ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားဈေးကွက် ပိုဖြစ်နေ

 

ဖေဖော်ဝါရီ ၁၈ – ၂၀၂၄

SN (VOM)

လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ ပိုများနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။

ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ ဈေးနှုန်း ကွာဟချက်တွေကြောင့် အရောင်းထက် အငှားဈေးကွက် ပိုသွက်နေခြင်းဖြစ်သလို လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်လိုသူတွေဟာ များသောအားဖြင့် ရန်ကုန်ဘက်ကို လာရောက် နေထိုင်ကြတဲ့အတွက် အငှားဈေးကွက် ပိုဖြစ်နေတာလို့ သိရပါတယ်။

“အခုက နယ်တွေကနေ ဒီဘက်ကို တိုက်ပွဲရှောင်လာတဲ့ သူတွေများလာတယ်။ ဒါ့ကြောင့် လုံးချင်းအိမ်တွေ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေ အငှားများနေတယ်။ အရောင်းကတော့ မရှိသလောက်ပဲ။ ဒီအချိန်မှာ အရောင်းဖြစ်နေတာက မြေကွက်တွေပဲရှိတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။

လက်ရှိ အိမ်ခြံမြေ ဈေးကွက်အတွင်း မြေကွက် အရောင်းအဝယ်တွေ ပိုဖြစ်နေတာမှာ ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) စတဲ့ လေးမြို့နယ်ထဲမှာ ဒဂုံအရှေ့ပိုင်း ‌၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ်ကွက်တွေက မြေကွက်အလွတ်တွေ ပိုပြီး အရောင်းအဝယ် ဖြစ်နေကာ ပေ (၄၀X၆၀) ကို ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

အရင်က ရန်ကုန်မြို့စွန်ရှိ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ရှိတဲ့ မြေကွက်ကျယ်တွေဟာ လက်ရှိမှာ ကျပ်သိန်း ၃၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိနေပြီး လမ်းမတန်းနဲ့ အနီးတဝိုက် မြေကွက်တွေကတော့ ကျပ်သိန်း သောင်းဂဏန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

မြန်မာ့ အိမ်ခြံမြေဈေးကွက်ဟာ ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေး ဖောင်းပွမှုတွေပေါ်မှာ သက်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။

ဘဏ်မှာငွေထုတ်ယူမှု အခက်အခဲတွေ၊ နိုင်ငံရေး အခြေအနေတွေကြောင့် လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှစတင်ကာ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့သလို အိမ်ခြံမြေ ဝယ်ယူမှုဟာလည်း နှစ်နှစ်ဆက်တိုက် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Photo Crd : Original Uploader

 

 

Related posts

Leave a Comment

VOM News

FREE
VIEW