ဖားကန့်ကိုသွားမယ့် ခရီးသည်တွေ ၊ ဖားကန့်မှာ နေထိုင်ကြောင်း ထောက်ခံစာပြနိုင်မှ ဂိတ်တွေက ဖြတ်သန်းခွင့်ပြု

ဖေဖော်ဝါရီ ၊ ၃ ၊ ၂၀၂၄
SP (VOM)

ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်ဘက်က ကျေးရွာတချို့မှာ KIA နဲ့ နစကတပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မန္တလေး – မုံရွာ – ဖားကန့် ကားလမ်းရဲ့ နေရာတချို့မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက ဖားကန့်မှာနေထိုင်ကြောင်း ထောက်ခံစာပါလာတဲ့ ခရီးသည်တွေကိုပဲ သွားလာခွင့်ပေးပြီး ၊ နေထိုင်ကြောင်း ထောက်ခံစာ မပါတဲ့ ခရီးသည်တွေကိုတော့ အဲ့ဒီ စစ်ဆေးရေးဂိတ်ကနေ လာလမ်းအတိုင်း နောက်ကြောင်းပြန်လှည့်ခိုင်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က
” အခုရက်ပိုင်းမှာ KIA နဲ့ နစက တပ်တွေကြား နန့်တိန် ၊ ဝှေခါ ၊ ဆိုင်းတောင် ၊ မော်ရှန် ၊ ဆိပ်မူ စတဲ့ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတယ် ၊ အဲ့ဒါကြောင့် နန့်ယားဂိတ်မှာ ကားတွေ စစ်ဆေးနေတယ် ၊ ဖားကန့်ကိုတက်မယ့် အတက်ကားတွေဆို ပိုပြီး အစစ်အဆေးကြမ်းတယ် ၊ ဖားကန့်အတက်ကား ခရီးသည်တွေဆိုရင် ဖားကန့်မှာ နေထိုင်ကြောင်း ထောက်ခံစာ အထောက်အထားပါမှ သွားလာခွင့်ပေးတယ် ၊ အထောက်အထားမပါတဲ့ ခရီးသည်တွေဆို နောက်ကြောင်းပြန်လှည့်ခိုင်းတယ် ၊ အဲ့ဒီလို ပြန်လှည့်ရတဲ့ ခရီးသည်ကား အနည်းဆုံး သုံးလေးစီးရှိတယ် ၊ ခရီးသည်မဟုတ်တဲ့ကားတချို့လည်း ပြန်လှည့်ခိုင်းတာရှိတယ် ၊ ပြန်လှည့်ရတဲ့ ကားအရေအတွက်တော့ အတိအကျ မသိရသေးဘူး ၊ ပြန်လှည့်သွားရတဲ့ ခရီးသည်တွေနဲ့ ကားတွေများတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ခံတယောက်က
” လက်ရှိအချိန်ထိတော့ ဖားကန့်နယ်မှာ ပစ်ခတ်မှုတွေရှိနေတုန်းပဲ ၊ အဲ့ဒီ ပစ်ခတ်မှုတွေကြောင့် ဖားကန့်ကနေ ပေါက်ကွဲသံ တချို့ ကြားရတယ် ၊ အဲ့ဒီလို ပစ်ခတ်မှုတာတွေရှိလို့ တိုက်ပွဲရှောင်တွေ ပိုများလာနေတယ် ၊ ဆိပ်မူး မှောရှန်ဘုန်းကြီးကျောင်းမှာ ​ဝှေခါဘက်ကယာယီတိုက်ပွဲရှောင် ငါးရာကျော်ခိုလှုံနေတယ် ၊ နောက်ပြီး သူ့အဆက်နဲ့သူရှိတဲ့နေရာတွေမှာ ခိုလှုံနေကြတာလည်း ရှိတယ် ၊ နောက်ပြီး ဖားကန့်ကျောက်ဝိုင်းမှာလည်း ဒီရက်ပိုင်း ဓားပြတိုက်ခံရတာ ၊ လူပြန်ပေးဖမ်းဆီးခံရတာတွေရှိလို့ အရင်လို လူမစည်တော့ဘူး ၊ မန္တလေးနဲ့ မုံရွာဘက်က ဖားကန့်ကိုတက်လာတဲ့ အတက်ကားတွေလည်း လမ်းဂိတ်တွေက စစ်ဆေးတာ ပြန်လွတ်တာတွေရှိနေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ်မှာ တိုင်းရင်းသားမျိုးစုံနေထိုင်ကြပြီး ၊ ကချင် နဲ့ ရှမ်းနီ တိုင်းရင်းသားတွေက ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဖြစ် ဖွဲ့စည်းထားတာကြောင့် မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ က မန္တလေး – မြစ်ကြီးနား – ဖားကန့် လမ်းကြောင်းပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီးနောက် မန္တလေး ၊ ရွှေဘို ၊ ဖားကန့် ၊ လမ်းပိုင်းမှာ လုံခြုံရေး တင်းကြပ်တာတွေနဲ့ စစ်ဆေးရေးအရှိန်တွေ တိုးမြင့်ထားတာကြောင့် ခရီးသွားလာရေးတွေ လွယ်ကူမှုမရှိဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် မန္တလေး ၊ ရွှေဘို ၊ ဖားကန့်လမ်းကနေ သွားလာမယ့် ကားသမားတွေအနေနဲ့ ခရီးစဥ်လမ်းကြောင်း အခြေအနေ မေးမြန်းစုံစမ်းပြီးမှ သွားလာဖို့ရန် ဒေသခံ ကားသမားတွေက အကြုံပြုထားပါတယ်။

ဓာတ်ပုံ ၊ ဖားကန့်ဒေသခံ ကားသမားတဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW