မူဆယ်မှာ တာဝန်ကျ ဆရာဝန်တွေအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း အကုန်နီးပါး မြို့ကနေ ရှောင်တိမ်း

 

ဇန်နဝါရီ ၁၀၊ ၂၀၂၄

Shy V (VOM)

တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့က ဆရာဝန်တွေအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စပြီး ရှောင်တိမ်း နေကြတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“မူဆယ်က ဆေးရုံတွေမှာ ဆရာဝန်‌တွေ မရှိတော့ဘူး။ ကျမ ညီမ ကလေး မွေးမှာမို့လို့ လိုက်မေးတာ ဘယ်ဆေးခန်းမှ ဆရာဝန် မရှိတော့ဘူးဆို။ အံ့ဩတယ်။ ဖျားတာ နာတာ ဆိုရင် တော်တော် ခက်ပြီပေါ့။ ဗဟို ဆေးရုံမှာတော့ ရှိတယ်ပြောလို့ အဲမှာ သွားခိုင်းလိုက်တယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်း မြို့တွေထဲက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ပွဲတွေကြောင့် လုံခြုံတဲ့ နေရာမှာ ရွှေ့ပြောင်း ထားရှိထားကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

“ဝန်ထမ်းတွေကို တရုတ်ဘက်မှာလည်း နေရာချထားပေးတယ်။ နေတာတော့ အခမဲ့ပေါ့။ စားစရိတ်က ကိုယ့်ဘာသာ ကိုယ် ကုန်ကျစရိတ်ခံရမယ်။ သတ်မှတ်ပေးထားတဲ့ နေရာ မနေချင်လို့ ကိုယ့် အစီအစဉ်နဲ့ ကိုယ် နေမယ်ဆိုရင်လည်း ရပါတယ်။ လုံခြုံမယ်လို့ ယူဆရတဲ့ နေရာပေါ့” လို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ စီးပွားရေးဘဏ်က ေငွတွေနဲ့ ဝန်ထမ်းတွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အကုန်လုံး ‌သယ်ယူရွှေ့ပြောင်း လိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ စီးပွားရေး ဘဏ်ဝန်ထမ်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

မူဆယ်မြို့ပေါ်မှာ ရှိတဲ့ ဘဏ်တွေမှာတော့ ငွေသွင်းနဲ့ ငွေလွဲ တွေကို ပိတ်သိမ်းထားပြီး ငွေထုတ်ပဲ ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတွေ အနေနဲ့ ကျန်းမာရေး ဆေးဝါးကုသမှုခံယူဖို့ ခက်ခဲလာပြီး ဘဏ် ငွေသွင်း၊ ငွေလွဲ ဖို့လည်း မရတော့သလို တချို့နေရာတွေမှာ ဖုန်းလိုင်းတွေပါ ပြတ်တောက်၊ မြို့အဝင်အထွက် လမ်းတွေပါ ပိတ်ထားတာကြောင့် ပိုမို ခက်ခဲလာတယ်လို့ ဆိုပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW