မန္တလေး – မေ ၂၂-၂၀၂၆
VOM
မန္တလေးမှာ ၂၀၂၅ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ထောင်နဲ့ချီတဲ့ အဆောက်အဦးတွေပြိုပျက်ပြီးတဲ့နောက် အဆောက်အဦးအသစ်ဆောက်မယ်ဆိုရင် စည်းကမ်းသတ်မှတ်ချက်တွေကို မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက တိတိကျကျ သတ်မှတ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီတော့ အဆောက်အဦးအသစ်ဆောက်မယ်ဆိုရင် စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်ရဖို့ ဘယ်လို အထောက်အထားတွေလိုလဲစည်းကမ်းသတ်မှတ်ချက်တွေက ဘာတွေရှိလဲ ဆိုတာသိနိုင်ဖို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနဲ့ ကုန်ရုံဌာန ဒုတိယ ဌာနမှူး ဒေါ်မျိုးအိအိစိုးဝင်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
VOM- မန္တလေးမှာ အဆောက်အဦးအသစ်ဆောက်မယ်ဆိုရင် ခွင့်ပြုချက်ရဖို့ ဘာတွေလိုအပ်မလဲ
DMEESW- အိမ်ဆောက်မယ်ဆိုရင် မြေယာရဲ့ မြေပုံလိုမယ်ပေါ့နော်၊ မြေယာမြေပုံကနေ အဆက်အစပ်ပေါ့ GP တို့ SP တို့ ရယ် နောက်ပြီးရင် အရောင်းအဝယ်စာချုပ် မိတ္တူပြီးရင် ဂရန်မိတ္တူလိုမယ်၊ ဒီစာရွက်စာတန်းတွေ ပြည့်စုံပြီဆိုရင် အဆောက်အအုံ မြေယာဌာနမှာ သွားပြီးတော့ အိမ်ဆောက်မိန့်တင်ရန်ဆိုတဲ့ အကြောင်းအရာနဲ့ ၁၀၅ မြေပုံလျှောက်ရတယ်၊ ၁၀၅ မြေပုံမူရင်းရယ် လျှောက်ထားသူရဲ့ မှတ်ပုံတင် အိမ်ထောင်စုဇယားလိုမယ်၊ ပြီးရင် အဆောက်အဦအဆိုပြုပုံစံ A1 ဆိုဒ် Drawing ၃ စုံရယ် ပြီးရင် ငလျင်ပြီးတဲ့နောက်ပိုင်းမှာ ကျမတို့က ပြည်သူလူထု ပိုပြီးတော့ လုံခြုံစိတ်ချမှုရှိဖို့ရာအတွက် Soil တွေ Structure တွေ ရယ်ထည့်သွင်းပြီးတော့ တင်ပြခိုင်းထားပါတယ်၊ Soil ကကျတော့ တထပ်နဲ့ နှစ်ထပ်နဲ့ဆိုရင် ပေသုံးဆယ် နှစ်ပေါက်စမ်းသပ်ရပါမယ်၊ သုံးထပ်ဆိုရင် ပေ ၁၀၀ နှစ်ပေါက်စမ်းရပါတယ်၊ အဲ့ဒါကတော့ Soil ရဲ့ condition အနေအထား Save ဖြစ်အောင်လို့ ဒါကို ၂၀၂၅ MNBC ရဲ့ လမ်းညွှန်ချက်အတိုင်း ထည့်သွင်းပြီးတော့ တင်ပြခိုင်းတာဖြစ်ပါတယ်၊ ဒါပေမယ့် ၈၄ လမ်းအနောက်ဘက်ကနေ ကမ်းနားလမ်းအထိကတော့ မြေနေရာ ကျဥ်းကျဥ်းကျယ်ကျယ်၊ တထပ်ကနေ သုံးထပ်အထိကို ဆိုရင် ပေ ၁၀၀ နှစ်ပေါက် စမ်းခိုင်းပါတယ်၊ Structure ဆိုရင်လည်း ၂၀၂၅ MMBC အတိုင်းပဲ တွက် ချက်ပြီးတော့ တထပ်ကနေစပြီးတော့ Structure တွေကိုလည်း ထည့်သွင်းပြီးတော့မှ တင်ပြခိုင်းထားပါတယ်၊ နောက်တခုက အဲ့ဒီ Drawing တွေ Structure တွေအပေါ်မှာ မြန်မာနိုင်ငံအင်ဂျင်နီယာကနေ အသိအမှတ်ပြုထုပ်ပေးထားတဲ့ RSE , PE တွေကနေ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ ၆ မြို့နယ်အတွင်းမှာ အသိအမှတ်ပြုတဲ့ လက်မှတ်တခုထုတ်ပေးထားပါတယ်၊ အဲ့ဒီလိုရှိတဲ့ အင်ဂျင်နီယာတွေ RSE , PE တွေဟာ archi Drawing အပေါ်နဲ့ ပြီးရင် Structure တွေအပေါ်မှာ တံဆိပ်တုံးထုပြီးတော့မှ တာဝန်ယူတည်ဆောက်မယ့်သူရဲ့ လက်မှတ်ပါတဲ့ Drawing ပုံစံတွေနဲ့အတူ တင်ပြရတာဖြစ်ပါတယ်၊ မြေအောက်ထပ်တွေပါလာခဲ့မယ်ဆိုရင်တော့ မြေတူးမယ့် Statement လေးတွေ ထည့်သွင်းတင်ပြခိုင်းပါတယ်၊ ပြီးရင် Septic Tank Design နဲ့ Septic Tank Drawing တွေကို A 3 ဆိုဒ်နဲ့ ဆောက်လုပ်မယ့် အင်ဂျင်နီယာရဲ့ လက်မှတ်နဲ့ တင်ပြခိုင်းပါတယ်၊ ပြီးတော့ စွန့်ပစ်မြေပေါ့ မြေတခုတူးလို့ရှိရင် မြေကြီးတွေထွက်တဲ့ကြောင့်မို့ စွန့်ပစ်မြေကို စနစ်တကျ ဘယ်လိုစွန့်ပစ်မလဲ စွန့်ပစ်မယ့်နေရာ ဘယ်နေရာရှိတာလဲဆိုတာတွေကို တင်ပြခိုင်းပါတယ်၊ နောက်တခုကတော့ အဆောက်အဦးရဲ့ Estimate ကိုလည်း အထပ်အရေအတွက်ပေါ်မှာမူတည်ပြီး တွက်ချက်ခိုင်းပြီးတော့ Hardcopy တစုံ၊ နောက်တခုက ကားပါကင်အတွက် ကားရပ်နားဖို့အတွက်ကလည်း ပြဿနာတခုရှိတာဆိုတော့ ကိုယ်ပိုင်ကားဆိုရင် အိမ်ထဲအထိသွင်းနိုင်ဖို့ အိမ်အောက်ထပ်မှာ ကားထားရမယ့် နေရာ သက်မှတ်ခိုင်းထားပါတယ်၊ ဒါကတော့ မိသားစုနေထိုင်ရန်အတွက်ပေါ့၊ ကျန်တဲ့ Hotel တို့ ဘော်ဒါဆောင်တို့ ဆေးရုံတို့မှာလည်း သူ့ရဲ့သက်မှတ်ချက်နဲ့အတူ ကားပါကင်ထားဖို့ သက်မှတ်ထားတာရှိပါတယ်၊ ဒီအတွက် အိမ်ရှင်ရဲ့ ဝန်ခံကတိနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ရဲ့ ထောက်ခံချက်တွေကို တောင်းပါတယ်၊ သတင်းစာကြော်ငြာတာကိုတော့ အဆောက်အဦဌာန စည်ပင်ကနေပြီးတော့ ရောက်လာပြီးသားဟာကို သတင်းစာကြော်ငြာခိုင်းတာပါ၊ နောက်တခုက အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကိစ္စအတွက် အခွန်ဌာနရဲ့ ကြွေးကျန်မရှိကြောင်း ကင်းရှင်းကြောင်းထောက်ခံချက်နဲ့ အဆောက်အဦနဲ့ကုန်ရုံဌာနမှာ တင်ပြရတာဖြစ်ပါတယ်၊နောက်တခုက ကျူးမြေ ကျုးမြေတွေပါခဲ့လို့ရှိရင် ကျူးမြေပေါ်မှာ မဆောက်ပါဘူးဆိုတဲ့ ဝန်ခံကတိ ကို အိမ်ရှင်နဲ့ အင်ဂျင်နီယာကရော ထောက်ခံချက်ပေးရပါတယ်၊ အထပ်မြင့်တွေဖြစ်သွားရင် မီးသတ်ဦးစီးဌာနရဲ့ ထောက်ခံချက် ပြီးရင် လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းရဲ့ ထောက်ခံချက် ထပ်မံလိုအပ်ပါတယ်၊ ဒါကတော့ ဆောက်မိန့်တခုတင်လာခဲ့ရင် လိုအပ်တဲ့အချက်အလက်တွေဖြစ်ပါတယ်။
VOM- ဒီအချက်အလက်တွေစုံရင် ခွင့်ပြုမိန့် Process က ဘယ်လောက်ကြာနိုင်မလဲ
DMEESW- ကျနော်တို့မှာ ကနဦးစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားတာရှိပါတယ်၊ အဲ့ဒီအဖွဲ့ကနေ ခုနက အချက်အလက်တွေရော၊ အထပ်အမြင့်မဟုတ်ဘဲ လေးထပ်အထိဆိုရင် Structure ပါသူတို့က တထိုင်တည်း စစ်ပေးတယ်ပြီးတော့ လိုအပ်တဲ့ဟာတွေအတွက် ဒါတွေကို တခါတည်း ပြန်ပြင်ပေးပါဆိုပြီးတော့မှ အိမ်ရှင်က တခါတည်း ပြန်ပြင်လာခဲ့တယ်ဆိုရင် ကနဦးစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးပါပြီဆိုတဲ့ တံဆိပ်တုံးထုပေးလိုက်တယ်၊ ဒီအချက်အလက်နဲ့ မြို့နယ်ကို ပြန်တင်ပြရင် တလအတွင်း ဒီကနေ့ ၂၂ ရက်နေ့ ၅ လပိုင်းမှာ ဒီဖိုင်ဟာ စစ်ဆေးပြီးပါပြီဆိုရင် အဲ့ဒီဖိုင်ဟာ နောက်လ ၂၂ ရက် ၆ လမှာ တခါတည်းရအောင်ဆောင်ရွက်နေပါတယ်၊ လေးထပ်ရဲ့ အထက် ၅ ထပ်ကနေဆိုရင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကို Structure Design ကို ပေးပို့စစ်ဆေးပေးရတယ်၊ ကနဦးစစ်ဆေးရေးအဖွဲ့က Structure Design ကို မစစ်ဆေးဘူးပေါ့နော်၊ ကနဦးစစ်ဆေးရေးအဖွဲ့က သက်မှတ်ချက်လေးတွေကိုပဲ ပါမပါ စစ်ဆေးပေးလိုက်တာ အဲ့ဒါတွေတကယ်ပါဝင်သွားပြီဆိုရင် အဲ့ဒါတွေကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကို အဲ့ဒီ Structure ကို ပေးပို့စစ်ဆေးရတယ်၊ ပေးပို့စစ်ဆေးပြီးလို့မှ ဒီ Structure Design က မှန်ကန်ပြီဆိုရင် ကျနော်တို့က အထပ်မြင့်အစည်းအဝေးဆိုတာကျင်းပပါတယ်၊ အဲ့ဒီအစည်းအဝေးမှာ တင်ပြပြီးတော့မှ ဒါတွေက ပါမစ်အတွက် ဆောင်ရွက်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အထပ်အမြင့်အဆောက်အဦးအတွက်ကိုတော့ အနည်းဆုံး နှစ်လ သုံးလလောက်တော့ ကြာနိုင်တာပေါ့နော်၊ တထပ်ကနေ လေးထပ်အထိတော့ တလပဲ အဲ့ဒီအတွက် တလစီမံကိန်းဆိုပြီးတော့ ကျနော်တို့ဆီမှာ စတင်ပြီးတော့ ဆောင်ရွက်နေပါတယ်။
VOM- ခွင့်ပြုမိန့် တင်တဲ့နေ့ကစပြီး ခွင့်ပြုမိန့် ကျတဲ့နေ့အထိ ရုံးကို သွင်းရတဲ့ ကုန်ကျငွေရော ရှိမလား
DMEESW- ရှိပါတယ်၊ အဲ့ဒါကတော့ သတ်မှတ်ပြီးတော့မှ ကြေငြာထားပါတယ်၊ သူကတော့ အလွှာလိုက်ဖြစ်တဲ့အတွက်ကြောင့်မို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စာကပ်ပြီးတော့ ကြေငြာထားပါတယ်၊ ကျနော်တို့ ဌာနကိုလာရင်လည်း ဌာနမှာ တရားဝင်ကပ်ထားတဲ့စာရှိပါတယ်၊ ဒါကတော့ သက်မှတ်ချက်တွေများတာကြောင့် အဲ့ဒီသက်မှတ်ချက်အတိုင်းဆောင်ရွက်နိုင်ပါတယ်၊
VOM- ဒီ Process တွေလုပ်ဖို့ တချို့ဆိုရင် ကြားခံပွဲစားတွေရှိတယ် ဒီအတွက် ကိုယ်တိုင်လာလျှောက်ပြီဆိုရင်ရော လွယ်ကူပြီလား
DMEESW – လွယ်ကူနေပါပြီ၊ ခုနက ကနဦးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့လိုက်တဲ့အတွက် အိမ်ရှင်တွေကိုယ်တိုင်လာရင် အဆင်ပြေပါတယ်၊ ကိုယ်တိုင်လာပြီးတော့မှာ ဒီစာရွက်စာတမ်းတွေ ပြည့်စုံအောင်လုပ်မယ်၊ ပြီးရင် Structure အပိုင်းက လိုအပ်တဲ့စာရွက်စာတမ်းတွေပါလာခဲ့မယ်ဆိုရင် အိမ်ရှင်ကို ဒီစာရွက်စစ်ဆေးပြီးဖြစ်တယ်ဆိုတဲ့ အကြောင်း တခါတည်းပေးလိုက်မှာဖြစ်ပါတယ်၊ နောက်တခုက ကနဦးစစ်ဆေးရေးအဖွဲ့က ဒီတရက်တည်းနဲ့ပြီးအောင်စစ်ပေးတယ်၊ ဒီဖိုင်ကို အိမ်ရှင်ကလာတင်လိုက်လို့ ဘေးထားထားတာမဟုတ်ဘဲနဲ့ တခါထဲစစ်ပေးတာ ဒီတရက်တည်းမှာမှ စစ်ဆေးပေးလိုက်လို့ လုံးဝပြည့်စုံတယ်ဆိုရင် ဖိုင်က အဲ့ဒီတရက်တည်းတင် ဝင်လို့ရမှာပါ၊ အကယ်၍မပြည့်စုံဘူးဆိုရင်တော့ အိမ်ရှင်ကို ဒါတွေက မပြည့်စုံဘူးဖြစ်တယ်၊ ဒါတွေကိုတော့ လာရောက်ပြီးတော့ ပူးတွဲပေးပါဆိုရင် အိမ်ရှင်တွေလာတွဲတဲ့နေ့မှာပဲ စာရွက်စာတမ်းပြည့်စုံတဲ့အခါ တံဆိပ်တုံးနှိပ်ပေးမှာဖြစ်ပါတယ်၊ တံဆိပ်တုံးနှိပ်ထားပြီးသားဖိုင်က တလနဲ့ သွင်းလို့ရနိုင်ပါတယ်။
VOM- အဆောက်အဦးဆောက်မယ့် အိမ်ရှင်တွေကိုရော ဘာများဖြည့်စွက်ပြောချင်တာများရှိမလဲ
DMEESW- ရုံးမှာ ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ တင်တာပိုကောင်းပါတယ်၊ ကျနော်တို့ စစ်ဆေးရေးအဖွဲ့က စစ်လိုက်လို့ မြို့နယ်မှာ အိမ်ရှင်ကိုယ်တိုင်လာတင်တယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံရိုက်ပါတယ်၊ မှတ်တမ်းဓာတ်ပုံကလည်း အိမ်ရှင်ကိုယ်တိုင်လာမှပဲ ရိုက်လို့ရတာ၊ ဒါမှမဟုတ် သူလွှဲထားတဲ့ ကိုယ်စားလှယ်ပေါ့ သူလွှဲထားတဲ့ ကိုယ်စားလှယ်ကလည်း သူကိုယ်တိုင်လွှဲထားတဲ့သူဖြစ်ရမှာပေါ့ အဲ့ဒီလိုမျိုးလာမှသာလျှင် ဒီအမှုတွဲက ကျနော်တို့ဌာနကို ဝင်တာဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့ ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ လုပ်ဆောင်တာဟာ ပိုပြီးတော့မြန်ဆန်ပါတယ်၊ ကျနော်တို့လည်း တလနဲ့ ရအောင်ထုတ်ပေးမှာပါ၊ တခုတော့ရှိတာပေါ့ ကန့်ကွက်လွှာရှိတဲ့ဟာနဲ့ အိမ်ရှင်ဘက်က မစောင့်နိုင်လို့ ကြိုတင်ပြီးဆောက်လိုက်တဲ့ဟာတို့ ကလွဲပြီး ဘာမှမရှိဘူး ကင်းရှင်းတယ်ဆိုရင် တလနဲ့ ပြီးစီးအောင် စီစဥ်ဆောင်ရွက်ထားပါတယ်၊ နောက်တခု ပြည်သူတွေကို ကြေငြာချင်တာလေးရှိပါတယ်၊ အထပ်မြင့်ပေါ့နော်၊ အဲ့ဒီအတွက် ဒီလကနေစပြီးတော့ ပုံစံလေးနည်းနည်းပြောင်းလိုက်ပါတယ်၊ အရင်တုန်းက အထပ်မြင့်အစည်းအဝေးဆိုတာမှာ ဗိသုကာရော၊ Structure ရော မီးသတ်ကရော အကုန်လုံးဟာ စုပြီးတော့မှ လုပ်တာပေါ့နော်၊ ဒါပေမယ့် ဒီလကနေစပြီးတော့ ပထမဦးဆုံး ဗိသုကာဒီဇိုင်းကို ပဏာမစစ်ဆေးမယ်၊ ဗိသုကာဒီဇိုင်းကို archi ပညာရှင်တွေပါမယ်၊ မီးသတ်အဖွဲ့ဝင်တွေနဲ့ လစဥ်လတိုင်းရဲ့ ပထမအပတ်မှာ အထပ်မြင့်အစည်းအဝေးတခုလုပ်ပါမယ်၊ အဲ့ဒီအစည်းအဝေးမှာ ဖိုင်တွေဘာတွေတင်စရာမလိုသေးဘူး သူတို့က တင်မယ်ဆိုလို့ရှိရင် ဗိသုကာဒီဇိုင်းကို စစ်ဆေးပေးပါရန်ဆိုတဲ့ အပေါ်စာလေးနဲ့ပဲ A3 စာရွက်နဲ့ ဗိသုကာပုံလေးတွေ တွဲပြီးတော့မှ တင်ပြရမှာ၊ တင်ပြလို့ရှိရင် အဲ့ဒါတွေကို ကျမတို့က စုစည်းပြီးတော့ လတိုင်းရဲ့ ပထမအပတ်မှာ ဗိသုကာစစ်ဆေးတဲ့ အစည်းအဝေးလေးလုပ်ပါ့မယ်၊ ဒီအစည်းဝေးပြတ်ပြီဆိုရင် အဲ့ဒီအမှုတွဲအတွက် ကျန်တာတွေတင်ပေါ့နော်၊ Soil တို့ Structure တို့ ထောက်ခံချက်တွေပြင်ပြီးရင် လာတင်တဲ့အခါအထပ်မြင့်အစည်းအဝေးကို တင်ပြပေးမှာဖြစ်ပါတယ်၊
VOM -ပြည့်ပြည့်စုံစုံဖြေပေးလို့ VOMက ကျေးဇူးတင်ပါတယ်ခင်မျာ
