ချင်းပြည်နယ်တောင်ပိုင်းမှာ ဆန်ပြတ်လပ်မှုတွေဖြစ်ပေါ်နေ

 

ဇန်နဝါရီ ၊ ၇ ၊ ၂၀၂၄

SP( VOM)

ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ်နဲ့ မတူပီမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ အခုထိ ကုန်တင်ကားတွေ ဝင်ရောက်တာမရှိတဲ့အတွက် ဆန်တွေအပြင် အခြေခံ စားသောက်ကုန်စည်တွေပါ ပြတ်လပ်နေတယ်လို့ ဒေသခံ ကုန်စုံဆိုင်တွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းကစလို့ အခုထိ ကုန်ကားတွေ ဝင်ရောက်တာမရှိဘူး ၊ လူစီးကားတွေ အနည်းအကျဥ်းတော့ ဝင်တယ် ၊ ဝင်တဲ့ကားတွေကလည်း လူစီးသက်သက်ပဲ ကုန်စည်မပါဘူး ၊ အဲ့ဒါကြောင့် ဆန်အပြင် အခြေခံစား သောက်ကုန်တွေ ပြတ်နေရတာ ” လို့ မတူပီမြို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ” ပခုက္ကူ ၊ ဆိပ်ဖြူ ၊ ကန်စွန်းမ ၊ ဆောလမ်းဘက်ကနေ ပတ်ပြီးသွားရတယ် ၊ အရင်လို ပခုက္ကူ ၊ ရေပြာ ၊ ပေါက် ၊ ကျောက်ထု လမ်းကနေ သွားလို့မရဘူး ၊ လမ်းတွေပိတ်ထားတဲ့အပြင် ရေပြာ အုန်းတော ယောချောင်းတံတား မိုင်းခွဲခံထားရတယ် ၊ အဲ့ဒီတော့ ဆိပ်ဖြူ ၊ ဆောလမ်းကနေ သွားရတယ် ၊ ခရီးက ပိုဝေးပြီး လမ်းကြောင်းမှာ စစ်ဆေးရေးဂိတ်တွေများတယ် ၊ ကုန်စည်ပါလာရင် ဂိတ်တွေမှာက ၊ စစ်ဆေးတာများပြီး ပိုပြီးကျန့်ကြာတယ် ” လို့ ပြောပါတယ်။

မတူပီမြို့ခံ ကုန်သည်တယောက်က ” ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းက မတူပီနယ်ဘက်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်တယ် ၊ မတူပီ ၊ ပခုက္ကူ ကုန်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ခံရပြီး မတူပီနယ်မှာ ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်လာတယ် ၊ အခုဆိုရင် ဆန်ကြမ်း တတင်းခွဲအိတ် တအိတ်ကို နှစ်သိန်းဝန်းကျင်ရှိတယ် ၊ စားဆီက တပိသာ သုံးသောင်း ဖြစ်နေတယ် ၊ စျေးနူန်းပေါက်စျေးတွေရှိပြီး ရောင်းကုန်က ပြတ်လပ်နေတယ် ၊ မတူပီ နဲ့ မင်းတပ်နယ်မှာ ဆန်အဝင်မရှိဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် မတူပီနဲ့ မင်းတပ်နယ်မှာ စားသောက်ကုန်စည်တွေ တနေ့တခြား ပြတ်လပ်လာတဲ့အတွက် ဒေသခံတွေ အများစု (နှစ်သောင်းဝန်းကျင်)ဟာ နေရပ်စွန့်ခွာပြီး အိန္ဒိယနယ်စပ်ဘက်ကို သွားရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် ပခုက္ကူမြို့ကနေ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေဖြစ်တဲ့ ပေါက် ၊ ကျောက်ထု ၊ ထီးလင်း ၊ ဂန့်ဂေါ စတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စားသောက်ကုန်နဲ့ အခြေခံ လူသုံးကုန်တွေ ပြတ်လပ်နေပြီး အဆမတန် စျေးနူန်းမြင့်တက်နေတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW