“ခိုကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်ဖို့ ခိုစာကျွေးခြင်း ရပ်တန့်ပါ

 

 

သွေး (စစ်ကိုင်း)

 

ရန်ကုန်မြို့လယ်ကောင်လို နေရာတွေမှာ ခိုစာရောင်းသူတွေ, ခိုစာကျွေးသူတွေကို တွေ့မြင်နေရပါတယ်။ လူအများစုက အဲဒီလို ခိုစာကျွေးတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မသိကြဘဲ အစဉ်အလာတစ်ခုကို ကျင့်သုံးနေသလို ဖြစ်နေပါတယ်။ တကယ်တမ်းမှာ ခိုတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါပိုးမွှား အများအပြားကို သယ်ဆောင်ထားတယ် ဆိုတာ မမေ့သင့်ပါဘူး။

 

မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်းလှပနေရမယ့် နေရာတွေမှာ ခိုချေးတွေပြန့်ကြဲ ညစ်ပေနေတာ, အနီးဝန်းကျင်အတွက် အနံ့အသက် မကောင်းတာက တော်တော်လေး မသင့်လျော်ဘူး လို့ ဆိုရမှာပါ။ ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဝန်ကြီးများရုံးရှေ့ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ပလက်ဖောင်းမှာ ခိုစာရောင်းသူ, ခိုစာကျွေးသူတွေကို နေ့စဉ်တွေ့ရပါတယ်။ ခိုတွေက အုပ်လိုက်လာရောက် စားသောက်ကြလို့ သူတို့ တောင်ပံခတ်လိုက်တိုင်း အနီးပတ်ဝန်းကျင်ဆီ အမှုန်အမွှားတွေ ပျံ့လွင့်နေပါတယ်။ ဗိုလ်အောင်ကျော်လမ်းနဲ့ ကုန်သည် လမ်းထောင့်ရှိ ရန်ကုန်မြို့ပြ အမွေအနှစ်စာရင်းဝင် ‘အာမေးနီးယန်း ဘုရားကျောင်း’ ရှေ့မှာလည်း ခိုတွေ အုပ်လိုက် တွေ့ရပြီး လူသွားပလက်ဖောင်းနဲ့ ကားလမ်းပေါ်မှာ ခိုချေးတွေနဲ့ ညစ်ပတ်ပေရေနေပါတယ်။

 

ဆူးလေခုံးကျော်တံတားအောက်မှာလည်း ခိုချေးတွေ အထပ်လိုက်, အထပ်လိုက်တွေ့ရသလို ဆူးလေစေတီ အနီးဝန်းကျင်မှာ ခိုစာရောင်းချတာတွေ ရှိနေ ပါတယ်။ တကယ့် အထင်ကရနေရာတွေမှာ ခိုတွေ များပြားလာနေတာက လူထုကျန်းမာရေး ကို ဘယ်လို ထိခိုက်စေနိုင်သလဲ ဆိုတာ လေ့လာကြည့်ကြ ရအောင်ပါ။ ခိုတွေ အုပ်လိုက်ပျံတဲ့အခါ လေထုထဲကို အမှုန်, အမွှား, အမွှေး, အမျှင်နဲ့ ဖုန်တွေ လွင့်ပျံသွားပြီး အဲဒါတွေကို လူက ရှူရှိုက်မိရင် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ပြီးတော့ ခိုချေးထဲမှာလည်း ဗိုင်းရပ်စ်တွေ, ဘက်တီးရီးယားတွေ ရှိနေပါတယ်။ ခြောက်သွေ့သွားတဲ့ ခိုချေးအမှုန်တွေကို ရှူရှိုက်မိရင် အသက်ရှူလမ်းကြောင်းမှာ မှိုစွဲတဲ့ ရောဂါ ဖြစ်ပွားနိုင်တာမို့ မပေါ့ဆ, သင့်ပါဘူး။

 

ခိုရဲ့ အညစ်အကြေးနဲ့ ခိုကနေ ကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ ပတ်သက်လို့ nyc.gov ဝက်ဘ်ဆိုက်မှာ “ဦးနှောက် အမြှေးရောင် ရောဂါ, အသက်ရှူလမ်းကြောင်းမှာ မှိုစွဲတဲ့ရောဂါနဲ့ ကုတ်ဟီးချောင်းဆိုးနာရောဂါတွေ ဖြစ်စေနိုင်တယ်” လို့ ဖော်ပြထားပါတယ်။ Financial Express သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း ကျန်းမာရေး ပညာရှင်တွေရဲ့ အဆိုအရ ခိုရဲ့ အညစ်အကြေးနဲ့ ခိုမွှေးတွေကနေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ကြောင်း ရေးသားထား ပါတယ်။ ခိုတစ်ကောင်ဟာ တစ်နှစ်မှာ အညစ်အကြေး ၁၂ ကီလိုဂရမ်ထိ စွန့်ပစ်နိုင်ပါတယ်။ ခိုတွေရဲ့ အညစ်အကြေးမှာ သဘာဝအရ အက်စစ်ဓာတ်များတဲ့ အတွက် အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေသလို တချို့သော မော်တော်ကား အမိုးတွေမှာ ခိုချေးကြောင့် အကွက်အကွက်တွေ ဖြစ်နေတတ်ပါတယ်။ ခိုချေးအစိုနဲ့ တစ်ပါတည်း ဝမ်းပျက် ဝမ်းလျှောရောဂါပိုးပါ ပျံ့နှံ့စေပါတယ်။ ဒါအပြင် ခိုချေးအခြောက်ကနေ ဖြစ်လာတဲ့ အမှုန်အမွှားတွေကလည်း အသက်ရှူ လမ်းကြောင်း မှိုစွဲတဲ့ ရောဂါဖြစ်စေနိုင်တာမို့ အထူးသတိပြုသင့်ပါတယ်။

 

တိမွေးကု ဆရာဝန်တွေက Parrot Fever လို့ ခေါ်ကြတဲ့ “ကုတ်ဟီးချောင်းဆိုးနာရောဂါ” ကို ခိုတွေ အပါအဝင် တချို့သော ငှက်တွေ, ကြက်တူရွေးတွေမှာ တွေ့ရှိရတယ် လို့ ဆိုပါတယ်။ သူတို့ ခန္ဓာကိုထဲကို Chlamydia လို့ ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုး ဝင်ရောက်တာကြောင့် ဖြစ်ရတာပါ။ ဒီရောဂါဟာ ခိုတွေရဲ့ အညစ်အကြေးခြောက်, အမှုန်အမွှားတွေကို ရှူရှိုက်မိရာကနေ ကူးစက်နိုင်တာ ဖြစ်ပါတယ်။ ခိုကနေ တစ်ဆင့်နောက်ထပ် ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ရှိသေးပါတယ်။ အဲဒါတွေကတော့ ခံတွင်း ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းကနေ ဝင်ရောက်သွားတဲ့ ခိုအညစ်အကြေးကြောင့် အူရောင်ငန်းဖျား ရောဂါ, Viral Encephalitis လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဦးနှောက် အမြှေးရောင် ရောဂါ ဖြစ်စေတာတွေပါ။

 

ခိုစာကျွေးသူတွေရဲ့ လုပ်ဆောင်မှုကြောင့် မြို့ပြမှာ ခိုတွေ အများအပြား ပေါက်ပွားစေပါတယ်။ လူအတော်များများက ခိုတွေကို အစာကျွေးတာဟာ ကုသိုလ်ပြုတာ ဖြစ်လို့ ကောင်းမွန်တဲ့ လုပ်ရပ်သဖွယ် ရှုမြင်ထင်မှတ်နေကြတာပါ။ ဒါပေမဲ့ အကြောင်း-အကျိုးညီညီ စဉ်းစားကြည့်ရင် ခိုတွေဟာ လူတွေက မကျွေးမွေးရင်လည်း သူတို့ဘာသာသူတို့ သဘာဝအရ ရှာဖွေစားသောက်နိုင်ကြပါတယ်။ ခိုတွေ များပြားလာတာနဲ့ အမျှ ‘ဂေဟစနစ်’ အပေါ် သက်ရောက်မှုပါ ရှိလာစေတာ တွေ့ရမှာပါ။ ခိုတွေ, ခွေးတွေ, စာကလေးတွေကို အစာကျွေးတဲ့ အခါ သူတို့ဟာ ကျွေးလိုက်တဲ့ အစာတွေကို အကုန်လုံး မစားသောက်နိုင်ကြ ပါဘူး။ စာကြွင်းစားကျန်တွေ ကျန်ရစ်နေခဲ့လေ့ ရှိပါတယ်။ အဲဒီ အကြွင်းအကျန်တွေကို ဘယ်လို အကောင်တွေက လာစားသလဲ ဆိုတော့ မြေကြွက်တွေပါပဲ။ မြေကြွက်တွေလည်း ပိုမိုပေါက်ပွားစေတာကို သတိပြုပါ။ အထူးသဖြင့် မြေညီထပ်တွေ, လုံးချင်းအိမ်တွေမှာ နေထိုင်ကြသူတွေဟာ မြေကြွက်ရဲ့ အန္တရာယ်ကို ပိုခံရလေ့ ရှိပါတယ်။

 

လူတွေက ခိုစာတွေ ကျွေးကျွေးနေတော့ ခိုတွေဟာ မျိုးပွားမှု ပိုများပြားလာပါတယ်။ ပုံမှန်အားဖြင့် ခိုတွေဟာ ၁ နှစ်မှာ ၂ သားကနေ ၃ သားထိပဲ ပေါက်ပွားလေ့ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းလေ့လာချက်တွေ အရ ခိုပေါက်ပွားမှုက ၁ နှစ်မှာ ၈ သားထိ ဖြစ်လာတာမို့ သတိထားရမှာပါ။ ခိုတွေရဲ့ သဘာဝ အတိုင်း ကိုယ်တိုင်ပျံသန်း ရှာဖွေစားသောက်တတ်တဲ့ အလေ့အကျင့်ကို လူတွေက အစာကျွေးပြီး ဖျက်ဆီးလိုက်သလို ဖြစ်သွားတာပါပဲ။ ခိုတွေက များပြားကျယ်ပြန့်စွာ ပေါက်ပွားလာတော့ “ခို” မဟုတ်တဲ့ အခြားသော ငှက်တွေရဲ့ ရှင်သန်မှုကိုလည်း ထိခိုက်စေပြန်ပါတယ်။

 

ရန်ကုန်မြို့မှာဆို ခိုတွေ အဆမတန် ပေါက်ပွားလာတာတွေ့ရပြီး ဘုရားစေတီဝန်းကျင်နဲ့ ကျယ်ပြန့်တဲ့ လမ်းမကြီးတွေမှာ ခိုစာကျွေးနေတာတွေကို နေ့စဉ်မြင်တွေ့ရတဲ့အပြင် ဓာတ်ကြိုးတွေပေါ်မှာ နားနေတဲ့ ခိုအုပ်တွေ, သူတို့က စွန့်ပစ်လိုက်တဲ့ ခိုချေးအညစ်အကြေးတွေက ရောဂါပိုးကူးစက်စေနိုင်တာ သတိပြုသင့်ပါတယ်။ အဆောက်အဦးတွေပေါ်မှာ နားနေကြတာ, တချို့နေရာတွေမှာ အသိုက်လုပ်တာတွေက အဆောက်အဦရဲ့ သန့်ရှင်းလှပမှုကို လျော့ကျစေရုံသာမက အဲဒီ အဆောက်အဦမှာ နေထိုင်သူတွေရဲ့ ကျန်းမာရေးကိုပါ နေ့စဉ်ထိခိုက်စေ ပါတယ်။

 

ခိုကနေ တစ်ဆင့် ကူးစက်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါကြောင့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ ၆ နှစ်သား ကလေးငယ်တစ်ယောက် သေဆုံးရမှု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ပွားခဲ့ပါတယ်။ “မောင်သူရအောင်” ဆိုတဲ့ ကလေးဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ရတာ ဖြစ်ပြီး အိပ်ခန်းအပေါ်ဘက်မှာရှိတဲ့ ခိုအသိုက်ကနေ ထွက်လာတဲ့ ခိုမွှေးတွေနဲ့ ခိုအညစ်အကြေးက ကလေးငယ်ကို ရောဂါပိုးတွေ ကူးစက်ခံရပြီး ကွယ်လွန်တာလို့ ဆရာဝန်က မှတ်ချက်ပြုပါတယ်။

 

မိမိနေထိုင်ရာ အိမ်တွေ, အဆောက်အဦတွေမှာ ခိုတွေ အသိုက်မဖွဲ့အောင် ဂရုစိုက်သင့်ပါတယ်။ တချို့သော အပေါ်ထပ် တိုက်ခန်းနေထိုင်သူတွေဟာ အောက်ကို ဆန်စေ့တွေ, စပါးစေ့တွေ, ပဲစေ့တွေ ကြဲချပြီး ခိုစာကျွေးလေ့ရှိတာ တွေ့ရ ပါတယ်။ သူတို့ ကြဲချတဲ့ ခိုစာတွေက အခြားအခန်းရဲ့ ဆန်းရှိတ်ပေါ် ကျရောက်လို့ ခိုတွေက အပြေးအလွှားနဲ့ လာရောက် အစာကောက်တော့ ဝုန်းဒိုင်းကြဲ ဆူညံရုံသာမက သူတို့ကနေ အတောင်ပံတွေ ခါလိုက်ရင် ရောဂါပိုးတွေ ပျံ့လွင့်စေနိုင် တာ ဂရုပြုစေချင်ပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ခိုစာရောင်းချတာ, ခိုစာကျွေးတာတွေကို ကြပ်မတ်သင့်ပါပြီ။ အရင်အစိုးရ လက်ထက်က မန္တလေးမြို့ရဲ့ အထင်ကရ ကျုံးဘေးမှာ ခိုစာရောင်းတာ, ခိုစာကျွေးတာ တားမြစ်ခဲ့သလို မလိုက်နာရင် ဒဏ်ရိုက်ခဲ့ပါတယ်။

 

ခိုစာရောင်းသူတွေဟာ သူတို့ရဲ့ ဝမ်းရေးကြောင့် ရောင်းရတာလို့ နားလည်နိုင်ပေမဲ့ အများပြည်သူကို ကူးစက်စေနိုင်တဲ့ ရောဂါပိုးမွှားတွေကတော့ နားလည်ပေးမှာ မဟုတ်သလို မြို့ပြလူနေမှုဝန်းကျင်ကို ဆိုးဝါးတဲ့ သက်ရောက်မှု ဖြစ်စေနိုင် တာကြောင့် စည်ပင်ဥပဒေအရ တားမြစ်သွားသင့်ပါတယ်။ လိုအပ်ရင် ဒဏ်ငွေချမှတ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သက်ဆိုင်ရာတာဝန်ရှိသူတို့ အနေနဲ့ ခိုစာရောင်းသူတွေကို ခိုကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါအကြောင်း အသိပညာပေးမှု ပြုလုပ်ပြီး ခိုစာမကျွေးဖို့ ထိထိရောက်ရောက် တားမြစ်သွားရမှာပါ။ ခိုစာကျွေးသူတွေ မရှိတော့ဘူး ဆိုရင် ခိုပေါက်ပွားမှုနှုန်း သိသိသာသာ လျော့ကျသွားမှာ ဖြစ်တဲ့ အပြင် အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေမှုလည်း နည်းပါးသွားစေမယ့် အပြင် မြို့ပြဝန်းကျင် သန့်ရှင်းသာယာ လှပမှုလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

 

သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိခိုက်စေသလို လူသားတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့ ခိုစာကျွေးတဲ့ အလေ့အထကို အားမပေးသင့်ပါဘူး။ မြို့ပြသန့်ရှင်းရေး, မြို့ပြအမွေအနှစ်ထိန်းသိမ်းနိုင်ရေး, လူ့ကျန်းမာရေး အတွက် ခိုစာကျွေးမှုကို ရပ်တန့်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

 

သွေး (စစ်ကိုင်း)

 

#Voiceofmyanmar #ခိုကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကာကွယ်ဖို့ခိုစာကျွေးခြင်းရပ်တန့်ပါ #VOM #သွေး(စစ်ကိုင်း)

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW