ခင်ဦးမြို့မှာ မိုင်းရှင်းလင်းနေစဉ် ပေါက်ကွဲမှုဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံး

 

ဖေဖော်ဝါရီ ၊ ၁၂ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ မြို့လယ်လမ်းမကြီးပေါ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားတဲ့ မိုင်းတွေကို မနေ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီဝန်းကျင်က နစက လုံခြုံရေးတပ်ဖွဲ့တွေက အဲ့ဒီမိုင်းတွေကို ရှင်းလင်းဖယ်ရှားနေတုန်း ပေါက်ကွဲမှုဖြစ်တာကြောင့် နစက လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ ခင်ဦးမြို့ခံတယောက်က ” မနေ့က ညနေပိုင်းမှာ မြို့ထဲလမ်းတွေကို နစက လုံခြုံရေး တပ်ဖွဲ့ဝင်က လိုက်လံရှင်းတယ် ၊ အဲ့ဒီမှာ ပေါက်ကွဲလို့ မိုင်းရှင်းလင်းရေး စစ်သား နှစ်ယောက် ထိခိုက်သေဆုံးတယ် ၊ ဒီကနေ့ မနက်ပိုင်းမှာလည်း မြို့မရဲစခန်းမှာ ဒရုန်းဗုံး နှစ်လုံးချခံရတယ် ၊ အဲ့ဒီအပြင် မြို့နယ်ထွေအုပ်ရုံးပေါ်ကိုလည်း ဒရုန်းဗုံး နှစ်လုံးချခဲ့ရတယ် ၊ အဲ့ဒီ ဖြစ်စဉ်မှာ ထွေအုပ်ရုံးက ဝန်ထမ်း လေးယောက် ထိခိုက်ဒဏ်ရာရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ အကြောင်းကို ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မနက်ပိုင်းက ခင်ဦးမြို့နယ် ၊ ကလုံကျေးရွာနားမှာ နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့ ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးကာ ရွာသား သုံးယောက် အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၃ အောက် တိုဘာ ၁၇ ရက် ၊ မနက် ၇ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ မြို့နယ် ပြည်သူ့ဆေးရုံနား ရေဦး – ခင်ဦးသွားကားလမ်းမှာ ကားတစ်စီးပေါ်ကနေ ပစ်ခတ်သွားတာကြောင့် နစက လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်သေဆုံးပြီး သူတို့ကိုင်ဆောင်ထားတဲ့ သေနတ်နှစ်လက်နဲ့ ကျည်ဆံတွေပါသွားတယ်လို့ သိရပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်သေဆုံတဲ့အပြင် ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတပါးနဲ့ ဈေးသွားနေတဲ့ အမျိုးသမီးတယောက်လည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW