ဖေဖော်ဝါရီ-၁၇-၂၀၂၄
SN (VOM)
မြန်မာပြည်တွင်းက အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ နောက်ဆက်တွဲတွေကြောင့် စိန်ခေါ်မှု အခက်အခဲပေါင်း များစွာကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှစတင်တဲ့ စီးပွားရေးကျဆင်းလာမှုနဲ့ ၂၀၂၂ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို နိုင်ငံတဝန်း တွေ့ကြုံခံစားနေကြရတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းမှ ထွက်ခွာသွားကြတဲ့အပြင် ကုန်ထုတ်လုပ်နေတဲ့ စက်ရုံတွေ ပိတ်သိမ်းသွားခြင်းနဲ့အတူ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာကာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာခဲ့ပါတယ်။
အလုပ်လက်မဲ့ဖြစ်တာ၊ အလုပ်အကိုင်ရှားပါးတာတွေနဲ့ ရုန်းကန်နေရတဲ့ မြန်မာပြည်သူလူထုဟာ လက်ရှိမှာ ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ ကုန်ဈေးနှုန်းတွေကို ကြီးမြင့်လာစေပါတယ်။ ဒါက အိမ်ထောင်စုတွေရဲ့ ဝယ်ယူနိုင်စွမ်းကို နှေးကွေးသွားစေပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အရေးကြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ အထူးသဖြင့် ဆန်နဲ့ ပဲမျိုးစုံ ဈေးနှုန်းတွေ ဆက်တိုက် ကြီးမြင့်လာနေတာကြောင့် နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံမှုကို ခြိမ်းခြောက်မှု ဖြစ်နေခဲ့တယ်လို့ ဆိုထားပါတယ်။ တနည်းပြောရရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လို့ အိမ်ထောင်စုတွေ ဝလင်အောင် စားသုံးနိုင်မှု လျော့ကျလာတယ်ဆိုတဲ့ သဘောပါ။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ညွှန်းကိန်းတွေအတွက် အချက်အလက် မျှဝေနေတဲ့ Trading Economics အဖွဲ့ရဲ့ သုံးသပ်ချက်အရ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂၀၁၉ ခုနှစ်က ဝ ဒသမ ၇ ရာခိုင်နှုန်းပဲရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၂ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“မြန်မာပြည်မှာ လူဖြစ်ရတာ အရမ်းပင်ပန်းလွန်းတယ်။ အလုပ်အကိုင်ရှားပါးမှုဒဏ်ကိုလည်း ခံရသလို၊ ရှိတဲ့အလုပ်တွေကျတော့လည်း ခေါင်းပုံဖြတ်မှုတွေနဲ့။ အလုပ်ရှင်တွေကလည်း သူတို့အလုပ်မှ မလုပ်ရင် လုပ်စရာမရှိတော့ဘူးဆိုတာ သိတော့ အမျိုးမျိုးကို ဖိနှိပ်နေကြတာ။ ခေတ်ကိုက မျက်ဖြူစိုက်လေ ဆရာကြိုက်လေခေတ် ဖြစ်နေတာ။ ပေးထားတဲ့ လစာက နှစ်သိန်း၊ လစာနည်းရတဲ့ကြားထဲ အမျိုးမျိုး အပြစ်ရှာ၊ စည်းကမ်းတွေထုတ်ပြီး ဖြတ်တာ၊တောက်တာနဲ့ဆိုတော့ တလတလ ရတဲ့လစာက နှစ်သိန်းမပြည့်ဘူး။ ဒီခေတ်ကုန်ဈေးနှုန်း နှစ်ဆ၊ သုံးဆနဲ့ဆို ဘယ်လိုလုပ် လောက်မှာလဲ။ နေမကောင်း ဖြစ်ဖို့တောင် ကြောက်နေရတယ်။ နေမကောင်းလို့ ဆေးခန်းသွားရင်လည်း လက်ထဲ အနည်းဆုံး တသောင်းလောက်ပါမှ အဆင်ပြေတာ။ ဆေးခန်းမသွားနိုင်လို့ ဆေးဝယ်သောက်မယ် ဆိုရင်တောင် ဆေးဈေးနှုန်းတွေလည်း ကြည့်ဦး။ အကုန် အတက်ချည်းပဲ။ မနည်းရုန်းကန်နေရတဲ့ ဘဝ” လို့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူတယောက်က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အဆင်းရဲဆုံး ၂၅ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက နံပါတ် ၂၄ မှာ ပါဝင်သလို၊ အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရရာအဖွဲ့ (ILO) ရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၈ သန်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ နည်းနည်းတိုးတက်လာပေမယ့် အလုပ်အကိုင် ဆုံးရှုံးမှုဟာ ၁ ဒသမ ၁ သန်း ရှိနေဆဲလို့ ခန့်မှန်းပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းရဲ့ အောက်မှာ နေထိုင်နေရတယ်လို့ ခန့်မှန်းထားပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၀-၂၀၂၃ ခုနှစ်၊ လုပ်သားအင်အား ခန့်မှန်းစာရင်းအင်း အစီရင်ခံစာအရ ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ တရိပ်ရိပ်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ အိမ်ထောင်စု လူဦးရေကို အခြေခံထားတဲ့ လုပ်သားအင်အား၊ အလုပ်အကိုင်နဲ့ လုပ်ငန်းအမျိုးအစားအလိုက် အလုပ်လုပ်ကိုင်သူ ဦးရေအပေါ် အခြေခံပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
အဲဒီ ခန့်မှန်းတွက်ချက်မှုအရ ဆိုရင် အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ၀ ဒသမ ၁၇ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၂၁ မှာ ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်မှာ ၂ ဒသမ ၅၃ ရာခိုင်နှုန်း၊ ၂၀၂၃ မှာ ၃ ဒသမ ၆၉ ရာခိုင်နှုန်း ရှိလာတာကို တွေ့ရပါတယ်။ ဒီလို အလုပ်လက်မဲ့နှုန်း တိုးလာတာကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းပိတ်သိမ်းတာ၊ လုပ်သားရွှေ့ပြောင်းသွားလာတာ၊ လုပ်သားဈေးကွက်နဲ့ အလုပ်အကိုင်ရရှိမှုအရ အလုပ်အကိုင်ခန့်ထားမှု တိုးတက်မှုကို လွှမ်းခြုံနိုင်မှု မရှိတာတို့ကြောင့်လို့ အစီရင်ခံစာကတော့ ကောက်ချက်ချထားပါတယ်။
“တိုင်းပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံထဲ လာရောက်ရင်းနှီးလုပ်ကိုင်တဲ့ နိုင်ငံခြားကုမ္ပဏီ အမြောက်အများလုပ်ငန်းရုပ်သိမ်းကုန်တယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်တွေရှားပါးတာတွေ၊ အလုပ်လက်မဲ့ ဖြစ်တာတွေ ပိုများပြားလာတယ်။ လက်ရှိ ပြည်တွင်းက မြင့်တက်လာတဲ့ စစ်ရေး အခြေအနေတွေကြောင့်လည်း လုပ်ငန်းအများစုကလည်း ရပ်နားကုန်ကြတယ်။ တချို့လုပ်ငန်းတွေဆိုလည်း လုပ်ငန်းကို ထက်ဝက်နီးပါး လျှော့ချလာတာမျိုး ရှိသလို ဝန်ထမ်းတွေကိုလည်း လစာနှုန်းထား လျှော့ချတာတွေရှိတယ်။ ဒါရဲ့နောက်ဆက်တွဲမှာလည်း ဝန်ထမ်းဦးရေကိုပါ လျှော့ချလာတဲ့အတွက် အလုပ်လက်မဲ့နှုန်းက သိသိသာသာ တိုးလာနေတယ်ပေါ့။ ဆက်ပြီး တိုးသွားဖို့လည်း ရှိနေနိုင်တယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်အတွင်း အထည်ချုပ်အမှာတွေ ရပ်ဆိုင်းကာ မြန်မာနိုင်ငံမှ အပြီးထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ နိုင်ငံတကာ အဝတ်အထည် အမှတ်တံဆိပ် ၁၂ ခု ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ တချို့ကတော့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး မကြာမီ ထွက်သွားကြသလို တချို့ကတော့ အခြေအနေစောင့်ကြည့်ပြီးမှ တဖြည်းဖြည်းချင်း စွန့်ခွာသွားကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထွက်သွားတဲ့ အမှတ်တံဆိပ်တွေဟာ ဂျာမနီအခြေစိုက် C&A, Lidl, Jako၊ ဗြိတိန်မှ Tesco, Marks & Spencer, ဩစတြီးယားမှ Aldi South, စပိန်မှ Zara အမှတ်တံဆိပ်ချုပ်လုပ်တဲ့ Inditex, Mango, အီတလီမှ Benetton Group, အိုင်ယာလန်မှ Primark, ဆွီဒင်မှ H&M နဲ့ ဂျပန်မှ Uniqlo တို့ဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံတကာကုမ္ပဏီတွေ တဖြည်းဖြည်းထွက်ထွက်သွားလိုက်တာ ပြဿနာက ရေတိုဖြစ်တဲ့ အလုပ်အကိုင်ရှားပါးမှု၊ တိုင်းသူပြည်သားတွေဝင်ငွေလျော့ပါးမှု၊ စွမ်းရည်မတက်တာတွေဖြစ်တာတွေမကဘူး။ လက်ရှိ အခြေအနေတွေ တည်ငြိမ်သွားပြီးနောက်ပိုင်း နိုင်ငံတော် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ နိုင်ငံတကာရဲ့ ယုံကြည်မှုပြန်ရဖို့ အတော်လေးပြန်တည်ဆောက်ယူရမယ့်အနေအထားဖြစ်တယ်” လို့ စီးပွားရေး ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအထိ အသင်းဝင် စက်ရုံပေါင်း ၂၉၈ ရုံ ရပ်နားထားတာတယ်လို့ သိရပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၂ ခုနှစ်ထက် ၅၂ ရုံ တိုးလာတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် အသင်းဝင် စက်ရုံစုစုပေါင်းရဲ့ ၃၁ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။
နိုင်ငံတွင်း အခြေအနေ မတည်ငြိမ်တာကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာတာမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေလေည်း ပါဝင်ပါတယ်။ တရုတ်စက်ရုံတချို့ဟာ မြန်မာနိုင်ငံကနေထွက်ခွာပြီး တရုတ်နိုင်ငံမှာ ပြန်လည် ရင်းနှီးမြှုပ်နှံကြပါတယ်။
“အခုက အခြေအနေတွေက ဘာမှန်းမသိတော့ ဟိုအရင်ကလို နှစ်ရှည်စာချုပ် ချုပ်တဲ့ ကုမ္ပဏီတွေက နည်းသွားပြီ။ CMP စနစ်နဲ့ လက်ခစား သီးသန့်ချုပ်လုပ်တဲ့ စက်ရုံတွေအတွက်က တစထက်တစ ပိုပြီး ခက်ခဲလာနေတော့ ရပ်တည်ဖို့ မလွယ်ကြတော့ဘူးပေါ့။ အထူးသဖြင့် လျှပ်စစ်မီး ရရှိမှု မလုံလောက်တာ၊ စက်သုံးဆီဈေး မြင့်တက်နေတာတွေကြောင့်လည်း ရပ်တည်ဖို့ ခက်ခဲလာကြတာပေါ့” လို့ အထည်ချုပ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံ ၉၅ ရာခိုင်နှုန်းဟာ CMP လက်ခစားစနစ်နဲ့ လည်ပတ်နေတာဖြစ်ပြီး ၅ ရာခိုင်နှုန်းသာ ကိုယ်တိုင်ချုပ်လုပ်တင်ပို့စနစ်နဲ့ တင်ပို့နေခြင်း ဖြစ်ပါတယ်။ CMP စနစ်နဲ့ လည်ပတ်နေတဲ့ စက်ရုံအများစုဟာ လက်ရှိမှာ လက်ရှိ နိုင်ငံရေးဖြစ်တည်မှုကတဆင့် ကျယ်ပြန့်လာတဲ့ အခက်အခဲပေါင်း များစွာကြောင့် ဆက်လက် ရပ်တည်နိုင်စွမ်း ကင်းမဲ့လာကြပြီ ဖြစ်ပါတယ်။ စရိတ်စကကြီးလာလို့ အထည်ချုပ်ခတွေလည်း ဈေးကြီးလာတာကြောင့် တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းပါ ကျဆင်းနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်လည်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ပြီး ကုန်ကြမ်းရှားပါးမှုနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်လာတဲ့အတွက် စက်ရုံအများစုဟာ လုပ်ငန်းလည်ပတ်ဖို့ ဒီဇယ်အင်ဂျင်ကို အားကိုးနေရတာပါ။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အလှည့်ကျမီးပေးစနစ်နဲ့ပဲ ဖြန့်ဝေနေတာကြောင့် လျှပ်စစ်မီး လုံလုံလောက်လောက် မရလို့ နေ့စဉ်လူမှုဘဝနဲ့ အလုပ်အကိုင်တွေမှာပါ ထိခိုက်လာနေတာ ဖြစ်ပါတယ်။ အလှည့်ကျ မီးပေးစနစ်ဟာလည်း မီးပေးချိန် ၄ နာရီအတွင်း မီးပြတ်တောက်မှုတွေရှိနေတာကြောင့် အချိန်ပေါင်းများစွာမှာ မီးစက်နဲ့သာ အလုပ် လုပ်နေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုန်ကျစရိတ် ပိုမို များပြားလာတဲ့အတွက် ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲနေကြရတာပါ။
ပြည်သူတွေဟာ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကို အများဆုံးခံရပြီးတော့ လျှပ်စစ်မီး မရတဲ့ ပြဿနာကို ဒုတိယ အများဆုံး ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ လျှပ်စစ်မီးလုံလောက်အောင် မရတာရဲ့ နောက်ဆက်တွဲက စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တာ၊ အလုပ်လက်မဲ့ဦးရေ တိုးလာတာ၊ ခိုးဆိုးလုနှိုက်တွေ အရင်ကထက်ပိုပြီး သိသိသာသာ ပေါများလာတာ၊ တရားဥပဒေစိုးမိုးမှု နည်းပါးလာတာ စတဲ့ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
အလုပ်အကိုင်ရှားပါးမှုနဲ့စားဝတ်နေရေး ကြပ်တည်းမှုတွေက မဆလအစိုးရလက်ထက်၊ နဝတအစိုးရ လက်ထက်တွေကထက် ဆိုးရွားသွားစေခဲ့တယ်လို့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။ တနိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းကစလို့ ဒီကနေ့အထိ လုပ်ငန်းခွင် အသီးသီးမှာ လုပ်သားရှားပါးမှုပြဿနာတွေ ဆိုးရွားစွာ ကြုံတွေ့နေရတာပါ။ ဒီပြဿနာကို “မည်သို့မည်ပုံ ဖြေရှင်းကြမည်နည်း” ဆိုတာကတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေအရ အဖြေထုတ်မရတဲ့ ပုစ္ဆာတပုဒ်လိုသာ ရှိနေပါတော့တယ်။ ။
Photo Crd: Original Uploader