ထိုင်းကို တရားမဝင်လာတဲ့ မြန်မာတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် သတိပေး

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာရောက်တဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရာက်သာ သာဗီဆင်က သတိပေးပြောဆိုလိုက်ပါတယ်။

လာမယ့် ဧပြီလကစပြီး အသက်ပြည့်မီတဲ့သူတွေအနေနဲ့ စစ်မှုထမ်းရမယ်လို့ မြန်မာအာဏာပိုင်တွေက ထုတ်ပြန်ကြေညာပြီးနောက် ထိုင်းနိုင်ငံကို သွားရောက်ခွင့်ဗီဇာလျှောက်ထားမှုတွေ သိသိသာသာမြင့်တက်လာချိန်မှာ ထိုင်းဝန်ကြီးချုပ်က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

“သူတို့တရားဝင်လာတယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် တရားမဝင်လာရောက်ခဲ့မယ်ဆိုရင်တော့ ဥပဒေအရအရေးယူသွားမှာဖြစ်ပြီး ဒီကိစ္စကို လုံခြုံရေး အေဂျင်စီတွေနဲ့ ဆွေးနွေးညှိနှိုင်းထားတယ်” လို့ ထိုင်းဝန်ကြီးချုပ် သာဗီဆင်က ပြောပါတယ်။

အခုလို လာရောက်မှုတွေကြောင့် ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို မြန်မာရွှေ့ပြောင်းလုပ်သားတွေက လုယူခံရမှာကို စိုးရိမ်နေတဲ့အပေါ်လည်း ကိုင်တွယ်ဖြေရှင်းနေတယ်လို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁ ရာခိုင်နှုန်းအောက်မှာသာရှိနေပြီး ထိုင်းနိုင်ငံမှာ သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ကိုက်ညီတဲ့ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားအများအပြား လိုအပ်နေသေးကြောင်း ထိုင်းဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်ဖို့ ဗီဇာလျှောက်ထားမှုတွေ များပြားလွန်းတာကြောင့် ရန်ကုန်ရှိ ထိုင်းသံရုံးဟာ ဗီဇာလျှောက်ထားသူ တနေ့ကို လူ ၄၀၀ သာလက်ခံမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့ရပါတယ်။

Ref:Bangkok Post
Photo: AP

Related posts

Leave a Comment

VOM News

FREE
VIEW