သတင်းစာသက်တမ်း ၁၃ နှစ်ကျော်ရှိထားတဲ့ The Daily Eleven သတင်းစာ ယာယီရပ်နားမယ်

မေ ၂၃ ၊ ၂၀၂၆
GG (VOM)
The Daily Eleven သတင်းစာကို ဒီလ မေ ၃၁ နေ့ကစပြီး ထုတ်ဝေမှု ယာယီရပ်နားသွားမှာဖြစ်တယ်လို့ Eleven Media Group ကသိရပါတယ်။
လက်ရှိ ခေတ်အခြေအနေအရ Print Media ကရပ်တည်ဖို့ ခက်ခဲပြီး စက္ကူရရှိဖို့ မလွယ်ကူခြင်း ၊ Print Media တွေအပေါ် စိတ်ဝင်စားမှုနည်းလာခြင်း စတဲ့အခြေအနေတွေကြောင့် ယာယီရပ်နားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
The Daily Eleven သတင်းစာကို ရပ်နားလိုက်ပေမယ့် အဲဒီအစား Digital Version နဲ့ဆက်လက်ထုတ်ဝေမှာဖြစ်ပြီး Eleven Media Group က တင်ဆက်ပေးနေတဲ့ ပုံမှန်သတင်းကဏ္ဍ နဲ့ အွန်လိုင်းပလက်ဖောင်းပေါ်မှာ အစီအစဥ်ကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
” လောလောဆယ်ကတော့ ကိုယ့်အခြေအနေအရပေါ့လေ သတင်းစာ ယာယီရပ်နားတာပါ။ ပရင့်မီဒီယာက ခေတ်အခြေအနေရကို မလွယ်ဘူး ။စက္ကူရဖို့ကမလွယ်ဘူး ။ Publication ကလည်း အရင်လိုမဟုတ်ဘူး။စိတ်ဝင်စားမှုကလည်း သတင်းစာကိုကိုင်ပြီး ဖတ်တာထက် အကုန်လုံးက အွန်လိုင်းပေါ်ရောက်တာ။ ဟိုးအရင်တည်းကလည်း ပြောထားပြီးသားပါ။ စက္ကူရဖို့အခက်အခဲတွေ သတင်းစာကမလွယ်ဘူးလေ။ Print ကရပ်တည်ဖို့ ခက်တာ ပိုပြီးတော့ အဲဒါကြောင့် ရပ်နားပြီး Digital version အတတ်နိုင်ဆုံး လုပ်မယ်။ ကျွန်တော်တို့ကတော့ သတင်းစာမှာ ကြေငြာထားတဲ့အတိုင်းပဲ သတင်းစာကို ယာယီရပ်နားပြီး Digital ပိုင်းကို အဓိကသွားမယ်။ အဲဒါကြောင့်အလုပ်ခေါ်ထားတာလည်းရှိပါတယ်။ ” လို့ Eleven Media Group ရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇောလင်းက ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်း မီဒီယာတွေအားလုံးဟာ ရပ်တည်ရတဲ့အပိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်လို့သူက ဆက်လက်ပြောပါတယ်။
“အခက်အခဲကတော့ ဒီကာလအကုန်လုံးရှိနေတာပေါ့လေ။ အကုန်လုံး ရုန်းကန်နေရတာပဲ။ကျွန်တော်တို့ကျတော့ ပြည်တွင်းမီဒီယာတွေ ကျတော့မတူဘူးလေ။သတင်းစာထုတ်တယ်။ဂျာနယ် သတင်းစာအကုန် အွန်လိုင်းအကုန်ပေါ့။အခုသတင်းစာကတော့ ယာယီရပ်လိုက်ရတာပေါ့။ ဆိုတော့ မီဒီယာမှာလည်း အမျိုးမျိုးရှိတာပေါ့။ တချို့ကျ လူနည်းနည်းနဲ့လုပ်တဲ့မီဒီယာရှိတယ်။အွန်လိုင်းပဲလုပ်တဲ့မီဒီယာတွေရှိတယ်။ မီဒီယာတခုချင်းစီကတော့အတူဘူးပေါ့။ အခက်အခဲရှိနေတာတော့ အကုန်အတူတူပါပဲ ။ဒီကာလအခက်အခဲရှိတာကတော့ အထွေထူးပြောစရာမလိုဘူးလို့ထင်တယ်။ ” လို့ သူက ဆိုပါတယ်။
The Daily Eleven သတင်းစာကို ၂၀၁၃ ခုနှစ် မေ ၃ ရက်မှာ စတင်ထုတ်ဝေဖြန့်ချီခဲ့တာဖြစ်ပြီး ခုဆိုရင် သတင်စာထုတ်ဝေခဲ့တဲ့သက်တမ်းက ၁၃ နှစ်ကျော်အထိ ရှိပြီဖြစ်ပါတယ်။
ခုလို နေ့စဥ်ထုတ် သတင်းစာတစောင် ထုတ်ဝေမှု ရပ်နားမယ့်အပေါ် ပြည်တွင်းမီဒီယာတခုရဲ့ အယ်ဒီတာချုပ်က” ဒီအ​ခြေအ​နေဟာ အရမ်းခက်ခဲကြမ်းတမ်းတဲ့ကာလမှာ ပြည်သူကိုမျက်နှာမူတဲ့ မီဒီယာ​တွေ များများရှိ​စေချင်တယ် ။ ပြည်သူ့မီဒီယာတခုရပ်ရင် ဝမ်းနည်းရတယ် ​။ တောင်မင်းကို ​မြောက်မင်းမကယ်နိုင် အ​ခြေအ​နေမို့ ဝမ်းနည်းယုံမှတပါး အခြားမရှိပါ။ ပြည်သူအတွက် ရပ်တည်နိုင်သ​လောက် ကြံ့ကြံ့ခံရပ်​ပေးတဲ့ မီဒီယာ​တွေများများရှိ​နေ​စေချင်တယ်။ ” လို့ ပြောပါတယ် ။
လက်ရှိပြည်တွင်းမှာ နေပြီးရပ်တည်နေရတဲ့ သတင်းမီဒီယာတွေထဲမှာ ရပ်တည်ဖို့ ငွေကြေးအခက်အခဲကြောင့် သတင်းထောက်အင်အား များများ ခန့်အပ်နိုင်မှုမရှိခြင်း ၊ သတင်းရေးသားတဲ့အပိုင်းမှာလည်း အသုံးအနူန်းကအစ သတိထားပြီး အထူးဂရုစိုက်ရေးသားရတာတွေ စတဲ့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြန်ကြားရေးဝန်ကြီးဌာနကနေ လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားတဲ့ သတင်းအေဂျင်စီ ၉၇ ခုရှိပြီး သတင်းစာထုတ်ဝေခြင်းလုပ်ငန်း ၂၂ ခု၊ ဂျာနယ်ထုတ်ဝေခြင်းလုပ်ငန်း ၃၇၃ ခု၊ မဂ္ဂဇင်းထုတ်ဝေ ခြင်းလုပ်ငန်း ၃၂၀ ခု၊ အထွေထွေထုတ်ဝေခြင်းလုပ်ငန်း ၆၆၁ ခု၊ ပုံနှိပ်ခြင်းလုပ်ငန်း ၆၁၀ ခုတို့ကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းမှု ရှိထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW