မင်းပြားရှိ နစကရဲ့ တိုင်းဗဟို (၉) ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ဖေဖော်ဝါရီ ၂၁ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ နစကရဲ့ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့ AA က မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ ညပိုင်းမှာ သတင်းထုန်ပြန်ထားပါတယ်။

သင်တန်းကျောင်းဟာ မင်းပြားမြို့နယ်၊ ကမ်းနီနဲ့ မေလွန်းကျေးရွာအနီး တည်ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ကာ AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲကတော့ ပြင်းထန်နေတုန်းပဲ။ မင်းပြားမှာ AA သိမ်းဖို့က ဒီကျောင်းတကျောင်းပဲ ကျန်တော့တာလေ။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာဆိုတော့ ဒီနေ့နဲ့ဆို ၅ ရက်ရှိနေပြီ။ အဲ့ဒီ့စခန်းက မင်းပြားမြို့နဲ့ဆို နည်းနည်းတော့ ဝေးတယ်။ အမ်း-ရန်ကုန် အဝေးပြေးလမ်းပေါ်မှာရှိတာ။ ဒေသခံတွေကတော့ မြို့ပေါ်ရော၊ ရွာတွေထဲမှာရော မနေရဲကြလို့ နီးစပ်ရာ ဘေးလွတ်တဲ့ရွာတွေဆီ တိမ်းရှောင်နေကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

မင်းပြားမြို့အခြေစိုက် နစကရဲ့ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ (၂) ခမရ (၃၇၉)၊ ခမရ (၃၈၀) နဲ့ ခမရ (၅၄၁) တို့ကို AA က အပြီးသတ် သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း မီးကျောက်တွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန် ပြသခဲ့ပါတယ်။

မင်းပြားမြို့၊ ကျိန်းတောင်ရှိ လက်နက်ကြီးကုန်းကိုလည်း AA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ခမရ (၃၈၀) တပ်ရင်းကို ထပ်မံသိမ်းပိုက်ကာ ကျန်ရှိနေတဲ့ ခမရ (၃၇၉) နဲ့ ခမရ (၅၄၁) တပ်ရင်းတို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထပ်မံ သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

နစကတပ်ဘက်က မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နေ့လယ် ၁ နာရီ ၅၅ မိနစ်မှာ ဂျက်တိုက်လေယာဉ်တစီးနဲ့ ရမ်းဗြဲမြို့နဲ့ အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပေါင် ၅၀၀ ကဲ့သို့သော ဗုံးတွေ ကြဲချခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ AA အနေနဲ့ နစကရဲ့ လူအင်အား ၁၀၀ အောက်ရှိတဲ့ စခန်းတွေကို တပတ်အတွင်း သိမ်းပိုက်ရယူနိုင်ခဲ့သလို တချို့သော စခန်းတွေကိုလည်း ရက်ပိုင်းမျှသာ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြင့် သိမ်းပိုက်ရယူနိုင်တဲ့အထိ ထိုးစစ်စွမ်းဆောင်ရည် အမြင့်ဆုံး အနေအထားကို ရောက်ရှိနေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မနေ့၊ ဖေဖော်ဝါရီ ၂၀ ရက်၊ မနက်ပိုင်း ၉ နာရီခန့်၊ နေ့လည် ၁ နာရီခန့်နဲ့ ညနေ ၅ နာရီခန့်တို့မှာ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း (၉) (ကမ်းနီ) လေ့ကျင့်ရေးကျောင်း အနီးရှိ လုံခြုံရေးကင်းစခန်းတွေကို AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးတွေနဲ့ အဝေးက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ကြီး ပစ်ကူတွေ၊ လေယာဉ်ပစ်ကူတွေနဲ့ ရန်သူစုဖွဲ့နေတဲ့ နေရာတွေကို ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့တဲ့အတွက် သောင်းကျန်းသူတွေ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း မနေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်က အဲ့ဒီ့မြို့ရှိ နယ်မြေခံတပ်ရင်းဖြစ်တဲ့ ၅၅၀ တပ်ကို AA အကြမ်းဖက်အဖွဲ့မှ ရွာသားတွေ နေထိုင်မှုမရှိတော့တဲ့ လက်ဝဲစာတိုက် ရွာထဲမှနေပြီး လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်စစ်ကြောင်းတွေက အဲ့ဒီ့နေရာတွေဆီကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သလို လေကြောင်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ နစကရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်လက်ပြီး ဘူးသီးတောင်မြို့နယ်မှာလည်း မနေ့ ညနေ ၃ နာရီခန့်က ခမောင်းဆိပ်စခန်းကို AA အကြမ်းဖက်အဖွဲ့က လာရောက်ပစ်ခတ် တိုက်ခိုက်တာကြောင့် နှစ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သားတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အပြင်းအထန် ပြန်လည်ခုခံ တိုက်ခိုက်မှုကြောင့် သောင်းကျန်းသူတွေ သေဆုံး/ဒဏ်ရာရ များစွာနဲ့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြတယ်လို့ ဖော်ပြထားပါတယ်။

AA အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး နှစ်ဖက်အပစ်ရပ် ငြိမ်းချမ်းရေးဆောင်ရွက်မှုကို ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့/ရွာတွေကို PDF အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခြင်း၊ အများပြည်သူနေထိုင်ရာ နေရာတွေ၊ ဈေးတွေကို Drop Boom တွေကြဲကာ မီးရှိဖျက်ဆီးခြင်း၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ခြင်း၊ လူသစ် အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်တွေကို ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရ တက်ခိုင်းပြီး သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်ခြင်း စတဲ့ အကြမ်းဖက်မှုတွေကို နေ့စဉ် လုပ်ဆောင်လျက် ရှိနေတယ်လို့ နစက က သတင်းထုတ်ပြန်ထားပါတယ်။

Photo Crd :Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW