ဆူးငှက်
သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်ရိုးဟု စာဆိုလေ့ရှိသော စစ်ကိုင်းတောင်တွင် ကနဦး အစောဆုံး တည်ခဲ့သောချောင်(၃)ချောင်ရှိသည်။ ပိတောက်ချောင်တဲ့၊ ပဘာချောင်တဲ့၊ အနုရုဒ္ဓါချောင်တဲ့။ စစ်ကိုင်းတောင်ရိုးသို့ ငယ်စဉ်ကတည်းကမကြာခဏရောက်ဖြစ်သော်လည်း ထို ရှေးဟောင်း နေရာ ရှေးဟောင်းချောင်တွေအကြောင်းမသိခဲ့။
စာကလေး၊ ပေကလေး လောက်လောက်လားလား ဖတ်လာချိန်မှာ ဆရာတော် ရွှေကိုင်းသား ဟူသော အာဂသုတေသီ ရဟန်းစာဆို တစ်ဦးက စစ်ကိုင်းတောင်ရိုး အနုရုဒ်္ဓါချောင်မှာ သီတင်းသုံးလျက် ရှိသည်ဆိုတာ သိမှတ်ရငြား ထိုအနုရုဒ္ဓါချောင်သို့ တစ်ခေါက်တစ်လေမျှပင် မရောက်ဖူးခဲ့။ အရပ်ချင်း နီး၍ အရောက်အပေါက် မပြတ်လှသော ပွဲကုန်းရပ်ကဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ထံ ရောက်တိုင်း ဆရာတော် ရွှေကိုင်းသား အကြောင်း၊ အနုရုဒ္ဓါချောင် အကြောင်းကြားသိ ရတိုင်း ပါးစပ်အဟောင်းသား ငေးမော နားထောင်ရုံပဲပေါ့။ တကယ်တော့ စစ်ကိုင်းတောင်၏ အံ့ဖွယ်အနှစ်ကို မတွေ့ခဲ့ခြင်းပင်တည်း။
တကယ်တော့ စာဖတ်တတ်စ အချိန်ကတည်းက အစ်ကိုတစ်ယောက်၏ စာအုပ်စင်မှ “၁၆ ချိုးဆိုက်” “မန္တလေး” ဟူသောစာအုပ်လေး တစ်အုပ်ကို နှစ်နှစ်ခြိုက်ခြိုက် ယူ၍ကြည့်နေကျ၊ စာအုပ်လေးမှာ မန္တလေးနှင့် ပတ်သက်တာတွေ အစုံအလင်ပါသည်။ ဓာတ်ပုံတွေကလည်း စိတ်ဝင်စား စရာတွေချည်း၊ ကျွန်တော် မကြာခဏ တစွတ်စွတ် ယူဖတ်သော “မန္တလေး” ဆိုသည့်စာအုပ်လေး ကို ပြုစုသူက ရတနာပုံ ဖိုးမှတ်စု ဖြစ်သည်။ ရတနာပုံ ဖိုးမှတ်စုဆိုတာ ရွှေကိုင်းသားမှန်းမသိ၊ နောက်မှ သိသည်။ သိတော့လည်း ရွှေကိုင်းသားဆိုတာ စစ်ကိုင်းတောင်ရိုးပျော် ဆရာတော်တစ်ပါးမှန်းလည်း မသိ။ သည်တော့ အနုရုဒ္ဓါချောင်ဆိုတာဝေးပေါ့။ အစ်ကို့စာအုပ်စင်မှ ကျွန်တော် နှစ်နှစ်သက်သက် ယူကြည့် ဖြစ်သည့် စာအုပ်က အဆိုပါ “မန္တလေး” စာအုပ်အပြင်၊ မန်းရာပြည့် ဓာတ်ပုံစာစောင်လည်း ပါသည်။
တကယ်တော့ မန်းရာပြည့်ပွဲကို ကျွန်တော် မသိပါ။ ကျွန်တော်လသားအရွယ်ပဲ ရှိဦးမှာပေါ့။ ကျွန်တော်တို့ ငယ်စဉ်ကတော့ လူကြီးတွေက “မန်းရာပြည့်” ပွဲအကြောင်း တခုတ်တရ ပြောကြလှသည်။ မန္တလေး ချမ်းပြသာစည် လေယာဉ်ကွင်းကမန္တလေးမြို့တစ်ပတ် လေယာဉ်စီးခွင့်ဆိုတာ တစ်သက်တစ်ခါ ကြုံခဲသည့် အခွင့်အရေးပဲ။ မန္တလေးတောင်ခြေက ကွင်းကြီးမှာကျင်းပသော “မန်းရာပြည့်” ပွဲကြီးကလည်း သားစဉ် မြေးဆက် ပြောမကုန်အောင် စည်ကားခမ်းနားလှသည့် ပွဲကြီးဖြစ်သည်။မန္တလေးမူ၊ မန္တလေးဟန်၊ မန္တလေးဓလေ့၊ မန္တလေးထုံးနှင့် မန္တလေးသား မြန်မာပညာရှိကြီးများ၊ မြို့မိမြို့ဖကြီးများ စိတ်စွမ်း၊ ဉဏ်စွမ်းရှိသလောက် ကျင်းပခဲ့သော ပွဲကြီးမို့ ကျေနပ်အားရစရာ ကောင်းလှချည့် တဲ့။
“မန္တလေး” စာအုပ်ကို ရတနာပုံဖိုးမှတ်စု အမည်နှင့် ထုတ်ဝေတာ စစ်ပြီးစ ကတည်းကတဲ့။ ထို့နောက် ထို “မန္တလေး” ကိုပင် ပြန်လည် ဖြည့်စွက် ပြင်ဆင်ပြုစုက “ရွှေကိုင်းသား” ကလောင်ဖြင့် “အနှစ် ၁၀၀ ပြည့် မန္တလေး” ကျမ်းကြီးကို မန်းရာပြည့်အမီ ထုတ်ဝေပြန်သည်။ သတင်းစာ ဆရာကြီး လူထုဦးလှက …
“မန္တလေးမြို့တည်နန်းတည် နှစ် ၁၀၀ ပြည့်ပွဲတော်ကြီး အမီ ဤစာအုပ်ကြီးကို ဤမျှ ပြည့်ပြည့်စုံစုံ ဦးပဉ္စင်း ပြုစုနိုင်သည်မှာ လွယ်လွယ်ကူကူကား မဟုတ်ပေ၊ ရည်ရွယ်ချက်ဖြင့် အနှစ်နှစ် အလလကြီးသော လုံ့လ၊ ယှဉ်သောဉာဏ်ဖြင့် သုတေသန ပြုခဲ့ခြင်းများ၏ အောင်မြင်သော အသီးအပွင့်သာလျှင် ဖြစ်ပေသည်။
ဗုဒ္ဓသာသနာရေးရာနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံလွတ်လပ်ရေးနှင့် ပတ်သက်ရာတွင် လည်းကောင်း မန္တလေးသည် အရေးကြီးသော ကဏ္ဍများက ပါခဲ့သည်ချည်း ဖြစ်ပေသည်။ မင်းတုန်းမင်း ၏ ပဉ္စမသင်္ဂါယနာ ကျောက်ထက်အက္ခရာ တင်ခဲ့မှုသည် သာသနာတော်တွင် အရေးအကြီးဆုံး လုပ်ငန်း တစ်ရပ် ဖြစ်ပေသည်။ စာရေးဆရာ ရွှေကိုင်းသားသည် ဤစာအုပ်တွင်သာသနာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူနေမှုမှစ၍ ပြည့်ပြည့်စုံစုံရေးသားထားသည်ကို တွေ့ကြရပါလိမ့်မည်”ဟု နိဒါန်းသွယ်ညွှန်းဆို ခဲ့၏။
မန္တလေးသည် ကောဇာသက္ကရာဇ် ၁၃၂၁ ခု၊ ကဆုန်လပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၉၅၉ ခု မေလ ၂၇ ရက်) ဗုဒ္ဓဟူးနေ့ ညဉ့် ၃ချက်တီးကျော်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ ကြာသပတေးတေ့အဝင် ၄ နာရီ ၂ ပါဒ်၊ ၂ ဗီဇနာ၊ ၅ ပြန်၊ ၅ ခရာအချိန်၊ စက်နာရီ ၄နာရီ ၃၁ မိနစ် ၃၉ စက္ကန့်အချိန်တွင် နှစ်ပေါင်း ၁၀၀ တင်းတင်းပြည့်သည် ဟု ဆိုသည်။ မန္တလေး အနှစ် ၁၀၀ ပြည့်ပွဲတော် (ဝါ) “မန်းရာပြည့်” ပွဲကို အဓိပ္ပာယ်ရှိရှိ အနှစ်သာရရှိရှိ ကျင်းပနိုင်ရေးအတွက် မနားမနေကြိုးပမ်းခဲ့သူမှာ ဆရာတော် ရွှေကိုင်းသားဖြစ်သည်။ ပိုမို၍ အံ့သြဂုဏ်ယူ ဖွယ်ကောင်းသည်မှာ ဤရွေ့ဤမျှ မအိပ် မနေကြိုးပမ်းခဲ့သော ဆရာတော်သည် တကယ်တမ်းပွဲတော်ကြီး ကျင်းပဖြစ်သောအခါ မည်သည့် ကော်မတီ၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့်နေရာတွင်မျှ နေရာယူ၊ နာမည်ယူခြင်းမရှိဘဲ သာမန်ပရိသတ်တစ်ဦးအနေနှင့်သာ အိမ်တော်ရာထီး ချိုင်းကြားညှပ်ပြီး ပြခန်းတွေထဲ ဝင်ထွက် ကြည့်ရှုနေသည်ဟုဆိုသည်။ “မန်းရာပြည့်” ၏ ကနဦးအစ ဖခင်တစ်ဦးအနေနှင့်လည်း မည်သူကမျှ မသိကြ။
ဆရာတော်၏ အံ့ဖွယ် သည်းခံနိုင်စွမ်းတစ်ခုမှာ အနုရုဒ္ဓါချောင်တွင် သီတင်းသုံးစဉ် ၁၉၈၁ ခုနှစ်က ဓားပြတိုက်ခံရသည်။ ထိုနေ့က ဧပြီ ၁၉ ရက်နေ့တဲ့။ ည ၉ နာရီသာသာမှာ ဓားပြတွေ ကျောင်းကို ရောက် လာပြီး ဆရာတော့်ကို ရိုက်နှက်ကာရှိပစ္စည်းများ မွှေနောက် ယူငင်သွားကြသည်။ ဓားပြများ ရိုက်နှက်ခံရ၍ ဆရာတော်၏ သွားတစ်ချောင်းကျိုးသည်။ နံရိုးတစ်ချောင်း ကျွံနေရစ်သည်။ ခေါင်းမှာ ဦးခွံတစ်နေရာ ပိန့်ဝင်သွားသည်။ တစ်ကိုယ်လုံးလည်း အရှိုးအစင်း၊ အညိုအမည်းတွေကရစရာမရှိတဲ့။ စစ်ကိုင်းဆေးရုံမှာ ရက် ၂၀ ကျော် ကုသယူရသည်။ သို့သော် ဆရာတော်က ဓားပြများနှင့်ပတ်သက်၍ လုံး၀ ရေငုံနှုတ်ပိတ်နေသည်။ မှတ်မိနိုင်သူ ပါကောင်းပါနိုင်သော်လည်း လုံးဝမပြော၊ လုံးဝမဟ။ ဤမျှ သည်းခံ ခဲ့သည်။
ထိုအနုရုဒ္ဓါချောင်မှာပင် သက္ကရာဇ် ၁၃၄၉ ခု၊ ဝါဆိုလဆန်း ၄ ရက် (ခရစ်နှစ် ၁၉၈၇ ခု၊ ဇွန်လ ၂၉ ရက်) တနင်္လာနေ့တွင်ဆရာတော် ရွှေကိုင်းသားပျံလွန်တော်မူသည်။ ဝါဆိုလဆန်း ၈ ရက် (၃.၇.၈၇) သောကြာနေ့တွင် နိဗ္ဗာန်ကျောင်းချခန်းဖွင့်ပြီးဝါဆိုလပြည့်နေ့ (၁၀.၇.၈၇) နေ့တွင် အန္တိမအဂ္ဂိဈာပနသဘင် ဆင်ယင်ခဲ့သည်။ တကယ်တော့ ဆရာတော်သည်မျှမက အသက်ရှည်ပြီး စာပေတာဝန်များထမ်း နိုင်ပါသေး၏။ မသမာသူယုတ်မာ ဓားပြများ၏ ရိုင်းစိုင်းရက်စက်မှုဖြင့် ရရှိသော ဒဏ်ရာများဝေဒနာများက ဆရာတော့်အသက်ထိ အန္တရာယ် ပေးသွားခဲ့ခြင်းဖြစ်ပါ၏။
ဆရာတော် ရွှေကိုင်းသား လွန်ပြီးနောက် သမိုင်းနှင့် သူတေသနတွင် အားကိုးလောက်သည့် ရဟန်းစာဆို ကွယ်လေပြီဟုယူကျုံးမရ ဖြစ်ကြရသော်လည်း အမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်က ရဟန်ဒစာဆို တစ်ပါး ပေါ်ထွန်းလာခဲ့သည်။ စာဆိုအရှင် ကိုပညာ(အမရပူရ) ဟူသည်။ ကိုပညာ(အမရပူရ) သည်လည်း ဆရာတော်ရွှေကိုင်းသားကဲ့သို့ လူဆိုးဓားပြတို့၏ ရိုက်နှက် နှိပ်စက်မှုဖြင့် ကွယ်လွန်ရသည် မဟုတ်စေကာမူ လူရမ်း လူသွမ်းတို့က အနှောက်အရှက်ပေးခြင်း၊ လူဝတ်လဲရမယ် ဟူသည်အထိ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ ကွပ်ညပ်ခြင်းတို့ကြောင့် စိတ်ဒါဏ်ရာ တတိတိရကာ ရုပ်ခန္ဓာ ကျန်းမာရေးကိုပင် ထိခိုက်ခဲ့ရသည်မှာ အသက်ဆုံးသည်အထိ ဖြစ်သည်။ ထိုရဟန်းစာဆို ၂ပါးကား ပကာသနမရှိ၊ ပညာသာ ရှိသည်။ လူစုလူဝေး လူအုပ်မလို ပညာရှိသာ ဝန်းရံစေသည်။ စာအုပ်အထူ စာအုပ်အရေအတွက် မပြိုင်၊ စာအနှစ်သာ အုပ်ရေကျစ်ကျစ်နှင့် ပြည်တန်ပတ္တမြားကဲ့သို့ ချန်ရစ်သည်။
ယခုမူ ထို ၂ပါး၏ ဖဝါးခြေရာထပ် ရဟန်းစာဆိုဟူသည် သည်တောင်ရိုး သည်အင်းစောင်းနှင့် သည်ထီး သည်နန်းရိပ်မှာမွေခံထိုက်စွာ မပေါ်ထွန်းသေးချေ တကား။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #မွေခံထိုက်စေ