကောင်းရာဝယ်၊ သူ့လိုရင်းအနက်၊ သူ့ပရိုတင်းအချက်၊ တွင်းထွက်ဆား၊ အဆီသကြားကစီ၊ ကာဗိုဟိုက်ဒြိတ်၊ ဓာတ်ဗီတာမင်မျှလျှင်၊ အသက်ရှည်မယ် ”” လို့ရေးစပ်ခဲ့တယ်။

 

သီချင်း ၂မှာက အခုထိထင်ရှားကျော်ကြားနေတဲ့ “ယဉ်တစ်ကိုယ်မယ်” သီချင်းကိုဆရာမြို့မငြိမ်းကရေးစပ်ပေးခဲ့တယ်။  ““သန်မာထွားကျိုင်းပြီးကမ္ဘာသူလယ်လျှောက်သွားမယ် အလွန်တင့်တယ်…”” ဆိုတဲ့သီချင်းပါ။ ဒီသီချင်းကဒီနှစ် (၂၀၂၃ခုနှစ်) မှာ ၇၈နှစ် သက်တမ်းရှိနေပေမယ့် သံစဉ်အရသာမကစာသားအရပါ ခေတ်မီနေဆဲမို့ အပျိုလေးလို နုပျိုလှပနေဆဲပါပဲ။

 

နောက်သီချင်း ၃ ကတော့ “အလံတော်ဒရိမ်း” ပါတဲ့ …။ ဒီသီချင်းမှာလည်း ၄ ပိုဒ်ပါတယ်။ ““ ခုန်လွှားလန်းဆန်း၊ ခပ်ကြမ်းကြမ်းကောင်းပါတယ်။ (ဗမာ)၃ လုံမယ်ကစားပြီးလေ့လာကာရယ်၊ ကိုယ်လက်လှုပ်ရှားခွန်အားကြီးကြောင်းကိုကွယ်၊ မချူမခြာမာမာသန်သန် ကိုယ်ရည်သွေးပြချင်တယ်…”” စတဲ့စာသားတွေဖြစ်တယ်။

 

ဒီပွဲတော်ကြီးလည်းပြီးရော မန္တလေး ရဲ့ ရပ်ကွက်တိုင်းမှာ ကိုယ်ကာယကြံ့ခိုင်ရေးအသင်းတွေ၊ အလေးမအသင်းတွေ အလျှိုအလျှိုပေါ်ပေါက်လာပြီး ကျားမမရွေး လူငယ်တွေကိုယ်ကာယဗလနဲ့ ကျန်းမာရေးကိုလိုက်စားကြတော့ တာပါပဲ။ အကြောင်းခြင်းရာ ဇစ်မြစ်မသိသူတွေကတော့ အများတကာလွတ်လပ်ရေးတိုက်ပွဲအတွက် ဓားသွေးကြချိန်၊ မန္တလေး ကသီချင်းဆိုတီးမှုတ်ကခုန် နေကြလေရဲ့လို့ အပြစ်တင်ကြသတဲ့။

 

အိုလံပစ်

 

– ခေါမပြည် ခရစ်တော် မပေါ်မီ အနှစ်တစ်ထောင်ခန့်က အင်အားပြိုင်ပွဲအိုလံပစ်ကိုဆင်နွှဲသည်..၊

ဟစ်ပိုဒေမိယာလုံမငယ်ဖော့အူနုကိုပီလောနဲ့ အိုအိနိုးမားလုလင် အချစ်ချင်းတူကြရာဝယ်

ယောက်ျားကောင်းဇွဲသတ္တိပြယှဉ်ပြိုင်ပွဲစတယ်..။

 

– ရှေးခေတ် ရှေးခေတ်အခါဝယ် သေနင်ဗျူဟာ အတတ်သင်ရာဝယ်

ခပ်ကြမ်းကြမ်းအင်အားစမ်းကြတယ်၊

ဂရိတ်လူမျိုးတို့ ကျင်ကျင်လည်လည် ခေါမလူမျိုးတို့ ကျင်ကျင်လည်လည်

စစ်မြင်းလေးကောင် ကလို့သာကွယ် ရထားပြိုင်ပွဲကျင်းပတယ်..။

 

– စွမ်းစွမ်းသန်သန် လက်ရုံးထွားထွားကျားမမဟူ ခွန်အားကြီးကျယ် တက်ခေတ်ဗမာမယ် မွေး…။  ။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #မန္တလေး #ဆူးငှက် #၇၈နှစ်ပြည့်အိုလံပစ်နဲ့ယဉ်တကိုယ်မယ်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW