ဇန်နဝါရီ ၁ – ၂၀၂၄
SN (VOM)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနဲ့ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ၁၁ လတာ ကာလအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူဦးရေ နှစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီ့ကာလအတွင်း တနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု စုစုပေါင်း ၄,၄၂၁ မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီ့ ယာဉ်တိုက်မှုတွေကြောင့် လူဦးရေ ၂,၂၅၀ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၆,၁၅၉ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
“ယာဉ်တိုက်မှုတွေမှာ အများစုက အရှိန် ပြင်းပြင်းနဲ့ မောင်းနှင်တဲ့အတွက်ကြောင့်ရယ်၊ အရက်သေစာ သောက်စားပြီး မောင်းတဲ့အတွက်ကြောင့် ဖြစ်တာတွေများပါတယ်။ တနှစ်တနှစ်ကို ထောင်နဲ့ချီပြီးသေနေကြတယ်။ အသက်ဆုံးပါးသွားကြသလို မသန်စွမ်းသူ ဖြစ်သွားကြတာ၊ ခေါင်းထိတာ ပြင်းထန်လို့ ဉာဏ်ရည်ချို့ယွင်းသွားကြတဲ့ သူတွေလည်းရှိတယ်။ တကယ်ကို ကြောက်သင့်၊ ဆင်ခြင်သင့်တဲ့အရာပါ” လို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုင်ဝင်ဘာ လကုန်အထိ ၁၁ လအတွင်း တနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု စုစုပေါင်း ၅,၂၀၂ မှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၇,၃၃၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၂,၅၈၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ၂၀၂၃ ခုနှစ်၊ ၁၁ လတာ ကာလအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် သေဆုံးသူဦးရေမှာ ၂၀၂၂ ခုနှစ်၊ ကာလတူထက် ၃၃၈ ယောက် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
“စာရင်းတွေအရ ၂၀၂၂ ခုနှစ်ထက် လျော့နည်းလာတဲ့ အရေအတွက်တော့ ဖြစ်ပေမယ့် နှစ်ထောင်ကျော်တဲ့ အရေအတွက်ကတော့ ရှိနေသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုထက်ပိုပြီး ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ ခရီးသွားတဲ့အခါ ယာဉ်ကြံ့ခိုင်မှုရှိဖို့လည်း အများကြီး လိုအပ်တယ်။ ကားတာယာဘီး ကြံ့ခိုင်မှုကအစ လိုအပ်ပါတယ်။ တချို့ကျတော့လည်း ဘီးပေါက်ပြီးတော့ လမ်းဘေးထိုးဆွဲပြီး သစ်ပင်ဝင်တိုက်တာလည်း ရှိတယ်။ ယာဉ်မောင်း အိပ်ငိုက်လို့ ယာဉ် မတော်တဆမှု ဖြစ်တာလည်း ရှိတယ်” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ၁၁ လအတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေထဲမှာ ရန်ကုန်တိုင်းက ယာဉ်မတော်တဆ ဖြစ်ပွားမှုနဲ့ သေဆုံးမှု အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ့ကာလအတွင်း ရန်ကုန်တိုင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၇၇၈ မှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၈၃၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ ၃၈၇ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအများဆုံးကတော့ ဧရာဝတီတိုင်းဖြစ်ပြီး ယာဉ်မတော်တဆမှုပေါင်း ၆၈၇ မှုဖြစ်ပွားခဲ့သလို မန္တလေးတိုင်းကတော့ တတိယအများဆုံးနဲ့ ယာဉ်မတော်တဆမှုပေါင်း ၆၀၇ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo-MFSD