မုံရွာက လက်ဘက်ရည်ဆိုင်ထဲမှာ ဒုရဲအုပ် တယောက် ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၁ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ အေးရိပ်သာလမ်းပေါ်မှာရှိတဲ့ အောင် လက်ဘက်ရည်ဆိုင်ထဲမှာ ဒီကနေ့ မနက်ပိုင်းက လက်ဘက်ရည်သောက်နေတဲ့ ဒုရဲအုပ်တယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” ပစ်သတ်ခံရတဲ့ ရဲတပ်ဖွဲ့က မုံရွာနယ်မြေရဲစခန်းက ဖြစ်တယ် ၊ အလုပ်သင် ဒုရဲအုပ် ကျော်ဇင်ဝင်းဆိုသူဖြစ်တယ် ၊ သူက ဒီမနက်ပိုင်းမှာ ရဲစခန်းကနေ အောင်လက်ဘက်ရည်ဆိုင်ဘက်ကို ဆိုင်ကယ်နဲ့ထွက်လာတယ် ၊ အဲ့ဒီ အချိန်မှာ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်နဲ့ လိုက်လာတယ် ၊ ဒုရဲအုပ် ကျော်ဇင်ဝင်း လက်ဘက်ရည်ဆိုင်ထဲမှာ သောက်နေတဲ့အချိန် ဆိုင်ထဲဝင်ပြီး ပစ်သတ်သွားတာ ” လို့ ပြောပါတယ်။

မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်မှာနေတဲ့ ဒေသခံတယောက်က
” ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ ဝန်းကျင်က မုံရွာ စက်မှုဇုန်မှာ KTV ဆိုင်က ပြန်လာတဲ့ ဒုရဲအုပ် နှစ်ယောက် ပစ်သတ်ခံရပြီး စကားပြောစက်တွေနဲ့ ခြောက်လုံးပြူ သေနတ် နှစ်လက် ပါသွားတယ် ၊ အဲ့ဒီ အရင် စက်မှုဇုန်မှာ အခြားအဆင့် ရဲနှစ်ယောက်ကိုလည်း ဆားကျင်းသင်္ချိုင်းထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာ ဖြစ်ဖူးတယ် ၊ နောက်ပြီး စက်မှုဇုန်နဲ့ နန္ဒဝန်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်မှာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ၊ ပါတီဝင်တွေ ၊ အရံမီးသတ်တွေ ၊ အရပ်သားတွေ စုစုပေါင်း လူတရာကျော် ပစ်သတ်ခံထားရတဲ့ အခြေအနေမှာရှိတယ် ၊ နောက်ပြီး နယ်မြေရဲစခန်းဘက်ကိုလည်း အကြိမ်ကြိမ် အခါခါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာတွေရှိတယ် ၊ အခုလို ကာလမှာ ရဲတွေအနေနဲ့ တဦးတယောက်ချင်း အပြင်မထွက်သင့်ဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ အခုထိ စစ်ကိုင်းတိုင်းထဲမှာ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပြီး အဲ့ဒီ သေဆုံးသူတွေဟာ တိုက်ပွဲဖြစ်စဥ်တွေနဲ့ လုံခြုံရေး လုပ်ငန်းခွင်တွေမှာ ထိခိုက်သေဆုံးရသလို ၊ စျေးထွက်ဝယ်ရင်း ၊ စားသောက်နေရင်း သေဆုံးရတာတွေ ရှိတယ်လို့ သိရပါတယ်။

အခုတလော မုံရွာမြို့ပေါ်မှာ ဓားပြတိုက် လုယက် ပြန်ပေးဆွဲစတဲ့ ပြစ်မှု ကျူးလွန်သူ ဒါဇင်နဲ့ချီပြီး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW