အမြန်လမ်းမှာ တဘက်ယာဉ်ကြောကို ရောက်သွားတဲ့ ကားတစီး ခါးလယ်ကနေ ဖြတ်တိုက်ခံရလို့ လေးယောက်သေဆုံး၊ သုံးယောက် ဒဏ်ရာရ

 

ဇန်နဝါရီ ၁၂ – ၂၀၂၄

SN (VOM)

မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့က အမြန်လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောကို ရောက်သွားတဲ့ ကားတစီး ခါးလယ်ကနေ ဖြတ်တိုက်ခံရလို့ နှစ်နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် လေးယောက်သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်ဟာ မနေ့ ညနေ ၅ နာရီဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၇/၂-၃) ဖာလုံကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ MARK II အမျိုးအစား (ခဲရောင်) ကားက အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြော မန္တလေး- နေပြည်တော်ဘက်ခြမ်းကို ရောက်ရှိသွားချိန်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ TOYOTA ALLION အမျိုးအစား (အဖြူရောင်) ကားက MARK II ကားကို ခါးလယ်ကနေ ဖြတ်တိုက်မိခဲ့တာလို့ သိရပါတယ်။

“MARK II ကားက အရှိန်လွန်ပြီး တဖက်ယာဉ်ကြောကို ရောက်သွားတာပါ။ သေသွားတဲ့သူတွေက MARK II ကားကပါ။ အသက် နှစ်နှစ်အရွယ် ကလေးလေးတယောက် အပါအဝင် သုံးယောက်က နေရာမှာတင် ပွဲချင်းပြီးဆုံးတာ။ တယောက်ကတော့ ဆေးရုံအပို့မှာတင် ဆုံးသွားတာ” လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် MARK II ကားပေါ်လိုက်ပါလာတဲ့ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး လေးယောက်၊ စုစုပေါင်း ခြောက်ယောက်အနက် အမျိုးသား တယောက်နဲ့ အမျိုးသမီး သုံးယောက် သေဆုံးခဲ့ကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိပါတယ်။

TOYOTA ALLION အမျိုးစား (အဖြူရောင်) ကားပေါ် မှာတော့ အမျိုးသား တယောက်၊ အမျိုးသမီး တယောက်နဲ့ ကလေးငယ် မိန်းခလေး တယောက်၊ စုစုပေါင်း သုံးယောက် လိုက်ပါလာတဲ့အနက် အမျိုးသား တယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ယာဉ်မတော်တဆမှုဖြစ်စဉ်ကို စကားအင်း အမြန်လမ်းမီးသတ်မှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့ပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို တံတားဦးမြို့နယ် ပြည့်သူဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ( ၂၃၁/ဝ) မှာ King Long (အဖြူရောင်) အန်စာတုံးယာဉ်တစီး ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းက ရေနုတ်မြောင်းပေါက် အုတ်ကန်ကို ဝင်တိုက်မိခဲ့တာကြောင့် သုံးယောက် သေဆုံးကာ ကိုးယောက် ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီ့လိုပဲ ဇန်နဝါရီ ၄ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်ကလည်း မိုင်တိုင်အမှတ် (၂၈၆/၆) နဲ့ (၂၈၆/၇) ကြားမှာ ISUZU အစိမ်းရောင်ယာဉ်တစီး ရှေ့ဝဲဘက် ဘီးပေါက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် သံဃာတော်တပါးအပါအဝင် သုံးယောက် သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အခု ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုများတဲ့ ဖြစ်စဉ်တွေကို ထုတ်နုတ် ဖော်ပြခြင်းသာဖြစ်ပြီး ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေဟာ တပတ်ကျော်ကာလအတွင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ယာဉ် တွဲကား၊ ဆီဘောင်ဆာကားကြီးတွေ၊ ၁၂ ဘီးနဲ့ ၆ ဘီးကားတွေလည်း မောင်းနှင်သွားလာနေတဲ့အတွက် သတ်မှတ်ထားတဲ့ ကီလို ၁၀၀ အောက် မောင်းနှင်ကြဖို့၊ လမ်းညွှန် သတိပေး ဆိုင်းဘုတ်တွေကို ဂရုပြု လိုက်နာကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နဲ့ ဖြူးမြို့ကြား ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကညွတ်ကွင်းတံတား (ကွင်းချောင်းတံတား) မိုင်းခွဲဖျက်ဆီးခံရပြီးနောက် အမြန်လမ်းပေါ်ကို ကုန်ကားအများအပြား ဖြတ်သန်းသွားလာနေတဲ့အတွက် ယာဉ်တိုက်မှုတွေ မဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သတိပေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ပုံမှန်က ဒီလမ်းမကြီးပေါ်မှာက ယာဉ်တိုက်မှုတွေက မကြာခဏဆိုသလို ဖြစ်နေတာ။ အခုလို ကုန်ကားတွေပါ တက်မောင်းတော့ အန္တရာယ်မဖြစ်ရအောင် သတိပေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အခု လတ်တလောဖြစ်နေတဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေက ယာဉ်မောင်း အိပ်ငိုက်တာ၊ ဘီးပေါက်တာ၊ အရှိန်လွန် တိမ်းမှောက်တာတွေကြောင့်ပါ။ အဲ့ဒါတွေနဲ့ပဲဖြစ်တာပါ။ ကုန်တင်ကားကြီးတွေနဲ့တော့ မဆိုင်ပါဘူး။ ယာဉ်ငယ်တွေ၊ ကားသေးတွေက သူ့တို့ဘာသာသူတို့ အရှိန်လွန်၊ ဘီးပေါက်၊ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် အခုလိုတွေ ဖြစ်နေတာပါ။ အဲ့ဒါကြောင့် သတ်မှတ်ကီလိုထက် လျှော့မောင်းပါ။ အိပ်မငိုက်ကြပါနဲ့။ သတိဆိုတာ ပိုတယ်မရှိပါဘူး” လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်၊ တနှစ်တာကာလအတွင်း အမြန်လမ်းမှာ ယာဉ်တိုက်မှု အကြိမ်ရေ ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ကာ အမျိုးသား ၆၂ ယောက်နဲ့ အမျိုးသမီး ၂၄ ယောက် စုစုပေါင်း ၈၆ ယောက် သေဆုံးခဲ့ပြီး အမျိုးသား အယောက် ၁၈၀ နဲ့ အမျိုးသမီး ၁၄၆ ယောက် စုစုပေါင်း ၃၂၆ ယောက် ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြတယ်လို့ နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW